ငြိမ်းချမ်းရေးက သွေးခွဲငြိမ်းချမ်းရေးများ ဖြစ်လေမလား

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မေ (၂၀) ရက်က စတင်ပြီး လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ချင်းဆီနဲ့ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်တဲ့ အပေါ် ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခဆိုင်ရာ သုတေသီ လူငယ်အမျိုးသမီး နန်းခွမ်လိတ် ရဲ့ အမြင်သဘောထားကို သျှမ်းသံတော်ဆင့်မှ သတင်းထောက် နန်းဒေဝီက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး – လက်ရှိ စကစ က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အမ အနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ – လက်ရှိ အခင်းအကျင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရမယ်ဆိုလို့ရှိရင် နိုင်ငံရေး အကြပ်အတည်းတွေ တိုက်ပွဲတွေလည်း အများကြီးဖြစ်တယ်။ လက်ရှိအခြေနေမှာ ကျမအနေနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို နားလည်ထားတဲ့ နားလည်မှုအရဆိုလို့ရှိရင် ပထမဦးဆုံး ပြောချင်တာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြောလို့မရဘူး။

စကစ နှင့် လက်နက်ကိုင် တပ်ဖွဲ့များ ငြိမ်းချမ်းတွေ့ဆုံဆွေးနွေးပုံ

ဒါကတော့ စကစ ရယ် ပြီးတော့မှ အခြားတိုင်းရင်းသားတော်လှန်ရေး အင်အားစုအချို့တွေနဲ့ တွေ့ဆုံမှု သပ်သပ်ပဲ။ ငြိမ်းချမ်းရေးအတွက်လည်း အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံမှုတော့ မမြင်ဘူး။ လက်ရှိအခင်းအကျင်းမှာ တစ်နိုင်ငံလုံးက ဒုက္ခရောက်နေတယ်။ အကြပ်အတည်း ကျရောက်နေချိန်ဖြစ်တယ်။ တင်းမာမှုတွေလည်းရှိနေတော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲက ဘယ်လိုဖြစ်နိုင်မလဲဆိုတဲ့ဟာတော့ မေးခွန်း ထုတ်စရာပေါ့နော်။

သက်ဆိုင်တဲ့ အစုအဖွဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်တာမရှိဘူး။ စကစ အနေနဲ့ သူဖိတ်ခေါ်တာကတော့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုအကုန်လုံး EAOs အကုန်လုံးတွေကိုတော့ဖိတ်တယ်။ ဒါပေမယ့် NUG နဲ့ PDF တွေကလွဲလို့ပေါ့။ ဒါက သူ့ရဲ့ ဖိတ်ကြားချက်။

မေး – တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး လို့မြင်ပါသလားရှင့်။

ဖြေ – တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆိုလို့ရှိရင်တော့ အဓိက စစ်မှန်တဲ့ စိတ်ရင်း စေတနာက အဓိက ပေ့ါနော်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တကယ်မျှော်ကိုးပြီးတော့မှ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံမှုမျိုးဖြစ်ရမယ်။

ပါဝင်သင့် ပါဝင်ထိုက်တဲ့အဖွဲ့အစည်း အစုအဖွဲ့တွေ အင်အားစုတွေ အကုန်လုံး ပါမှပဲ ဒါက စစ်မှန်တဲ့ ငြိမ်းချမ်းရေး တွေ့ဆုံမှုလို့ ပြောလို့ရတယ်။ ပွင့်လင်းမြင်သာမှုလည်းရှိရမယ်။ ကိုယ်စားပြုမှု ပွင့်လင်းမြင်သာမှု စသဖြင့် ဒီလိုမျိုး တွေ့ဆုံမှုတွေရှိမှ စိတ်ရင်းစေတနာပါတဲ့ တွေ့ဆုံမှုဖြစ်မှပဲ အစုအဖွဲ့အကုန်လုံးပါတဲ့ တွေ့ဆုံပွဲတွေဖြစ်မှပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်စေမယ့် တွေ့ဆုံမှုတွေ ဖြစ်နိုင်မယ်လို့တော့ ကျမမြင်တယ်။

