မိုင်းရှူးမြို့အတွင်း လောင်းကစားကြောင့် အိမ်ပေါင်၊ ခြံပေါင်နေရ

0

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားပိုမိုများပြားလာပြီး လက်ရှိမှာ အိမ်ပေါင်၊ ခြံပေါင်အထိ ရှိလာနေကြောင်း စုံစမ်းသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း လောင်းကစားဝိုင်းများပြားလာပြီး မိုင်းရှူးမြို့အတွင်း လောင်းကစားကြောင့် ပြည်သူများဒုက္ခရောက်ကာ၊ အိမ်ပေါင်သည့်အဆင့်ထိ ရှိလာကြောင်း သိရသည်။

“မိုင်းရှူးမြို့မှာ အခု လောင်းကစားအရမ်းများလာတယ်။ ပြည်သူတွေလည်း ဒုက္ခရောက်နေတယ်။ အခုက ၂ လုံးရောင်းတာ များလွန်းတယ်။ ဒိုင်တွေကလည်း မလျော်နိုင်လို့ အိမ်ပေါင်ပြီးလျော်ပေးနေရတာလည်း ရှိတယ်။ တစ်ချို့အိမ်တွေဆို ပေါင်တယ်။ ကားတွေကိုရောင်းနေကြတယ်။ အဲ့လောက်ထိဆိုးလာနေပါတယ်” ဟု မိုင်းရှူးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုင်းရှူးမြို့

အဆိုပါ လောင်းကစားဝိုင်းများမှာ ရဲက အခွန်စားနေသောကြောင့် တစ်စုံတစ်ရာ အမှုဖွင့်တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ပေးလျက်မရှိကြောင်း သိရသည်။

ထိုအပြင် သတင်းမီဒီယာများထံ သတင်းပေးပါက သတင်းပေးသူကို အရေးယူဆောင်ရွက်သွားမည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“ ရဲတွေကလည်း ဒီလောင်းကစားတွက် အခွန်ရတယ်လေ။ သူတို့ကို ဒီလိုကိစ္စနဲ့ အမှုသွားဖွင့်ပြီး သူတို့က အရေးယူဆောင်ရွက်ပေးတာမျိုးမရှိဘူး။ ပြီးတော့ မီဒီယာတွေကိုလည်းသတင်းပေးတဲ့သူမရှိဘူး။ သတင်းပေးတဲ့သူ တိုင်တဲ့သူကိုလည်း သိရရင် သူတို့ အရေးယူမယ်လို့တောင်ပြောသေးတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း လောင်းကစားဝိုင်းပိုမိုများပြားလာပြီး မူးယစ်ဆေးဝါးသုံးစွဲသူလည်း ယခင်ကထက်များလာကြောင်း မူးယစ်ဆေးဝါးများကိုလည်း ပေါ်ပေါ်တင်တင် ရောင်းချမှုများလည်း ရှိလာသည်။

စစ်တပ်က အာဏာသိမ်းလိုက်သောကြောင့် ပြည်သူများကလည်း စားဝတ်နေရေး ယခင်ထက်ပိုမို ခက်ခဲလာနေပြီး ခိုးယူလုယက်မှုလည်း သျှမ်းပြည်အတွင်း မြို့တိုင်းနီးပါးဖြစ်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments