Wednesday, April 24, 2024

ဆုတောင်းမပြည့်တော့တဲ့ မိုးနဲ လယ်သမားဘ၀များ

Must read

ရောင်နီစပြိုချိန် လူမမြင်တမြင်အချိန်မှာ ဆွမ်းတော်ခွက်ကိုယ်စီကိုင်ဆောင်ထားပြီး ရေထွက်ရှိရာ နတ်စင်ကို ဆွမ်းတော်ကပ် ဆုတောင်းဖို့အတွက် ကိုယ်စီ အိမ်ကနေ ထွက်ခွာကြပါတယ်။

မိုးနဲသစ်ပင်မီးရှို့

ဆွမ်းတော်ခွက်တွေကိုယ်စီ ကိုင်ဆောင်ပြီး နတ်စင်သွားရာ သွားလမ်းတစ်လျောက်မှာတော့ နောင်နှစ်တွေအတွက် လယ်ယာစိုက်ပျိုးရေးအကြောင်းကို အစီစဉ်တွေ ချပြပြောဆိုကြပြီး လမ်းကို ခပ်သွက်သွက် လျှောက်နေကြပါတယ်။

အဲ့ဒီနတ်စင်ကတော့ မိုးနဲမြို့ထဲမှာရှိပြီး နှစ်စဥ်နှစ်တိုင်း ကဆုန်လပြည့်နေ့ရောက်ပါက ရေထွက်ရှိရာ နတ်စင်မှာ သွားဆုတောင်းကြတာက ရေတွေပေါများပါစေ၊ လယ်ယာအတွက် ရေလုံလောက်မှုရှိပါစေ စတဲ့ဒေသခံတွေ ယုံကြည်ချက်အတိုင်း ဆုတောင်းသွားကြပါတယ်။

နှစ်စဉ်နှစ်တိုင်း ရေရရှိဖို့ ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပေမယ့် သျှမ်းပြည်အတွင်းမှာ ရေထွက်ကြော အများအပြားရှိတဲ့ မိုးနဲမြို့ မှာဆိုရင် ရေခမ်းခြောက်မှုတွေကတော့ စတင်ကြုံတွေ့လာရပါပြီ။

“ဒီနှစ်တော့ ရေတော်တော်လေးကို ခမ်းခြောက်သွားပြီ။ အရင်နှစ်တွေက ဒီလိုမျိုးခန်းခြောက်ဖူးတာ မကြုံဖူးဘူး” လို့ မိုးနဲမြို့ ဒေသခံ စိုင်းမောင်ကြီးက ဆိုပါတယ်။

မြို့သမိုင်း

မိုးနဲမြို့သည် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်ထဲမှာ ပါရှိပြီး ရှေးဟောင်းစေတီပုထိုးတွေ၊ ဂူတွေ၊ ရှေးဟောင်း ယဉ်ကျေးမှု အထောက်အထားတွေနဲ့ ကျော်စောပါတယ်။

စေတီပုထိုးတွေ များပြားမှု၊ ရှေးဟောင်းအမွေအနှစ်တွေလည်း များပြားတာကြောင့် ဒုတိယပုဂံ (သျှမ်းပုဂံ) လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

ခေတ်အဆက်ဆက် စော်ဘွားတွေနဲ့ အုပ်ချုပ်ခဲ့တဲ့ မိုးနဲမြို့ဟာဆိုရင် ပထမ မိုးနဲ၊ ဒုတိယ မိုးနဲ၊ တတိယမိုးနဲ ဆိုပြီး တည်ထောင်ခဲ့ပါတယ်။ ပထမ မိုးနဲကို ယခုလက်ရှိ မိုးနဲမြို့၏အရှေ့မြောက်ဘက် (၁၈) မိုင်၊ ဒုတိယမိုးနဲကို လက်ရှိမိုးနဲမြို့ရဲ့ အရှေ့ဘက် လေးမိုင်မှာ တည်ထားခဲ့ပါတယ်။

