သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသရှိ စစ်ရှောင် (၂၀၀) ဝန်းကျင်သည် ယခုကာလတွင် နေထိုင်ရန်အတွက် အခက်ခဲရှိသဖြင့် အလှူရှင်လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။
ဖယ်ခုံမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတပ်ဖွဲ့ များ မကြာခဏ တိုက်ပွဲဖြစ်ပွား မှုကြောင့် လွယ်ပေါကျေးရွာနှင့် မခေခမ်းကျေးရွာမှ စစ်ရှောင်များသည် မေလပိုင်းမှစပြီး ပုံးအင်းဒေသတွင် ရောက်ရှိလာကြောင်း စစ်ရှောင်များကို ကူညီစောင့်ရှောက်ရေးကော်မတီမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“အခုစာရင်းရထားတဲ့သမျှတော့ စစ်ရှောင်ဦးရေ (၂၀၀) ဝန်းကျင်လောက်ရှိတယ်။ တချို့လည်း သူတို့ ဆွေမျိုးတွေနဲ့ နေကြတယ်။ စစ်ရှောင်တွေအတွက်က နေရာအတိအကျမရှိဘူး။ အဆင်ပြေသလိုပဲ နေကြရတာ “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ပုံးအင်းမှ စစ်ရှောင်ဦးရေ (၂၀၀) ဝန်းကျင်သည် ကျောင်းချယ်၊ ဘန်းယဥ်၊ ကွန်နား၊ နောင်မွန် နှင့် ပုံးအင်းဒေသတွင် မေလပိုင်းမှစပြီး စစ်ရှောင်လာကြပေမယ့် ယခုလက်ရှိအချိန်ထိ နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရသည်။
ဘန်းယဉ်ကျေးရွာအုပ်စု ကုန်းလမ်းကျေးရွာတွင် စစ်ရှောင်ဦးရေ (၃၀) ကျော်သည် အမျိုးသမီးနှင့် ကလေးငယ် များဖြစ်ပြီး ယခုကာလတွင် စားနပ်ရိက္ခာများအတွက် လိုအပ်နေကြောင်း ကုန်းလမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အခုစစ်ရှောင်လာတဲ့သူတွေက အမျိုးသမီးနဲ့ ကလေးငယ်တွေများတယ်။ အစားအသောက်တွေတော့ ကျနော်တို့ ရွာသားတွေ ချက်ပြုတ်ကျွေးတာပေါ့။ အလှူရှင်က မရှိဘူး၊ အခုကြာလာတော့ အခက်ခဲရှိပါတယ်။ တချို့လည်း နေ့စားလုပ်ကြတယ်။ နေထိုင်ဖို့အတွက်တော့ မိသားစုဝင်နည်းတဲ့နေအိမ်တွေမှာ နေရတယ် “ ဟု ၎င်းအမျိုးသား တစ်ဦး ကပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၂၄ ရက် ညနေပိုင်းတွင် လွယ်ပေါမှ စစ်ရှောင် အမျိုးသားတစ်ဦးသည် နေရပ်သို့ ပြန်သွားရာ စစ်ကောင်စီ၏ တဖတ်သတ် လက်နက်ပစ်ခတ်မှုကြောင့် လက်မောင်းတွင် ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။











Leave a Comments