ဆယ်ပေ ပတ်လည်ခန့် ရှိသော အခန်းကျဉ်းကလေးထဲတွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ခေါင်းလေးတမျှော်မျှော်၊ လည်လေးတဆန့်ဆန့်ဖြင့် ဖခင်အိမ်ပြန်အလာကို စောင့်မျှော်လျက် ရှိလေသည်။
“သူ့အဖေက ညတိုင်းလိုလို အပြင်မှာအရက်သွားသောက်၊ မနက်ဆိုလည်း အိမ်ပြန်မရောက်လာဘူး။ တစ်ခါတစ်လေ သမီးကို ကျောင်းပို့ပေးမယ့်သူမရှိ၊ သမီးလည်း ကျောင်းမသွားရဘူး” ဟု မိခင်ဖြစ်သူ နန်းဖြူလင်းက ဝမ်းနည်းစွာဖြင့် ပြောပြလာသည်။
အသက် ၃၀ နှစ်အရွယ် ရှိသည့် နန်းဖြူလင်းသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမား တစ်ဦး ဖြစ်သည်။
နန်းဖြူလင်းအနေဖြင့် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေရသည်မှာ မလွယ်လှ။ အလေးချိန် ၄၀ ကီလိုခန့် ရှိသော ဝက်သား၊ ကြက်သားနှင့် ဝက်အူချောင်းတွေကို မီးကင်ပြီး၊ အကင်ရောင်းရသည့် အလုပ်ကို မိုးမလင်ခင် နံနက် ၃ နာရီကတည်းက ထပြီး သွားလုပ်ရသည်။
ထိုအလုပ်ကို တစ်နေ့လျှင် နံနက် ၃ နာရီမှ ၁၀ နာရီအထိ တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ တစ်ကြိမ် စုစုပေါင်း ၁၀ နာရီကျော်ကြာ လုပ်ရသည်။
ထိုကြောင့် နံနက် ၇ နာရီမတိုင်ခင်ထိ သမီးကိုကျောင်းပို့ရမည့် တာဝန်ကို နန်းဦးကတာဝန်မယူနိုင်တော့။ သူမ၏ အမျိုးသားဖြစ်သူ ကိုဖိုး(အမည်လွှဲ)က တာဝန်ယူထားရသည်။
သို့သော် နန်းဖြူလင်း၏ အမျိုးသားသည် ညလည်း အိမ်ပြန်မအိပ်၊ မနက်လည်း အိမ်ပြန်မရောက်တော့။ ညစဉ်ညတိုင်း အပြင်ထွက်ပြီး အခန်းပြန်မရောက်သောအခါ ကလေးကျောင်းပို့သည့် ပြဿနာကစပြီး တစ်စ၊ တစ်စ အိမ်ထောင်ရေး ပြဿနာ စတင်ဖြစ်လာပါတော့သည်။
နန်းဖြူလင်း၏ ဇာတိသည် သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံးအင်းဒေသက ဖြစ်သည်။ သူမ အသက် ၁၉ နှစ် အရွယ်ကတည်းက ကိုဖိုးနှင့် အိမ်ထောင်ကျခဲ့ပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်ရာမှ အဆင်မပြေသောကြောင့် ၎င်းတို့လင်မယား နှစ်ဦးသည် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာကြသည်။
ထိုင်းနိုင်ငံသို့ ရောက်ပြီး တစ်နှစ်ခန့်အကြာတွင် တစ်ဦးတည်းသော သမီးဦးကို မွေးဖွားလာခဲ့သည်။
လက်ရှိ သူတို့၏ သမီးအသက်မှာ ၁၀ နှစ် ရှိပြီဖြစ်ရာ နန်းဖြူလင်းတို့သည်လည်း ထိုင်းနိုင်ငံ၌ လာရောက် အလုပ်လုပ်ကိုင်နေသည်မှာ ၁၀ နှစ်ရှိပင် ရှိရော့မည်။
“သူများနိုင်ငံမှာ အလုပ်လာလုပ်ရတာ မလွယ်ဘူး။ နံနက် မိုးမလင်းခင်ကတည်းက အလုပ်ထသွားရတာ။ လကုန်လာရင် အခန်းခအပြင် အကြွေးဆပ်ရတာရော၊ အိမ်ကို ပိုက်ဆံပို့ရတာရော ကြိုးစားသလောက် ပိုက်ဆံမစုမိပါဘူး” ဟု နန်းဖြူလင်းက ငြီးငြူပြောဆိုနေသည်။
