Saturday, April 20, 2024

သီပေါမြို့ မာရှယ်လောထုတ်ပြီးနောက် သေနတ်ပစ်သံများကြားရ

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သေနတ်ပစ်သည့်အသံ ကြားလာရကြောင်း စုံစမ်းသိရသည်။

သီပေါမြို့

ယမန်နေ့ ဇွန် ၁၉ ရက် သီပေါမြို့ တောင်မြို့ရပ်ကွက်တွင် ည ၁၁ နာရီ၌ တဖက်ဖြသတ် သေနတ်ပစ်သံကြားရကြောင်း၊ လက်ရှိအချိန်ထိ လူထိခိုက်မှုရှိ၊ မရှိမသိသေးကြောင်း သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကျနော်တို့နဲ့ နီးနီးလေးပဲ။ တောင်မြို့ဘက်မှာ သေနတ်ပစ်သံကြားရတယ်။ ည ၁၁ နာရီအချိန်လောက်ဖြစ်တယ်။ ဘယ်သူကနေ ပစ်တာလဲတော့မသိဘူး။ ညဖြစ်တဲ့အတွက် မထွက်ကြည့်ရဘူး။ အခုတော့ ဘာမှ မသိရဘူးသေးဘူး” ဟု ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာ နှင့် အနီးဝန်းကျင်နေထိုင်သူ အမျိုးသား တစ်ဦးက ပြောသည်။

ထိုအပြင် သီပေါမြို့ ကို ည ၈ နာရီမှ မနက် ၄ နာရီအထိ မာရှယ်လောထုတ်ပြန်ပြီးနောက်ပိုင်း ညအချိန်မှာ ပစ်ခတ်မှု နှင့် သူခိုးပိုမိုများပြားလာကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်ကလည်း စမ်းမာလာဥယျာဉ်ရှေ့ ဝင်း ဆေးဆိုင်မှာ ည ၁၁ နာရီဝန်းကျင်အချိန်တွင် ဆိုင်ထဲဖောက်ဝင်သွားပြီး ဆိုင်ကယ် နှင့် ဆိုင်တွင်းရှိ ပိုက်ဆံများကိုလည်း ခိုးယူသွားကြောင်း သိရသည်။

“ည ၁၁ နာရီလောက် ဆိုင်ကိုဖောက်ပြီးတော့ဝင်လာခိုးတာ။ ကျမတို့ဆိုင်က ဆိုင်ကယ်နဲ့ ငွေကို ခိုးယူသွားတာ။ ကျမတို့ချက်ချင်းမသိလိုက်ရဘူးလေ။ သူဆိုင်ကယ်နိုးပြီးထွက်သွားမှသိလိုက်ရတာ။ မဟုတ်ရင် ချက်ချင်းဖမ်းမိနိုင်တယ်” ဟု ဆိုင်ရှင်ဖြစ်သူ အမျိုးသမီးက ပြောသည်။

စစ်ကောင်စီဘက်မှ သီပေါမြို့နယ်အတွင်း ညမထွက်ရအမိန့် မာရှယ်လော ထုတ်ပြန်ခဲ့သော်လည်း ပြည်သူများအတွက် လုံခြုံမှုမရှိကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ထုတ်ပြန်လိုက်သည့်နောက်ပိုင်းတွင် ပတ်ခတ်မှုများလည်း ရှိလာပြီး သူခိုးပိုမိုများပြားလာကြောင်း သိရသည်။

“သူတို့ဒီလိုထုတ်ပြန်ပြီးတော့ သူခိုးတွေလည်း များလာတယ်။ ဒီပစ်ခတ်မှုကလည်း ထုတ်ပြန်ပြီးနောက် ဒါပထမဆုံးဖြစ်တယ်လေ” ဟု သီပေါမြို့ ဒေသခံ အမျိုးသားက ပြောသည်။

သီပေါမြို့နယ်တွင် ဇွန် ၈ ရက်နေ့က စပြီး ညမထွက်ရအမိန့်ကို ထုတ်ပြန်ကြောညာခဲ့သည်။

သီပေါမြို့နယ်သည် စစ်ကောင်စီတပ်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသော SSPP/SSA၊ TNLA၊ တို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ လှုပ်ရှားရာ နယ်မြေဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article