Wednesday, May 8, 2024

ပင်းတယမြို့နယ် စစ်ကောင်စီ မှ ဖမ်းဆီးထားသူ (၅၀) ဦးကျော်ရှိ

Must read

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်း CDM ဝန်ထမ်း နှင့် ပြည်သူတို့ စုစုပေါင်း (၅၀) ဦးကျော် ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအများအပြား ဖမ်းဆီးခံထားရပြီး ပင်းတယမြို့နယ်တွင် CDM ဝန်ထမ်း အများစုဖမ်းဆီးခံထားရကြောင်း သိရသည်။

“ပင်းတယမှာက ဖမ်းဆီးခံထားရတာ အကြမ်းအားဖြင့် ဆိုရင်တော့ (၅၀) ကျော်လောက်ရှိတယ်။ သူတို့က ဖမ်းလိုက် ပြန်လွတ်လိုက်ပဲ။ ဖမ်းပြီး စစ်ဆေးပြီးတော့ ပြန်လွှတ်တာမျိုးရှိပါတယ်။ အခုချိန်ထိတော့ ဘယ်နှစ်ယောက် ဖမ်းခံထားရလဲတော့ ကျနော်တို့လည်း အသေးစိတ်မသိရတော့ဘူး” ဟု ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပင်းတယမြို့

အလားတူ ပြီးခဲ့သည့် ဩဂုတ် ၃ ရက်တွင် တောင်ပေါ်ကြီးကျေးရွာအုပ်စု မာဖာကျေးရွာက CDM အမျိုးသား ဝန်ထမ်းတစ်ဦးကို ကား ၄ စီးဖြင့် လာရောက်ဖမ်းဆီးသွားပြီး လက်ရှိမှာ ပြန်လွှတ်လာခဲ့ကြောင်း ဒေသခံ ပြောပြချက်အရသိရသည်။

“ ဒီလ ၃ ရက်နေ့က ဖမ်းခေါ်သွားတာ။ ဘာကြောင့် ဖမ်းလဲတော့မသိဘူး။ အခုတော့ ပြန်လွှတ်လာပြီလို့ကြားတယ်။ CDM ကျောင်းဝန်ထမ်းလို့ပြောတယ်” ဟု ပင်းတယမြို့ အမျိုးသားတစ်ဦးကပြောသည်။

ပင်းတယမြို့နယ်တွင် စစ်ကောင်စီက ပြည်သူများကိုဖမ်းဆီးသွားပြီး တစ်ချို့ကို ပြန်လွှတ်ပေးသော်လည်း CDM ဝန်ထမ်း အများစုကို ဖမ်းဆီးထားလျက်ရှိကြောင်းသိရသည်။

“ သူတို့က ဖမ်းလိုက်၊ လွှတ်လိုက်ပါပဲ။ အခုထိ ဖမ်းထားတာ ဘယ်နှစ်ယောက်ရှိလဲတောင်မသိတော့ဘူး။ အများစု ဖမ်းခံထားရတဲ့သူတွေက CDM ဝန်ထမ်း တွေပဲများတယ်။ တစ်ချို့က သူတို့ စစ်ဆေးပြီးတော့ ပြန်လွှတ်လာပေးတာ” ဟု အထက်ပါ ပင်းတယမြို့ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း ပြည်သူ (၂,၁၅၈) ဦး သတ်ဖြတ်ခံရပြီး ပြည်သူ (၁၅,၀၂၂) ဦး ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ဩဂုတ် ၅ ရက်နေ့က ထုတ်ပြန်ထားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article