နန်းဖြူလင်း၏ အမျိုးသား ကိုဖိုးတစ်ယောက်က ကူဖော်လောင်ဖက်မရသည့်အပြင် နေ့စဉ်နှင့်အမျှ အရက်သောက်၊ လောင်းကစားလုပ်၊ အိမ်ထောင်ရေး ဖောက်ပြန်သည့်အထိ ဖြစ်လာရတော့သည်။

“သူက အရက်လည်းသောက်၊ လောင်းကစားလည်းလုပ်တယ်။ အဲ့လောင်းကစားကြောင့် သူ့မှာအကြွေးတင်နေတာလည်း မနည်းဘူး။ တစ်လ၊ တစ်လ အတိုးတွေဆပ်ပေးနေရတာ ဘတ် ၆ ထောင်၊ ၇ ထောင်လောက်ရှိတယ်။ ပြီးတော့ သူမှာနောက်မိန်းမလည်း ရှိသေးတယ်။ စစချင်းသိတော့ ကျမဘာလုပ်ရမှန်းမသိ၊ သူ့ကိုအခန်းကနေ မောင်းထုတ်လိုက်တာပဲ” ဟု နန်းဖြူလင်းက ပြန်ပြောင်းပြောပြသည်။
နန်းဖြူလင်းအနေဖြင့် မိမိ ခင်ပွန်းတွင် အခြားမိန်းမတစ်ယောက်ရှိနေကြောင်း သိရသောအခါ အစပိုင်းတွင် “ငါဘာများ မှားသလဲ”ဟု ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်ဟု ပြောသည်။ “ဒါဟာ အိပ်မက်တစ်ခု ဖြစ်မှာပါ”ဆိုပြီး အဖြစ်မှန်ကို လက်မခံနိုင်ကြောင်း ကိုယ့်ကိုကိုယ် ဖြေသိမ့်နေရသည်။
ထိုမတိုင်ခင်ကတည်းက နန်းဖြူလင်းနှင့် ကိုဖိုးတို့ မကြာခဏ စကားများအငြင်းပွားမှုများရှိခဲ့ရာမှနေ အမျိုးသားဖြစ်သူက လက်ဖြင့်ရိုက်နှက် လာသည့်အဆင့်ထိ ဖြစ်လာခဲ့သည်ဟု ပြောသည်။
“အစကတော့ စကားပဲများတာ၊ နောက်ပိုင်းမှာ ရိုက်တဲ့အထိဖြစ်လာတယ်” ဟု နန်းဖြူလင်းတစ်ယောက် စိတ်မကောင်းစွာနှင့် ပြောလာပါသည်။
နန်းဖြူလင်း တစ်ယောက်အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရသော်လည်း အမျိုးသားနှင့် လမ်းခွဲရန် အကြိမ်ကြိမ်ကြိုးစားရာ သမီးငယ်လေး၏ မျက်နှာကို ထောက်ထားပြီး ပေါင်းသင်းနေရသည်။
နန်းဖြူလင်းကဲ့သို့သော မြန်မာရွှေ့ပြောင်း အမျိုးသမီးများ အိမ်တွင်းအကြမ်းခံရသည့် ဖြစ်စဉ်မှာ ထိုင်းနိုင်ငံတွင် အများအပြား ရှိသည်ဟု အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် Map Foundation မှ မမိုင်က ပြောသည်။
“အဲ့လို အိမ်တွင်းအကြမ်ခံရတာတော့ ချင်းမိုင်မှာ တစ်လမှာ ၂ ခု၊ ၃ ခု လောက်ရှိတယ်။ ဒါက ကျမတို့ သွားကူညီရင်း ရရှိတဲ့အချက်အလက်အရပါပဲ။ အခြား အဖွဲ့အစည်းတွေလည်း သွားကူညီတာအများကြီးရှိတယ်။ များသော အားဖြင့်တော့ မုဒိမ်းမှု၊ ဘထွေးက ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ အိမ်တွင်း အကြမ်းဖက်မှုတွေ ရှိတယ်” ဟု မမိုင်က ပြောသည်။

အိမ်တွင်းအကြမ်းဖက်ခံရသည့် ဖြစ်စဉ်အများစုတွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြပြီး ထိုသို့ အကြမ်းဖက်ခံရလျှင် အမျိုးသမီးသာမက ကလေးငယ်များပါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြောင်း ဆိုသည်။
ထိုသို့ အကြမ်းဖက်ခံရသည့် ရွှေ့ပြောင်းအလုပ်သမားကိုမှု Map Foundation မှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးနေသည်ဟု မမိုင်က ပြောသည်။
