ဆီဆိုင်စစ်ဘေးရှောင် ကလေးငယ်များ ရာသီတုပ်ကွေးဖြစ်ပွားနေ

0

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် စစ်ဘေးရှောင်ထဲတွင် ယခုရက်ပိုင်း ကလေးငယ်များ ရာသီတုပ်ကွေး ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာတွင် ခိုလှုံလာသော ကရင်နီပြည်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် ၃၀၀ ကျော်ရှိရာ လက်ရှိမှာ ရာသီတုပ်ကွေးများဖြစ်ပွားနေပြီး၊ ထိုထဲတွင် ကလေးငယ် အများအပြားဖြစ်နေကြောင်း စစ်ရှောင်ကူညီပေးသူများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ဘေးရှောင် ကလေးငယ်များ

“ကလေးတွေအဖြစ်များတယ်။ ကလေးငယ် ၁၀ နှစ်သားအောက်တွေ ချောင်းဆိုး ၊ဝမ်းလျှော၊ ဖျားနာနေတာတော့ ၄ ယောက် ရှိတယ်။ ဝမ်းပျက် ဝမ်းနာ ၂ ယောက်ရှိတယ်။ ဆီဆိုင် ကြက်ခြေနီအဖွဲ့တွေကတော့ နှစ်ပတ် တစ်ခါတော့ လာကြည့်ပေးတယ်“ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်ရှောင်ပြည်သူများသည် လက်ရှိမှာ စားနပ်ရိက္ခာများ နှင့် အစာအာဟာရများ လိုအပ်နေကြောင်း၊ စစ်ရှောင်လာရောက်ကူညီသူများကလည်း ယခင်ထက်နည်းပါးလာကြောင်း သိရသည်။

စစ်ဘေးရှောင် ကလေးငယ်များ

“တချို့ကပြန်သွားကြတာ ထောက်ပံ့ပေးတဲ့သူလည်း မရှိသလောက် နည်းပါးနေပြီ ။ တချို့နေရာဆိုလည်း လုံးလုံးကို မရှိတော့ဘူး ဒီဆီဆိုင်ဘက်က စစ်ဘေးရှောင်တွေ များတယ်။ မိုးဗြဲ ၊ဖယ်ခုံ ဘက်မှာကော အခုလို ကူညီပံ့ပိုး မရတော့တဲ့ စစ်ဘေးရှောင်အများကြီး ရှိနေသေးတယ်”ဟု ၎င်းကဆက်ပြောသည်။

မိုးဗြဲစစ်ဘေးရှောင် ဒုက္ခသည်များသည် တောတောင်ထဲတွင် စစ်ရှောင်နေရသဖြင့် ယခုကာလပိုင်းတွင် အဆက်အသွယ်များ ဖုန်းလိုင်းများမရှိသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေမည်ကြောင်း သိရှိရသည်။

ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည်များ (၈,၀၀၀) ဝန်းကျင်လောက်ရှိနေသေးကြောင်း မိုးရာသီရောက်ရှိလာသဖြင့် မိုးကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

Leave a Comments