Friday, April 19, 2024

ဖယ်ခုံ စစ်ကောင်စီ လက်နက်ရမ်းသမ်းပစ်ခတ် နာရေးအိမ်မှ အသက် (၇၀)ကျော် အမျိုးသားသေဆုံး

Must read

သျှမ်းတောင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများ လက်နက်ရမ်းသမ်းပစ်ခတ်မှုကြောင့် နာရေးပြုလုပ်သည့် နေအိမ်မှ အသက် (၇၀)ကျော် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံ မှ ကျည်ထိမှန်သေဆုံးသွားသည့် အမျိုးသား

ယမန်နေ့ (သြဂုတ် ၅)ရက် ည ၉နာရီကျော်တွင် ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ရမ်းသမ်းပစ်ခတ် သဖြင့် နာရေးပြုလုပ်နေသည့် နေအိမ်မှ အသက် (၇၀)အရွယ်ရှိ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဖယ်ခုံဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အဲ့နေရာက တိုက်ပွဲမရှိဘူး။ စစ်တပ်က တဖက်သတ်ပစ်တာ။ ဖြစ်ချင်တော့ နာရေးအိမ်က အဘိုးအိုကို လက်နက်ကြီးစထိပြီးပွဲချင်းပြီး သေသွားတယ်။ နေ့လည်ပိုင်းက သူ့ရဲ့ အမျိုးသမီးက လူကြီးရောဂါနဲ့ဆုံးသွားတယ်။ တရက်တည်း ၂ယောက်လုံး နာရေးအတူတူ လုပ်လိုက်ရတယ်” ဟု ဖယ်ခုံဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားသည့် အမျိုးသား၏ ဇနီးသည် ယမန်နေ့ ( သြဂုတ် ၅) ရက် နေ့လည်ပိုင်း တွင်လူကြီးရောဂါဖြင့် ဆုံးပါးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) က ထုတ်ပြန်ထားသည်။

ကျည်ထိမှန်သေဆုံးသွားသည့်အမျိုးသား

ယမန်နေ့တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲမရှိကြောင်း၊ စစ်ကောင်စီဘက်မှ ညချိန်တဖက်သတ် ပစ်ခတ်နေခြင်းဖြစ်ကြောင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) က ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ စစ်တပ်က ဒီလို ရမ်းသမ်းပစ်တဲ့အတွက် ဒေသခံတချို့ကတော့ တခြားနေရာ စစ်ရှောင်သွားတယ်။ တချို့ကျတော့ရွာ ထဲမှာရှိသေးတယ်။” ဟု ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီတပ်မှ လူမဆန် လုပ်ရပ်များကို အချိန်မရွေး ပြုလုပ်‌နေသဖြင့် ပြည်သူများ လုံခြုံရေး အမြဲ သတိရှိကြရန် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၂) က အသိပေးထားသည်။

ဖယ်ခုံမြို့နယ် ဇူလိုင်လ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ ဦးကျော် သေဆုံးကြောင်း သျှမ်းတောင် အမှတ်(၁၀၀၈) တပ်ရင်းက သြဂုတ်လ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article