နောက်တစ်ခုက အတွေ့အကြုံအရတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဟုတ်ဘူး။

ခေတ်အဆက်ဆက် အတွေ့အကြုံအရ ဆိုလို့ရှိရင်တော့ ဒီလိုနိုင်ငံရေး စစ်ရေးအကြပ်အတည်း ရောက်ပြီဆိုလို့ရှိရင် ငြိမ်းချမ်းရေး နာမည်တပ်ပြီးတော့မှ အဖွဲ့အစည်းတွေကို ခေါ်တွေ့တာ ဒီတစ်ကြိမ်မှ မဟုတ်ဘူး။ အရင်ကလည်း တောက်လျောက်ဖြစ်ခဲ့တယ်။ တော်တော်များများကတော့ နိုင်ငံရေး ပရိယာယ်သုံးနေကျ အခုမှ သုံးတဲ့ ဗျူဟာသစ်တော့မဟုတ်ဘူး။ ဒါက အရင်တုန်းက သွားတဲ့ပုံစံအတိုင်းပဲလေ။

တွေ့ဆုံဆွေးနွေးတယ်ဆိုတာ အကြပ်အတည်းကာလဖြစ်တယ်။ သူ့ရဲ့ နိုင်ငံရေးထွက်ပေါက် စစ်ရေးထွက်ပေါက်ပဲပြောပြော ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေ အရမ်းကြီးစုစည်း မသွားအောင် ဆိုတဲ့ပုံစံမျိုးနဲ့ သူ့အတွက် နိုင်ငံရေး အကျိုးအမြတ်အရ အတွက်ပဲ ခေါ်ယူတွေ့ဆုံတဲ့ ဆွေးနွေးပွဲဖြစ်တယ်။ ငြိမ်းချမ်းရေးကို တကယ်တမ်း မျှော်ကိုးလိုလားတဲ့ ဆွေးနွေးပွဲတော့ မဟုတ်ဘူး။ အဲ့လိုတော့ ပြောလို့ရပါတယ်။

စကစ နှင့် လက်နက်ကိုင် တပ်ဖွဲ့များ ငြိမ်းချမ်းတွေ့ဆုံဆွေးနွေးပုံ

မေး – တစ်ဖွဲ့ချင်း ခေါ်ယူပြီး ဆွေးနွေးတဲ့အပေါ်မှာကော ပွင့်လင်းမြင်သာတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်နိုင်မယ်လို့ ထင်လား။

ဖြေ – တစ်ဖွဲ့ချင်းဆီ ခေါ်ယူတယ်ဆိုတာက သေချာတယ်၊ ပွင့်လင်းမြင်သာမှုမရှိတဲ့ ဆွေးနွေးချက်တွေ အမှန်ပဲ။ ဘာလို့လဲဆို သူတို့ ဆွေးနွေးတာတွေတော့ ပြီးသွားပြီ မီဒီယာတွေ ပြောပြချက်အရပဲ ယေဘုယျဆန်ဆန် ဆွေးနွေးချက်တွေပဲ ကြားသိရတယ်။ အမှန်တော့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲပုံစံ ဖြစ်ရမယ်။ အခုလို တစ်ဖွဲ့ချင်း ဆီဆိုတာထက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ စုစုစည်းစည်း နဲ့ သွားတွေ့တဲ့ ပုံစံမျိုးဆိုလို့ရှိရင်တော့ ပိုပြီးထိရောက်တဲ့ ဆွေးနွေးပွဲမျိုးဖြစ်တာပေါ့။