တတိယ မိုးနဲကိုတော့ ဘုရင့်နောင်မင်းတရားလက်ထက် ၁၅၅၇ ခုနှစ်က မိုးနဲစော်ဘွား စဝ်ပိတ်ဟုမ်ဖက တည်ခဲ့ပါတယ်။ မိုးနဲစော်ဘွားသည် ဘုရင့်နောင်မင်းတရားကို သစ္စာခံသော်လည်း သားတော်ညောင်ရမ်းမင်းက ၁၆၀၃ ခုနှစ်တွင် မိုးနဲမြို့ကို သိမ်းပိုက်ခဲ့ကာ စော်ဘွားအဆက်ပြတ်တောက်ခဲ့ပြီး မြန်မာလက်အောက်ကို ကျရောက်ခဲ့ရပါတယ်။

Photo Credit to Saimone Lurn/ ပြုပြင်ထိန်းသိမ်းနေဆဲ မိုးနဲမြို့ရှိ ရှေးဟောင်းစေတီတော်တချို့

မိုးနဲမြို့အဝင်ကားလမ်းမှာ ကြာဖူးနှစ်ခု အုတ်တံတိုင်းကို တည်ဆောက်ထားတာဟာ မြို့ရဲ့ အထင်ရှားဆုံးတစ်ခု ဖြစ်ပါတယ်။ မြို့တွင်းဝင်သွားတာနဲ့ ရှေးဟောင်း အငွေ့အသက်ကိုလည်း ရရှိစေစမြဲပါ။

မြို့ဝင်ကြာဖူး၊ လွိုင်လင်ကျောင်း၊ ရှေးဟောင်းမွေတော်စေတီစု၊ ညောင်ကိုင်းဆက်၊ ဒေဝီ ၁၂ ပါးဂူ၊ အရိပ်မထွက် နှစ်ကျိတ်ရှစ်ဆူဘုရား၊ မိုးနဲဟော်နန်း၊ စက်တော်သဘာဝရေထွက်၊ဘေးမဲ့တော နဲ့ စော်ဘွားခေတ် အသုံးအဆောင်ပစ္စည်းတွေဟာ မိုးနဲမြို့ရဲ့ စိတ်ဝင်စားစရာ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် နွားကြေးစည်ရုပ်ထုကလည်း မိုးနဲမြို့ရဲ့ အထင်ကရ သမိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ထိုနွားကြေးစည်ရုပ်ထုကို ကျိုင်းတုံစော်ဘွားက မိုးနဲမြို့ကို အလည်လာပြီးနောက်ပိုင်း မေတ္တာလက်ဆောင် အဖြစ်ပေးခဲ့ဖူးပါတယ်။

စော်ဘွားခေတ်ကတည်းက တည်ဆောက်ထားတဲ့ မီးလင်းတိုင်ကလည်း အခုထိ ခိုင်ခန့်စွာ တည်ရှိနေပါသေးတယ်။

“ရှေးဟောင်းပစ္စည်း အမွေအနှစ်တွေလည်း အခုထိရှိနေသေးတယ်။ မီးလင်းတိုင်ဆိုလည်း စော်ဘွားခေတ်ကတည်းက ခုထိရှိနေသေးတယ်။ နွားကြေးစည်ရုပ်ဆိုလည်း သူ့သမိုင်းက ထပ်ရှိသေးတယ်။ မိုးနဲကတော့ သမိုင်းနဲ့ပြည့်နေဆဲပါ။ စော်ဘွားခေတ်တုန်းကဆိုရင် နေထိုင်လို့လည်း အရမ်းကောင်းတာပေါ့” ဟု မိုးနဲစော်ဘွားရဲ့ သားတော် စဝ်ဆိုင်မိန်းက ပြောပြပါတယ်။

သဘာဝပတ်ဝန်းကျင် ဆုံးရှုံးလာ

မိုးနဲမြို့ဟာ တောင်တန်းတွေနဲ့ ဝန်းရံထားပြီး သစ်ပင်သစ်တောတွေ ပေါများတဲ့ ဒေသတစ်ခုဖြစ်သလို ရေထွက်ပေါများတဲ့ ဒေသ၊ လယ်ယာစိုက်ပျိုးမှု ဖြစ်ထွန်းတဲ့ဒေသ တစ်ခုလည်း ဖြစ်ပါတယ်။

