Saturday, July 13, 2024

ပြင်ဦးလွင်ရေကြီးမှု နေအိမ်များပျက်စီး

Must read

ပြင်ဦးလွင်မြို့တွင် မိုးနှစ်ရက်ဆက်တိုက် ပြင်းထန်စွာ ရွာသွန်းသောကြောင့် နေအိမ်အတွင်းသို့ ရေများစီးဝင်နေကာ မြေနိမ့်ပိုင်း နေအိမ်များပျက်စီးမှုများကြောင်း စုံစမ်းသိရသည်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ယမန်နေ့ ဇူလိုင် (၃၁) ရက် နံနက် ၁၀ နာရီကျော်တွင် ပြင်ဦးလွင်မြို့တွင် တကြိမ်တခါမျှ မကြုံဖူးသည့် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး နေအိမ်များထဲသို့ ရေများဝင်ကာ ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်း ပြင်ဦးလွင် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ရေကျသွားတဲ့ မြင်ကွင်း

ယနေ့ သြဂုတ် (၁) ရက် မိုးလင်းချိန်တွင် မိုးရေများပြန်ကျသွားပြီး မြေနိမ့်ပိုင်း နှင့် တချို့နေအိမ်များ၏ အုတ်တံတိုင်းများ ၊ ပြည်သူပိုင်ပစ္စည်းများ ပျက်စီးမှုများကြောင်း သိရသည်။

“ဒီလောက်ရေကြီးတာတော့ ပထမဆုံးပဲ၊ အိမ်ကအဖေ အသက် (၆၀) ပြည့်တာတောင် ဒီလိုတစ်ခါမှ မမြင်ဖူးဘူး။ ရေကအိမ်ထဲကို ဝင်တာတော့ နေအိမ်က ပစ္စည်းတွေ ရေထဲပါသွားတာ အများကြီးပဲ၊ အဓိက ရေမြုပ်တဲ့ အိမ်တော်တော်များများက ဒီ ဂဲတောင်းချောင်းရေ ဘယ်၊ ညာ အိမ်ခြေတွေ တော်တော်များများ ရေကြီးဒဏ်ကို ခံစားရတယ် “ ဟု ၎င်းအမျိုးသား တစ်ဦးက ပြောသည်။

ရေကျသွားတဲ့ မြင်ကွင်း

အဆိုပါ မိုးရေများ ကျဆင်းသွားသဖြင့် လူမှုကူညီရေးအသင်းမှ ထမင်း၊ ရေ များကို လိုက်ဝေပြီး ရေတွင်းထဲတွင် ရှိသော ကလိုးရင်း များကို လာရောက်ခတ်ပေးကြောင်းလည်း သိရသည်။

ထိုသို့ ပြင်ဦးလွင်မြို့တွင် လူနေအိမ်များ ပေါများလာပြီး သစ်တောပြုန်းတီးမှုကြောင့် ယခုကဲ့သို့ ရေကြီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ရာသီဥတုကြောင့် မိုးကအဆက်မပြတ်ရွာတာရယ် ၊ မေမြို့မှာ လူတွေအရမ်းပေါလာတော့ အိမ်သစ်ဆောက်တာတွေ သစ်တောတွေ ပြုန်းတီးတာ၊ အခု မေမြို့မှာ တိုက်တာအဆောက်အအုံတွေ များလာတယ်။ အိမ်တွေမှာ တမံတလင်းတွေခင်းလာတော့ အိမ်ထဲမှာ ရေတွေကတော်တော်မကျဘူး ၊ပြီးတော့ အမှိုက်ကို စနစ်တကျ စွန့်ပစ်ဖို့လိုပါတယ် “ ဟု ၎င်းက ပြောသည်။

ပြင်ဦးလွင်မြို့တွင် သစ်တောများကိုခုတ်ကာ မြေကွက်ရိုက်ပြီး ရောင်းချလာသည့်အတွက် ယခုလို မိုးသည်းထန်စွာရွာသွန်းပါက ရေကြီးရေလျှံမှု ဆက်တိုက်ဖြစ်လာနိုင်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article