အခုဟာက တစ်ဖွဲ့ဆီ ခွဲပြီးတွေ့တာကျတော့ ခွဲထုတ်တဲ့ ဗျူဟာ တစ်ခုဖြစ်မလား။ တော်လှန်ရေး အင်အားစုတွေကြား စုစုစည်းစည်းမဖြစ်အောင် နောက်တစ်ခုကျတော့ ဆွေးနွေးပွဲကို စကစ အနေနဲ့ သူက တစ်ဖက်ပေါ့။ တစ်ဖက်ကတော့ တိုင်းရင်းသား အင်အားစုတွေအနေနဲ့ စုစုစည်းစည်း တစ်ဖွဲ့အနေနဲ့ တွေ့မယ်ဆိုလို့ရှိရင်တော့ ဆွေးနွေးပွဲရဲ့ သဘောသဘာဝဆိုတော့ power balance သူ့ဘက်က အပေါ်စီးကနေပြီး ဆွေးနွေးလို့ မရနိုင်တဲ့အခြေနေများ ဖြစ်နေမလားဆိုတဲ့ ပုံစံမျိုးလည်း သူစဥ်းစားမယ်ထင်တယ်။ အဲ့ဒီတစ်ချက်တွေ့တယ်။ အပေါ်စီးကနေ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ ဖြစ်နိုင်တယ်။

တစ်ဖွဲ့ချင်းဆီ ဒီလိုခွဲထုတ်တယ်ဆိုတဲ့ဟာလည်း ဒီလိုတော်လှန်ရေး အင်အားစုတွေကြား သွေးကွဲနိုင်တယ်။ တစ်ဖွဲ့က ဘာသွားဆွေးနွေးတာလဲ။ ပြီးရင် နောက်တစ်ဖွဲ့က သံသယဝင်နိုင်တယ်။ ခွဲပြီးတွေ့တာက ဒါသွေးခွဲစေတဲ့ တက်ရောက်မှုတွေလည်း အများကြီးတွေ့နိုင်တယ်။

ငြိမ်းချမ်းရေး ဆိုလို့ရှိရင်တော့ အားလုံးနဲ့ သက်ဆိုင်တဲ့ အရေး ပြည်သူတွေ အားလုံး သက်ဆိုင်တဲ့အရေး အခုလို တစ်ဖွဲ့ချင်းဆီ ခေါ်ယူတာက သွေးကွဲစေရုံမကဘူး သူတို့ သွားဆွေးနွေးတဲ့အကြောင်းအရာကို ဒီနှစ်ဦး နှစ်ဖွဲ့ကြားထဲမှာပဲ သိတယ်။ ဒါပေမယ့်လည်း ဆွေးနွေးတဲ့အရေးတွေက အားလုံးနဲ့ သက်ဆိုင်တဲ့အရေး ပြီးရင် ငြိမ်းချမ်းရေးဆိုတဲ့ဟာလည်း အမည်ခံတယ်ဆိုတော့ ဒါကတော့ ပွင့်လင်းမြင်သာမှု နဲ့ ပတ်သက်လာလို့ရှိရင် မေးခွန်းထုတ်စရာလည်းရှိတယ်။

စကစ နှင့် လက်နက်ကိုင် တပ်ဖွဲ့များ ငြိမ်းချမ်းတွေ့ဆုံဆွေးနွေးပုံ

မေး – လက်ရှိ နိုင်ငံရေး ရှုပ်ထွေးနေတဲ့ အချိန်ကာလမှာ ဒီလို လက်နက်ကိုင်တပ်ဖွဲ့တွေက လက်ခံပြီး စကစနဲ့ ငြိမ်းချမ်းရေး စကားသွားပြောတာဟာ သင့်လျော်တဲ့ အချိန်ဖြစ်တယ်လို့ ထင်ပါသလားရှင့်။

