Friday, June 2, 2023

မိုင်းရယ်မြို့ TA/LT အဖြစ် သျှမ်းစာသင် ဆရာ၊ ဆရာမများ လစာမရ

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ် သျှမ်းစာသင်ကြားပေးနေသည့် (Teacher Assistance -TA) နှင့် တိုင်းရင်းသားစာပေသင်ဆရာ၊ ဆရာမများ (Language Teacher -LT) တို့သည် လစာ မရရှိကြကြောင်း သတင်းသိရသည်။

မိုင်းရယ်မြို့ဝင်ဆိုင်းဘုတ်

၂၀၂၂ – ၂၃ ပညာသင်နှစ် ပထမလ ဇွန်လ ၏ လစာကို မိုင်းရယ်မြို့နယ် ဟိုယကျေးရွာရှိ အခြေခံ ပညာစာသင်ကျောင်းများမှ သျှမ်းစာသင်ဆရာ/ဆရာမများ အားလုံး လစာမရရှိကြောင်း သတင်းသိရသည်။

TA/LA ပညာရေးဝန်ထမ်းတစ်ဦးလျှင် တစ်လကို တစ်သိန်း ၃ သောင်းကျပ်ရရှိကြောင်း သိရသည်။

“နှစ်လပေါင်းပေးမယ်လို့တော့ ပြောတယ်၊ ဒါပေမယ့် ကျမတို့အနေနဲ့ကျတော့ လစဥ်ပုံမှန်ရသွားချင်တာပေါ့၊ ကျမတို့မြို့ တစ်မြို့လုံးက သျှမ်းစာသင် နေတဲ့ဆရာ/ဆရာမတွေ အားလုံး ဒီလအတွက် လစာမရဘူး” ဟု မိုင်းရယ်မြို့မှ ဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ဟိုယကျေးရွာအတွင်း အခြေခံပညာအထက်တန်းကျောင်းခွဲ တစ်ကျောင်းနှင့် မူလတန်းလွန် စာသင်ကျောင်း ၃ ကျောင်း၊ မူလတန်းကျောင်း ၄ ကျောင်းတို့မှ သျှမ်းစာသင်နေသည့် TA/LT ဆရာ/ဆရာမ များ လစာမရရှိကြကြောင်း သိရသည်။

ယင်းကဲ့သို့ လစာထုတ်ပေးမှုများ မရှိသည့်အတွက် ပြီးခဲသည့် သောကြာနေ့တွင် TA, LT ဆရာ/ဆရာမများ ကျောင်းသို့ မသွားကြကြောင်းလည်း သတင်းသိရသည်။

“သျှမ်းစာတွေ သင်ပေးနေတဲ့ သူတွေပဲ ဆိုပြီးတော့ နှိမ်ချင်ကြတာလည်းပါတယ်၊ တချို့အစည်းအဝေးမှာဆို ဒီ TA, LT ဆရာ/ဆရာမတွေကို စက်တီခုံမှာ မထိုင်ခိုင်းတာမျိုးတွေ ရှိတယ်၊ ပြီးတဲ့ သောကြာနေ့မှာ TA, LT ဆရာ/ဆရာမ တော်တော်များများ ကျောင်းမသွားကြဘူး” ဟု ကျောင်းဝန်ထမ်း နှင့် နီးစပ်သူ အမည် မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ စာသင်နှစ်မှာလည်း ပညာရေးဌာနသည် မိုင်းရယ်မြို့နယ် အတွင်းရှိ သျှမ်းစာသင် TA, LT ဆရာ/ဆရာမများကို လစာထုတ်ပေးရန် တုံ့ဆိုင်းမှုများ ရှိနေပြီး နောက်ဆုံး ဆရာ/ဆရာမများ ကန့်ကွက် ပြောဆို ရာမှ သုံးလပေါင်း လစာထုတ်ပေးခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင်လည်း ဟိုယကျေးရွာမှ TA, LT ဆရာ/ဆရာမများ စုပေါင်းပြီး ကျောင်းအုပ်ကြီးနှင့်တကွ တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးရန် လျာထားကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article