မိုးနဲမြို့မှာ သောက်သုံးရေ၊ လယ်ယာစိုက်ပျိုးရေအတွက် အသုံးပြုဖို့ အခက်ခဲမရှိခဲ့ဖူးပေမယ့် လက်ရှိ ယခုနှစ် အတွင်းမှာတော့ ပြည်သူတွေက အသုံးပြုဖို့ ရေအတွက် ရင်လေးနေကြရပါတယ်။

မိုးနဲမြို့မှာ သောက်သုံးရေ၊ လယ်ယာစိုက်ပျိုးရေးအတွက် အသုံးပြုဖို့ အခက်ခဲမရှိခဲ့ဖူးပေမယ့် လက်ရှိမှာတော့ ရေအသုံးပြုဖို့အတွက် ပြည်သူတွေ ရင်လေးနေကြရပါတယ်။

မိုးနဲမှာ တောတောင် သဘာဝက ထွက်တဲ့ရေတွေကို အဓိက အသုံးပြုကြပါတယ်။ အများဆုံး အသုံးပြုတဲ့ရေတွေက နမ့်ဟူးစက်တော်၊ နမ့်နောင်လုံ၊ နောင်ဥယျာဉ်၊ နမ့်တွန်၊ နမ့်တိန်းချောင်းတွေ ရှိနေပါတယ်။

နမ့်ဟူးစက်တော်မှ စီးဆင်းလာတဲ့ နမ့်တွန်ကိုတော့ ပြည်သူတွေက လယ်ယာစိုက်ပျိုးဖို့ အဓိက အသုံးပြုကြပြီးတော့ နမ့်နောင်လုံ နဲ့ နောင်ဥယျာဉ်ကိုတော့ သောက်သုံးရေ အဖြစ် အဓိကအသုံးပြုကြပါတယ်။

အရင်က တောတောင် သစ်ပင်တွေ စိမ်းစိုနေပြီး ရေကို ကြွယ်ဝချမ်းသာစွာရရှိခဲ့တဲ့ မိုးနဲမြို့မှာဆိုရင် လက်ရှိမှာ ရေတွေအားလုံးက ခမ်းခြောက်လုနီးပါးဖြစ်နေသလို တောင်တွေကလည်း တောင်ဂတုံးဖြစ်လာနေပါတယ်။

နွေရာသီမှာဆိုရင်လည်း အပူချိန်တွေ မြင့်တက်လာနေပြီး သုံးဖို့ ရေတောင် ရှားပါးလာတဲ့အဆင့်ထိပါပဲ။

“ဒီနှစ်မှာတော့ အရမ်းပူတယ်။ အရင်နှစ်တွေထက်ပူတယ်။ ရေလည်းတော်တော်လေး ခမ်းခြောက်လာပါတယ်။ သစ်ပင်တွေလည်း သိပ်မရှိတော့ဘူး” လို့ တောင်သူဖြစ်တဲ့ လုံးမောင်က ပြောပြပါတယ်။

အခုလို ရေတွေခမ်းခြောက်၊ အပူချိန်တွေမြင့်တက်လာတာဟာ သစ်တောတွေ ပြုန်းတီးမှုကြောင့် ဖြစ်ပြီး၊ လက်ရှိစိုက်ပျိုးရေးမှာ ဈေးကောင်းရနေတဲ့ ပြောင်းဖူးကို ပြောင်းလဲ စိုက်ပျိုးလာတာကြောင့် ဖြစ်ပါတယ်။

မိုးနဲမြို့အတွင်းမှာ ပြည်သူတွေဘက်လည်း သစ်ပင်တောပင်တွေကို ခုတ်ပစ်နေတာရှိသလို၊ ကုမ္ပဏီတွေဘက်ကလည်း လာရောက်ခုတ်ယူပြီး စီးပွားရေးလုပ်နေတာရှိပါတယ်။

