သျှမ်းပြည် ဇွန်လအတွင်း ကျား – မ အခြေပြု အကြမ်းဖက်မှု (၁၀) မှု ရှိပြီး အများစုမှာ အိမ်တွင်းအကြမ်းဖက်မှု နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ကြောင်း SWANမှ ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်သည် ဇူလိုင် (၁၁) ရက်တွင် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) မှ ဇွန်လအတွင်း သျှမ်းပြည်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု (၁၀) မှု ရှိခဲ့ကြောင်း ရေးသားထားသည်။
“အမျိုးသမီးတွေက အိမ်တွင်းအကြမ်းဖက်မှု နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံနေရချိန်မှာ မျှတတဲ့တရားစီရင်မှုက မရှိဘူး။ အိမ်တွင်းအကြမ်းဖက်မှု ပြဿနာဖြစ်လာပြီးဆိုရင် အမျိုးသမီးမလို့ အလေးထားတာမရှိဘူး။ အိမ်တွင်းရေးကိစ္စ ဓလေ့ထုံးတမ်းစဥ်အရလို့ပဲ သတ်မှတ်ကြတယ်” ဟု SWAN မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဇွန်လ အတွင်း သျှမ်းပြည်တွင်းရှိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၃) မှုရှိပြီး ၄င်း (၃) မှုမှာ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် နှင့် လင်းခေးမြို့နယ် တို့ဖြစ်ကြကြောင်း သိရှိရသည်။
အိမ်တွင်းအကြမ်းဖက်မှုများတွင်လည်း (၃) မှုရှိပြီး ၄င်းတို့မှာ နောင်ချိုနယ်၊ သီပေါမြို့နယ် နှင့် သိန္ဒီမြို့နယ် တို့ဖြစ်ကြသည်။
ထိုအကြမ်းဖက်မှု ကျုးလွန်သူများသည် စစ်ကောင်စီလက်အောက်ခံ စစ်သားများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ PNO/PNA များဖြစ်ကြောင်း SWAN ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။