Friday, May 3, 2024

မိုးဗြဲဒေသခံ အမျိုးသားတစ်ဦး လွိုင်ကော် ဆေးရုံ အပြန်လမ်းပျောက်ဆုံးနေ

Must read

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ဒေသခံ အမျိုးသားတစ်ဦး လွိုင်ကော် ဆေးရုံသို့သွားပြပြီး အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဇူလိုင် ၁၉ ရက်တွင် မိုးဗြဲဒေသခံ အသက် (၂၅) နှစ်အရွယ်ရှိ ခွန်လေး သည် အဆုတ်ရေဝင်၍ ဆေးရုံရက်ချိန်းသွားပြပြီး တည်းခိုခန်းသို့ ပြန်လာစဥ် လမ်းတွင် ပျောက်ဆုံးသွားကြောင်း သိရသည်။

“သူကလွိုင်ကော်ဆေးရုံမှာ ဆေးသွားပြတာ။ ၁၉ ရက်နေ့က သွားပြတာ။ သွားပြပြီးတော့ ဆေးရုံအပြန်မှာ တည်းခိုခန်းမရောက်လာပဲ လမ်းမှာပျောက်သွားတာ။ ဘယ်သူခေါ်သွားလဲတော့ မသိဘူး” ဟု မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုးဗြဲမြို့နယ်သည် pdf နှင့် စစ်ကောင်စီ တို့ တိုက်ပွဲပြင်းထန်သည့် နေရာဒေသဖြစ်သည်။

အလားတူ ထိုနေ့တွင် လွိုင်ကော်မြို့ နောင်ယားကန်တွင် စစ်ကောင်စီက စစ်ဆေးမှုပြုလုပ်နေပြီး ပြည်သူတစ်ဦးက အနီးကပ်ပစ်သတ်ခဲ့ကြောင်း ဒေသခံထံ သိရသည်။

လက်ရှိမှာ ထိုပျောက်ဆုံးသွားသည့် လူငယ်သည် စစ်ကောင်စီက သတ်ဖြတ်လိုက်သည် ဟုတ်၊မဟုတ်ကြောင်း ကို စုံစမ်းနေကြောင်း ဒေသခံများက ပြောသည်။

“ အဲ့နေ့မှာ သူတို့ နောင်ယားကန်မှာ စစ်ကောင်စီက စစ်ဆေးမှုတွေလုပ်နေတာ။ ပြီးတော့ အဲ့နေ့မှာ သူတို့ပြည်သူတစ်ဦး က ပစ်ခတ်ခဲ့တယ်။ ဘယ်သူကိုပစ်သတ်ခဲ့တာလည်း မသိရဘူး။ အခုလည်း ကျနော်တို့ စုံစမ်းနေတယ်။ မိုးဗြဲက လူငယ်ဟုတ်မဟုတ်တော့ ကျနော်တို့လည်း မသိရသေးဘူး” ဟု မိုးဗြဲမြို့စစ်ဘေးရှောင် ကူညီပေးသည့် သူက ပြောသည်။

ထိုကိစ္စနှင့် ပတ်သတ်ပြီး ခွန်လေး၏မိသားစုဝင်များက စိုးရိမ်စိတ်ပူနေကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း ပြည်သူ (၂၀၉၉) ဦး သတ်ဖြတ်ခံခဲ့ရပြီး (၁၁၇၄၃) ဦး ဖမ်းဆီးခံရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများကို ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ယမန်နေ့ ဇူလိုင် (၂၀) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article