သစ်ပင်တွေကို မိုးနဲမြို့အပြင် လင်းခေးမြို့၊ မောက်မယ်မြို့၊ ကျိုင်းတောင်းမြို့တွေမှာလည်း သစ်များကို ခုတ်ယူပြီး ရောင်းချနေလျက်ရှိပါတယ်။

“ခြံလုပ်တဲ့သူတွေကလည်း သူတို့ခြံထဲရှိတာကို ခုတ်ပစ်လိုက်တယ်။ ပြီးတော့ ခြံလုပ်တာပေါ့။ တစ်ချို့ကလာတဲ့ သူတွေကလည်း ၂၀ ဘီးကားတွေနဲ့ သစ်ပင်တွေကို ခုတ်သွားပြီး သယ်ယူသွားနေကြတာဘဲ။ ဘယ်အဖွဲ့က လာတာလဲ တော့ မသိဘူး” လို့ မိုးနဲမြို့တွင်း တက်ကြွလှုပ်ရှားတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

နောက်ဆက်တွဲဆိုးကျိုး

သစ်ပင်တွေ ပြုန်းတီးလာတာနဲ့အမျှ မိုးနဲမြို့မှာဆိုရင် တစ်ခါမှ မကြုံဖူးတဲ့ ရေပြဿနာကို လက်ရှိမှာ ခံစားနေကြပါတယ်။

ရေးခမ်းခြောက်လာတဲ့မိုးနဲ

“ဟိုးအရင်နှစ်တွေဆိုရင် ဒီလိုရေအတွက် စိတ်ပူပြီး ခမ်းခြောက် ပြဿနာကို မကြုံဖူးဘူး။ အခုတော့ ရေပြဿနာကို စကြုံနေကြရပြီ။ သစ်ပင်တွေကို ခုတ်ပစ်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့” လို့ အသက် ၂၅နှစ်အရွယ်ရှိ စိုင်းဖက ပြောပါတယ်။

၂၀၀၈ ခုနှစ်က စပြီး ၂၀၂၀ခုနှစ် အထိ ခုတ်ယူလာတဲ့ သစ်ပင်တွေ အားလုံးက ကုန်နေပြီး ခုတ်စရာတွေတောင် မရှိတော့ကြောင်း စိုင်းဖ က ဆက်ပြောပြပါတယ်။

လက်ရှိ မိုးနဲမြို့မှာဆိုရင်လည်း ပြည်သူတွေက ပြောင်းဖူးကို ပိုမိုစိုက်ပျိုးလာကြပြီး ခြံတွေကို တိုးချဲ့လာတာနဲ့အမျှ သစ်ပင်တွေကိုလည်း ပိုမိုခုတ်လာကြပါတယ်။

ဒါ့အပြင် ယခုနောက်ပိုင်း လျှပ်စစ်မီး ပုံမှန်မရရှိတော့တာကြောင့် ပြည်သူတွေက သစ်ပင်ကို ခုတ်ပြီး ထင်းအဖြစ်လည်း အသုံးပြုနေကြပါတယ်။

သစ်ပင်အများအပြားခုတ်သည့်မိုးနဲ

“ပြည်သူတွေကလည်း စိုက်ပျိုးဖို့ ခြံတွေချဲ့တော့ သစ်ပင်တွေကို ခုတ်ပစ်ကြတာရှိတယ်။ အခုက ပြောင်းဖူး စိုက်ကြတယ်လေ။ ပြောင်းဖူးစိုက်ဖို့နေရာမရှိတော့ သစ်ပင်တွေခုတ်ကြတယ်။ ပြီးတော့ လျှပ်စစ်မီးမရတော့ ထင်းလုပ်ဖို့သွားခုတ်ကြတာတွေလည်းရှိတယ်”လို့ စိုင်းဖ က လက်ရှိကြုံတွေ့နေရတာကို ပြောလာပါတယ်။

လက်ရှိမိုးနဲမြို့မှာ သစ်ပင်တွေ ၇၀ ရာခိုင်နှုန်းလောက်က မရှိတော့ဘူးလို့ ဒေသခံတွေက စိုးရိမ်ပူပန်မှုတွေနဲ့ ပြောလာကြပါတယ်။