ဖြေ – အရင်ဦးဆုံးကတော့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုအနေနဲ့ သွားတွေ့တယ်ဆိုတဲ့ဟာက သင့်လျော်တဲ့အချိန်ဆိုတာ ဘယ်သူ့အတွက် သင့်လျော်တဲ့အချိန်လဲ။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် တိုက်ပွဲတွေလည်းဖြစ်နေတယ်။ ပြီးတော့မှ သူ့ကို ဆန့်ကျင်တာကလည်း တစ်ပြည်လုံး အတိုင်းအတာ နဲ့ ဖြစ်နေတယ်ဆိုတော့ သူ့အနေနဲ့ စစ်မျက်နှာပြင်ကို လျော့ချချင်တယ်။

နေရာတိုင်းမှာ ရန်သူတွေက ဝိုင်းနေမယ်ဆိုရင်လည်း အဆင်မပြေဘူး။ စစ်မျက်မှာပြင် လျော့ချတဲ့ အနေနဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကို ခွဲထုတ်တာ စုစုစည်းစည်း မဖြစ်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်ရယ်၊ တော်လှန်ရေးအင်အားစု အဖွဲ့တိုင်းရဲ့ စစ်မျက်နှာပြင် မဖြစ်ချင်တာရယ်၊ နောက်တစ်ခု ပိုအရေးကြီးတာက စစ်တပ်အတွက် တရားဝင်မှုက အရေးကြီးတယ်။

အဓိက စကစ ရဲ့ ရည်ရွယ်ချက်ကလည်း ဒီတိုင်းရင်းသား အင်အားစုရော ပြီးတော့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုနဲ့ တခြားပြည်မ အင်အားစုတွေ NUG တို့ PDF တို့နဲ့ပဲဖြစ်ဖြစ် အချင်းချင်းကြားမှာ ချိတ်ဆက်မှု စုစည်းမှုတွေကို မစုစည်းစေချင်ဘူး။ သွေးခွဲစေချင်တာလည်း ပါတယ်။ ဆွေးနွေးပွဲကလည်း သူ့ရဲ့ ရည်မှန်းချက်တစ်ခု ပါသွားတွေ့တယ် ဆိုတာကလည်း သူ့ရဲ့ ရည်မှန်းချက်ကို အထမြောက်အောင် ဒါကလည်း တော်လှန်ရေး အင်အားစုတွေ အတွက် နစ်နာတယ်။ နိုင်ငံရေးအရ နစ်နာချက်။

တော်လှန်ရေး အင်အားစု တစ်စုံလုံးကတော့ သင့်တော်တဲ့အချိန်မဟုတ်ဘူး။ အခြေနေအရ သွားတွေ့တဲ့ပုံစံအရကော အချိန်ကောင်းမဟုတ်ဘူးလို့ မြင်ပါတယ်။

မေး – လက်နက်ကိုင် တပ်ဖွဲ့တွေက ပြည်နယ်တွေ ကိုယ်စီတောင်းတဲ့အပေါ်ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ – သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ စဥ်းစားချက်ကိုတော့ မပြောတတ်ဘူး။ ပြည်နယ်ကိစ္စပဲဖြစ်ဖြစ် ကိုယ်ပိုင် ပြဌာန်းခွင့်ပဲဖြစ်ဖြစ် ကျမတို့ တိုင်းရင်းသား အင်အားစုတွေအားလုံး ဘယ်လူမျိုးစုမဆို တိုင်းရင်းသားမဆို ကျမတို့ အားလုံးလိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့် ဒါပေမယ့် ကျမတို့ရဲ့ ဦးတည်ချက် က ဘယ်လိုပုံစံမျိုးနဲ့ လိုချင်ကြတာလဲ ကိုယ့်ပြည်နယ်လား ဒါမှမဟုတ် ကိုယ်ပိုင်ပြဌာန်းတဲ့ နယ်မြေပုံစံမျိုးနဲ့လား။ ဘယ်လို ပုံစံမျိုးနဲ့လည်း ဆိုတာက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကတော့ မတူကြဘူး။