အိမ်တွင်းအကြမ်းဖက်ခံရသည့် အမျိုးသမီးများအနေဖြင့်လည်း မိမိ အကြမ်းဖက်ခံရသည့် အကြောင်းကို ဖုံးကွယ်ထားခြင်း မလုပ်ဘဲ ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းများအား တိုင်ကြားရန် လိုအပ်ကြောင်း မမိုင်က ဆက်ပြောသည်။
“အိမ်ကြမ်းဖက်မှုကတော့ ဘယ်သူပဲ လုပ်လုပ်မကောင်းဘူး။ အမျိုးသမီးတွေအနေနဲ့ အဲ့လိုအကြမ်းဖက်ခံရပြီ ဆိုရင်လည်း စိတ်ထဲမှာကြိတ်မှိတ်မထားဘဲ ဖွင့်ပြောဖို့လိုတယ်။ အကူညီတောင်းဖို့ လိုတယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီပြဿနာတွေက နည်းသွားမှာမဟုတ်ဘူး” ဟု မမိုင်က ပြောသည်။
အိမ်တွင်းအကြမ်းဖက်ခြင်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လူတစ်ယောက်ကို ထိခိုက်စေလိုသော (သို့)အန္တရာယ်ရှိစေနိုင်သော ရည်ရွက်ချက်များဖြင့် အားအသုံးပြုခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အာဏာသိမ်းသည့်အချိန်မှစ၍ အိမ်တွင်းအကြမ်းဖက်မှု (၁၁၁) မှု၊ အရပ်သားမှ ကျူးလွန်သော မုဒိမ်းမှု (၁၄) မှု၊ စစ်တပ်မှ ကျူးလွန်သော မုဒိမ်းမှု (၁၆) မှု ထက်မနည်း၊ စစ်တပ်မှ ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (၃) မှု မနည်းရှိကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (WLB) က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေကြောင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များနှင့် လိင်စိတ်ကွဲပြားသူများ အပါအဝင် မည်သူတစ်ဦးတစ်ယောက်မှ လုံခြုံ၇ေး အကာအကွယ်မရှိသည့် သာမက လွန်စွာစိုးရိမ်ရသည့် အခြေအနေကို တွေ့ရသည်ဟု ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။
ကမ္ဘာတဝှမ်း၌ အမျိုးသမီးသုံးယောက်ထဲမှ တစ်ယောက်နှုန်းသည် မိမိ အိမ်ထောင်ဖက် (သို့မဟုတ်) မိသားစု တစ်ဦး (သို့မဟုတ်) တခြားသော တစ်စုံတစ်ဦး (သို့မဟုတ်) ထိုသူအားလုံးက အကြမ်းဖက်ခံရတာကို တစ်သက်မှာတစ်ကြိမ် ခံစားကြရသည်ဟုလည်း သုတေသနကိုအခြေခံပြီး ကုလသမ္မဂအမျိုးသမီးအဖွဲ့ (UN Woman) က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အချိန် ၁၀ မိနစ်တိုင်းတွင် အမျိုးသမီး တစ်ဦးသတ်ဖြတ်ခံရပြီး၊ ထိုအရာသည် အင်မတန်စိုးရိမ်စရာကောင်းသည်ဟု ကုလသမ္မဂအမျိုးသမီးအဖွဲ့ (UN Woman) က ၂၀၂၄ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အစီရင်ခံစာတစ်ခု ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်အတွင်း အမျိုးသမီးနှင့် မိန်းကလေးငယ် ၈၅,၀၀၀ (ရှစ်သောင်းခွဲ) သတ်ဖြတ်ခံရကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။ ထိုသို့ သတ်ဖြတ်ခံရသည့် အမျိုးသမီး (၆၀) ရာခိုင်နှုန်းမှာ သူ့တို့၏ အိမ်ထောင်ဖက် (သို့မဟုတ်) မိသားစုဝင် လက်ချက်ကြောင့် သေဆုံးရသည်ဖြစ်ကြောင်း သိရသည်။