သစ်ပင်မရှိမှုကြောင့် နောက်ဆက်တွဲ ရေခန်းခြောက်လာပြီး လက်ရှိမှာ တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးရေးအတွက် ရေအခက်ခဲတွေရှိလာပါတယ်။

လယ်သမားတွေအတွက် အခုနှစ်မှာ စပါးစိုက်ပျိုးဖို့ အခက်ခဲများစွာရှိနေပြီး စပါးမစိုက်ပျိုးနိုင်တော့မှာကိုလည်း ပြည်သူများက စိုးရိမ်နေကြသလို ရေခန်းခြောက်မှုကြောင့် ယခုနှစ်အတွင်းလယ်ကွက်ထဲ ရေမသွင်းနိုင်တော့ဘူးလို့ လယ်သမားများက ငြီးငြူနေကြပါတယ်။

“ဒီနှစ် စပါးကော စိုက်ရမလားမသိဘူး။ ရေက အရမ်းခမ်းခြောက်လာတော့ လယ်ကွက်ထဲ ရေသွင်းနိုင်မလားမသိဘူး။ ရေမသွင်းနိုင်ဘူးဆိုရင် စပါးကလည်း စိုက်လို့မရတော့ဘူး။ မိုးရေကိုဘဲ မျော်နေရတော့မယ်” လို့ လယ်သမားကြီး လုံးမောင်က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အခြေနေ နဲ့ ကိုဗစ် ၁၉ ကပ်ရောဂါတွေကြောင့် ကုန်ဈေးနှုန်းတွေလည်း မြင့်တက်တဲ့အပြင် လျှပ်စစ်မီးလည်း ပုံမှန်မရရှိနေပါဘူး။

ကုန်ဈေးနှုန်းတွေမြင့်တက်လာတာနဲ့အမျှ တောင်သူလယ်သမားများအတွက်လည်း မျိုးစေ့ဝယ်စိုက်ပျိုး ဖို့ အတွက်လည်း အခက်ခဲရှိနေပါတယ်။

ဒါ့အပြင် ဓာတ်ဆီဈေးတွေလည်း မြင့်တက်လာတာကြောင့် လယ်ကွက်ထဲ ရေတင်သွင်းရာတွင်လည်း အခက်ခဲများစွာရှိလာနေပါတယ်။

“လယ်ကွက်ထဲ ရေသွင်းချင်ရင်တော့ ရတယ်။ ဒါမယ့်စက်နဲ့ စုတ်ပြီးတော့ တင်ရမယ်လေ။ စက်နဲ့စုတ်ဖို့ ဓာတ်ဆီလိုတယ်။ အခုက ဓာတ်ဆီဈေးလည်း တက်လာတယ်။ ပြီးတော့ မျိုးစေ့တွေလည်း ဈေးအကုန်တက်တော့ အရင်းတွေနဲ့ မကိုက်ဘူး။ လုပ်အားခတောင်ပြန်မရနိုင်ဘူး”လို့ လုံးမောင်က ပြောပါတယ်။

အရင်က မိုးနဲမြို့နယ်ထဲမှာ ကျောက်မီးသွေးတွင်းတွေလည်း အများကြီးတူးဖော်ခဲ့ပြီး၊ လတ်တလောမှာတော့ ကျောက်မီးသွေးတူးဖော်မှုကို ရပ်နားထားကြပါတယ်။ ဒေသခံတွေကတော့ ကျောက်မီးသွေး ပြန်တူးဖော်လာမှာကိုတော့ စိုးရိမ်နေကြပါတယ်။

မိုးနဲ လယ်ယာလုပ်ကိုင်သူတွေကတော့ ရေတွေပေါများဖို့၊ လယ်ယာတွေ ဖြစ်ထွန်းဖို့အတွက် နှစ်စဥ်မပြတ် ဆုတောင်းခဲ့ပေမယ့် ရေခမ်းခြောက်တဲ့ ပြဿနာကိစ္စက ဆုတောင်းမပြည့်ခဲ့ကြပါဘူး။

Leave a Comments

- Advertisement -spot_img

Latest article