ဒါကတော့ ပြောကြမှာပဲ ကိုယ်လိုချင်တဲ့ ဦးတည်ချက် (position) စကစ နဲ့ သွားပြောတဲ့ ဆိုတဲ့ဟာကလည်း သူတို့ရဲ့ စဥ်းစားချက်အရ စကစ ကိုပြောမှပဲ ရနိုင်တယ်ဆိုတဲ့အမြင် ရှိသလား၊ ဒါမှမဟုတ် မရှိဘူးလားဆိုတာ မပြောတတ်ဘူး။

ပြည်နယ်အသစ်ပဲဖြစ်ဖြစ် ကိုယ်ပိုင်ပြဌာန်းခွင့်ပဲဖြစ်ဖြစ် တောင်းမှရတယ်ဆိုတဲ့အမြင်လည်း လက်တွေ့ကျတဲ့ အမြင်ဖြစ်ပါမလားဆိုတဲ့ဟာပေါ့နော်။ သက်ဆိုင်ရာ အရင်ဦးဆုံး စကစ ကို သွားပြောတယ်ဆိုတဲ့ဟာက ဒီတိုင်း သူတို့ရဲ့ position သူတို့ရဲ့ မျှော်မှန်းချက်ကို ဒီတိုင်းချပြတာလောက်ပဲ ဖြစ်မယ်ထင်တယ်။

တကယ်လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ဆိုလို့ရှိရင် စကစ တစ်ခုတည်းမပြီးဘူး။ ဒီလိုမျိုးသွားပြီး ချပြတာကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းအနေနဲ့ ချပြတဲ့ ပုံစံမျိုးနဲ့ပဲ ဖြစ်ရင်လည်း ဖြစ်နိုင်တာပေါ့နော်။ စကစ က ပေးမှ ရနိုင်တဲ့ ပုံစံမျိုးနဲ့ သွားပြောရင်လည်း တကယ်တမ်းရော စကစ နေပြီးမှ ပေးနိုင်မယ့် အာဏာ ဆုံးဖြတ်ခွင့်အာဏာ တစ်ကယ်တမ်း ရှိလား။

တကယ်လို့ စကစ ဆီက တောင်းဆိုတဲ့ ပုံစံမျိုး သူက ပေးမှ ရတယ်ဆိုတဲ့ ပုံစံမျိုး ဆိုရင်တော့ ကျမအနေနဲ့ မြင်တာက လက်တွေ့တော့မဆန်ဘူး။ အားလုံးပါဝင်ပြီး ကျေကျေလည်လည်ဆွေးနွေးပြီးတော့မှ အားလုံးလက်ခံနိုင်တဲ့ ပုံစံမျိုး သွားမှပဲ တကယ့် လက်တွေ့ဆန်တဲ့ အဖြေ လက်တွေ့ဆန်တဲ့ ပုံစံကျမတို့ မြင်ချင်တဲ့ ဖက်ဒရယ်ပဲ ပြောပြော အဲ့လိုပုံစံသွားနိုင်မယ် ပုံဖော်နိုင်မယ် ရနိုင်မယ်လို့တော့ မြင်တယ်။


စကစ နှင့် လက်နက်ကိုင် တပ်ဖွဲ့များ ငြိမ်းချမ်းတွေ့ဆုံဆွေးနွေးပုံ

မေး – နောက်ဆုံးအနေနဲ့ စစ်ရေး နိုင်ငံရေး နဲ့ ပတ်သက်ပြီးတော့ရော ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အားလုံးမပါဝင်တဲ့ အပေါ်ကော ဘာပြောချင်ပါသလဲ။

