နောင်ချိုမြို့ ဒေသခံ (၂) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွား

0

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒေသခံ (၂) ဦးကို စစ်ကောင်စီက PDF ကိုထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ် (၇) ရက်နေ့တွင် စစ်ကောင်စီက စားသောက်ဆိုင်ပိုင်ရှင် (၂) ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

“လွန်ခဲ့တဲ့ (၃) ရက်လောက်က စားသောက်ဆိုင် ပိုင်ရှင် (၂) ယောက်ကိုလာဖမ်းသွားတာ။ အခုချိန်ထိတော့ ပြန်လွတ်လာပေးတာမရှိဘူး။ PDF ကိုထောက်ပံ့တယ်လို့ ပြောပြီးတော့ ဖမ်းသွားတယ်တဲ့။ ဘယ်နားကို ဖမ်းခေါ်သွားလဲမသိရသေးဘူး” ဟု နောင်ချိုမြို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ယခု ဩဂုတ်လအတွင်း နောင်ချိုမြို့တွင် စစ်ကောင်စီ PDF ပတ်သက်သူများနှင့် ကွင်းဆက်များကို ဖမ်းပြီးစစ်ဆေးနေလျက်ရှိကြောင်းသိရသည်။

“ဖမ်းခံရတာတော့ကြားတယ်။ ဘယ်သူတွေ ဘာကြောင့်ဖမ်းသွားလဲတော့မသိဘူး။ သူတို့ PDF နဲ့ပတ်သက်တဲ့ ကွင်းဆက်တွေကို ဖမ်းဆီးနေတယ်လို့ပဲကြားတယ်” ဟု နောင်ချိုမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နောင်ချိုမြို့

ထိုအပြင် စစ်ကောင်စီ သည် နောင်ချိုမြို့အတွင်း ငွေကြေးချမ်းသားသူ စီးပွားရေးကောင်းမွန်သူတို့ကို ပိုပြီးဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ထိုကြောင့် နောင်ချိုမြို့တွင် ငွေကြေးချမ်းသာသူများတစ်ချို့ နေအိမ်တွင် လာမအိပ်ရဲကြောင်းသိရသည်။

“ နောင်ချိုမှာ ပိုက်ဆံရှိတဲ့သူတွေက အိမ်မှာမလာအိပ်ရဲကြဘူး။ တစ်ခြားနေရာသွားနေကြတယ်။ စစ်ကောင်စီက ပိုက်ဆံရှိတဲ့သူတွေကို လိုက်ဖမ်းနေတာလေ။ ဟိုနေ့ကတောင် ထမင်းဆိုင်က ပိုင်ရှင် ၂ ယောက်ဖမ်းခံရတယ်” ဟု နောင်ချိုမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သြဂုတ် ၁ရက်နေ့ တွင်လည်း စစ်ကောင်စီမှ နောင်ချိုဒေသခံ ၁၄ ဦးထက် မနည်း ဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီး ထိုဖမ်းခံရသူများသည် နောင်ချိုမြို့မှ ငွေကြေး ချမ်းသာသူများသာဖြစ်ကြောင်း သိရသည်။

စစ်တပ်က အာဏာ ၁ နှစ်ကျော်သိမ်းလာပြီးနောက်ပိုင်း ပြည်သူ (၂,၁၇၁) ဦးသတ်ဖြတ်ခံရပြီး ပြည်သူ (၁၁,၉၇၇) ဦးဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယမန်နေ့ ဩဂုတ် (၉) ရက် ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments