Saturday, April 20, 2024

ပုံပါကျင်မြို့အတွင်း ရေကြီးမှုကြောင့် ပြည်သူများ ခက်ခဲနေ၊ အစိုးရ အကူအညီမပေး

Must read

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ မဲကင်ကျေးရွာအုပ်စုထဲတွင် မိုးရေကြီးမှုကြောင့်ပြည်သူများ နေအိမ်ပျက်စီးသွားပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။

ထိုသို့ ခက်ခဲမှုကြောင့် သက်ဆိုင်ရာ အစိုးရဘက်မှ လာရောက်ကူညီပေးခြင်းမရှိဘဲ မိုင်းတုံမြို့နယ် ပြည်သူများက ဝိုင်းဝန်း သွားရောက်ကူညီပေးနေကြောင်း သိရသည်။

“အခုချိန်ထိတော့ ကျနော်တို့ ဘက်က ဘယ်အစိုးရမှ လာကူညီပေးတာမရှိဘူး။ ဟိုတလောက မိုင်းကျွတ်ကို ခနသွားကြည့်ပြီး ကူပေးတာတော့ရှိတယ်။ သူတို့ တံတားကို ခနလာပြင်သွားတာ” ဟု ပုံပါကျင်မြို့ဒေသခံ တစ်ဦးက ပြောသည်။

ပုံပါကျင်မြို့ ရေဘေးသင့် ပြည်သူများ ခက်ခဲနေ

အဆိုပါ မိုးရေကြီးမှုကြောင့် ပုံပါကျင်မြို့နယ် မိုင်းဟန်ကျေးရွာအုပ်စုထဲတွင်နေအိမ် ၉၀ လောက်ပြည်သူများ စားဝတ်နေရေးခက်ခဲကြောင်း သိရသည်။

ထိုသို့ခက်ခဲမှုကြောင့် မိုင်းတုံမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုတို့သည် မြို့တွင်း အလှူခံပြီး ထိုရေဘေးဒုက္ခသည် များကို ဆန်၊ ဆီ၊ ဆားတို့ကို ကူညီပေးခဲ့ကြောင်း သိရသည်။

“ရှမ်းစာပေ နှင့် ယဉ်ကျေးမှု နဲ့ ပြည်သူတွေက အလှူငွေကောက်ခံပြီးတော့ လာကူညီပေးတာ။ ပြီးတော့ ရှိထားတဲ့ ရန်ပုံငွေ နဲ့ အလှူငွေတွေပေါင်းပြီးတော့ ဆန်၊ ဆီ၊ ဆားတွေ လှူပေးတာ။ ရေဘေးသင့်တဲ့ အိမ်က (၉၀) လောက်ရှိတယ်” ဟု ပုံပါကျင်မြို့အတွင်း နေထိုင်သူက ပြောသည်။

မိုင်းတုံမြို့နယ် ပုံပါကျင်မြို့အတွင်း ရေကြီးမှုကြောင့် ပျက်ဆီးမှုများသည့် ကျေးရွာများသည် မဲကင်၊ မိုင်းဟန်၊ နားကောင်းမူး၊ ဝမ်လုံ၊ နားခါး၊ ပုံပါကျင်၊ မိုင်းကျွတ်ကျေးရွာတို့ဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article