ဖြေ – စစ်ရေးပဲပြောပြော၊ နိုင်ငံရေးပဲ ပြောပြော လက်နက်ကိုင်မှ တော်လှန်တာမဟုတ်ဘူး။ တခြားပုံစံမျိုးနဲ့ တော်လှန်တာလည်းရှိတယ်။ လက်နက်ကိုင်တော်လှန်ရေးက အခြေနေအကြောင်းအမျိုးမျိုးကြောင့် ပိုပြီးတော့မှ အားသာနေတယ်။

တော်လှန်ရေး အင်အားစုတွေအနေနဲ့ စုစုစည်းစည်းဖြစ်ဖို့ရယ် အဓိကတော့ ကိုယ့်ရဲ့ တော်လှန်ရေး ရဲ့ ရည်ရွယ်ချက်ကို မျက်ခြေမပျက်ဖို့ ၊ တော်လှန်ရေးကို အကောင်အထည်ဖော်တဲ့နေရာမှာဆိုရင် ကျင့်ဝတ်ပိုင်းအရ၊ ဗျူဟာပိုင်းအရ မှန်ကန်တဲ့ လမ်းစဥ်ဖြစ်ဖို့ လိုတယ်။ ဘက်မှားမယူမိစေဖို့လိုတယ်။ အဲ့ဒါလည်း အရေးကြီးတယ်။ စစ်ရေး ဗျူဟာအရ တကယ်လို့ ဘက်မှား ယူမိတယ်ဆိုလို့ရှိရင် သမိုင်းမှာက ကျရှုံးတဲ့ သမိုင်းရောက်သွားနိုင်တယ်။

တော်လှန်ရေးက လူထုတွေရဲ့ ထောက်ခံမှု ပါဝင်မှုမရှိဘူးဆိုလို့ရှိရင်တော့ တော်လှန်ရေးက ရှေ့မရောက်ဘူး။ မအောင်မြင်နိုင်ဘူး။ အာဏာရှင်တစ်ခု ပြုတ်ကျသွားရင်တောင်မှ အာဏာရှင်နောက်တစ်ခု ဖြစ်လာနိုင်တယ်။ တော်လှန်ရေးရဲ့ တကယ့် အဓိက ရည်ရွယ်ချက် ရည်မှန်းချက်ကို မျက်ခြေမပျက်ဖို့ ဆိုတော့ အဓိက ကတော့ ကျမတို့ အာဏာရှင်ကို ဖြုတ်ချချင်တာ တန်းတူရေး စသဖြင့် ဒါတွေ ကျမတို့ ဒီစနစ်ကို လိုချင်တယ်။ အာဏာရှင်ဆန်တဲ့ စနစ်ကို ဖြိုဖျက်ချင်တာ အဲ့ဒါကို မျက်ခြေမဖျက်ဖို့ အာဏာရှင်တစ်ခု ဖြုတ်ချသွားရင် အာဏာရှင် ပုံစံမျိုးနဲ့ မသွားဖို့ တော်လှန်ရေးကိုလည်း အာဏာရှင် ပုံစံတော်လှန်ရေးမလုပ်ဖို့ ဆိုတဲ့ဟာ လူငယ်တွေရဲ့ အသံနားထောင်ဖို့ သူတို့ အင်အားကို အခွင့်ကောင်းယူပြီး အသုံးချတတ်ဖို့တော့ လိုမယ်လို့ မြင်ပါတယ်။


ငြိမ်းချမ်းရေးဆွေးနွေးပွဲက တကယ်တမ်းစစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မျှော်ကိုးပြီးတော့ သွားချင်တယ်ဆိုလို့ရှိရင်တော့ အားလုံးပါဝင်တဲ့ အထူးသဖြင့် သက်ဆိုင်တဲ့ အစုအဖွဲ့ တွေအကုန်လုံး ပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုမျိုး ဖြစ်ရမယ်။ အဲ့လိုမျိုးဖြစ်ဖို့က အဓိက အရေးကြီးတာက စစ်မှန်တဲ့ စိတ်ရင်း စေတနာဖြစ်ဖို့ လိုတာပေါ့နော်။

အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...