ထိုကြောင့် အမျိုးသမီးအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာ အထိမ်းအမှတ်နေ့ဖြစ်သော နိုဝင်ဘာလ ၂၅ ရက်နေ့မှသည် လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တိုငအောင် ၁၆ ရက်ကြာ တက်ကြွလှုပ်ရှားမှု နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကြသည်။
ထိုကဲ့သို့ အိမ်တွင်းအကြမ်းခံရမှုနှင့် ပတ်သက်၍ ကိုယ်တိုင် ကြုံတွေ့ခံစားရသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦးဖြစ်သည့် နန်းနွတ်ကလည်း ယခုကဲ့သို့ ရင်ဖွင့်လာသည်။
“ကျမယောက်ျားတုန်းက အဲ့လိုပဲ၊ အရက်မူးလာရင် ပြဿနာလာရှာပြီ၊ ပိုက်ဆံလည်း ပုံမှန် လာမအပ်ဘူး။ အရက်သောက်၊ လောင်းကစားလုပ်၊ မိန်းမတွေနဲ့ ရှုပ်တာ။ အဲ့တုန်းကလည်း သူဖောက်ပြန်နေတာသိတော့ ကျမလည်း သူ့ကိုမောင်းထုတ်လိုက်တာပဲ” ဟု နန်းနွတ်က ရင်ဖွင့်လာသည်။
သို့ရာတွင် နန်းနွတ်တွင် ကလေးနှစ်ဦးရှိသော်လည်း ကလေးမှာကြီးပြင်ပြီ ဖြစ်သောကြောင့် စိတ်ပူစရာမလို၊ ခင်ပွန်း၏အကြွေးတွေလည်း ဆပ်မစရာလိုတော့။ ထိုအခြေအနေကို ကြံ့ကြံ့ခိုင်ပြီး တွန်းလှန်နိုင်ခဲ့သည်ဟု ပြောသည်။
“စစဖြစ်တုန်းက ကျမ အရမ်းခံစားရတယ်၊ သူ့ကို သံယောဇဉ် မဖြတ်နိုင်ဘူးလေ။ သူမရှိရင် မနေနိုင်ဘူးဆိုတဲ့ စိတ်က ရှိတယ်၊ အဲ့လို မကြုံဖူးတဲ့သူတွေတော့ အဲ့ခံစားချက်ကို နားလည်မှာမဟုတ်ဘူး။ ပတ်ဝန်းကျင်က ကဲ့ရဲမှာကို ကြောက်တဲ့စိတ်ရော၊ အထင်သေးတဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်ကြမှာကို မလိုချင်တဲ့အတွက် ဘယ်သူ့ကိုမှ ရင်မဖွင့်ရဲဘူး။ အခန်းထဲမှာဘဲ တစ်ယောက်တည်း ခံစားပြီး၊ တစ်ယောက်တည်း ဖြေသိမ့်ခဲ့ရတယ်” ဟု နန်းနွတ်က ပြောသည်။
၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်ထိ သျှမ်းပြည်တွင်လည်း အမျိုးသမီးအပေါ် အကြမ်းဖက်ခံရမှု ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) ထံမှ သိရသည်။
ထိုထဲတွင် အိမ်တွင်းအကြမ်းမှုက အများဆုံးနေဖြစ်သည်ဟု ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) မှ နန်းခမ်းမိုင်က ပြောသည်။
“စစ်အာဏာမသိမ်းခင်တော့ အများကြီးရှိပါတယ်။ ယောက်ျားလေးတွေက အရက်သေစာတွေ၊ မူးယစ်းဆေးဝါးတွေ သုံးစွဲပြီး ရန်ဖြစ်တာ၊ ရိုက်နှက်တာ။ အဲ့လိုဖြစ်လာပြီဆိုရင် အိမ်ကလူကြီးတွေ ဖြေရှင်းပေးပြီး ဆုံးမတာ၊ လက်မှတ်ထိုးတာ တွေခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ အဲ့ထက်ဆိုးရွားလာတာ ယောက်ျားလေးတွေက လောင်းကစားလုပ်၊ KTV တက်ပျော်ပါးသောက်စားမှုကြောင့် အိမ်တွင်းစီးပွားရေး မဖြစ် အကြွေးတင်၊ မိန်းမဖြစ်သူကို တစာခံလုပ်ပြီး အပြစ်ရှာသောင်းကျန်းရိုက်နှက်တာတွေ ရှိတယ်” ဟု နန်းခမ်းမိုင်က ပြောသည်။
အချို့ အိမ်ထောင်ရေးတွင် အိမ်ထောင်ဦးစီးဖြစ်သူ အမျိုးသားများက ဖောက်ပြန်ပြီး ကလေးငယ်များ၏ မျက်နှာအား ထောက်ထားစာနာခြင်းမရှိ ပစ်ထားကြောင်း၊ ကျန်ရစ် မိသားစု၏ စားဝတ်နေရေးအတွက်ကို မိခင်ဖြစ်သူက ရုန်းကန်ရှာဖွေနေရကြောင်း ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိမ်တွင်းအကြမ်းမှုနှင့် ပတ်သက်၍ မည်သူမျှ အပြည့်အဝ အရေးယူပေးနိုင်မှု မရှိကြောင်း နန်းခမ်းမိုင်က ပြောသည်။
ထိုအခွင့်အရေးကိုယူပြီး အမျိုးသားများက အားနွဲ့သော မိးသားစုထဲရှိ အမျိုးသမီးတွေကို နိုင်ရင်နိုင်သလို အဓမ္မပြုကျင့်ပြီး တစ်ဆက်ထဲတွင် ဖခင်ဖြစ်သူက မိမိသွေးစပ်သားစပ် ကလေးများကိုပါ အဓမ္မပြုကျင့်သည့် ဖြစ်စဉ်က ပိုများလာသည်ဟု နန်းခမ်းမိုင်က ပြောသည်။
ထိုသို့ အကြမ်းခံရလျှင် အမျိုးသမီးအများစုမှာ ပတ်ဝန်းကျင် ကဲ့ရဲ့ မှု၊ အရှက်တရား အကြောက်တရားများစွာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနေသည်။ မိမိ၏ ခံစားချက်များကို ကြိတ်မှိတ်သိမ်းဆည်းကာ ထွက်လမ်းမရှိ၊ အနာဂတ် ပျောက်ဆုံးနေပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများစွာ ကြုံတွေ့နေရသည်။
ထိုကြောင့် အမျိုးသမီးများအနေဖြင့် အချင်းချင်း ဖေးမကူညီပြီး အသိပညာ ပေးခြင်း၊ လုံခြုံသော နေရာကို ခေတ္တထားပေးခြင်း၊ ရင်းနှီုးမှု တည်ဆောက်ခြင်း၊ အချင်းချင်း ယုံကြည်ရှိလာအောင် တည်ဆောက်ခြင်း စသည့်ဖြင့် လုပ်ဆောင်ရန် လိုအပ်သည်ဟု နန်းခမ်းမိုင်က တိုက်တွန်းသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း ပဋိပက္ခများ မြင့်တက်နေလျက်ရှိရာ တရားဥပဒေ စိုးမိုးမှု အားနည်းနေသည့်အချိန်တွင် အိမ်တွင်းအကြမ်းဖက်ခံမှု ပြဿနာများမှာ မည်မျှထိ ရှိသနည်း။
တစ်နေ့တစ်ခြား စစ်မက် ဆိုးကျိုး၊ အလုပ်လက်မဲ့ ပြဿနာ၊ မူးယစ်ဆေးနှင့် အခြား လူမှုဒုက္ခများကြောင့် အမျိုးသမီးများ၏ ဘဝလုံခြုမှု ကင်းမဲ့လာနေပြီး အိမ်တွင်း အကြမ်းဖက်မှုဒဏ်မှာ ပိုမို ဆိုးရွားစွာ ခံလာရသည်။
“ဘယ်အရာက အရေးအကြီးဆုံးလဲ မသိတော့ဘူး။ ကျမမှာ အကြွေးတွေလည်း တင်နေတယ်။ အရက်သောက်၊ လောင်းကစားလုပ်တဲ့ ယောက်ျားတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတယ်။ သူ့ကို သံယောဇဉ်ဖျက်ပြီး စွန့်လွှတ်ပစ်လိုက်မယ်ဆိုလည်း ကျမတို့မှာ ကလေးတစ်ယောက်နဲ့၊ သမီးကို အဖေမရှိတဲ့ ကလေးလည်း မဖြစ်စေချင်ဘူး” ဟု နန်းဦးက ဝမ်းနည်းစွာဖြင့် ပြောလာသည်။









Leave a Comments