သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့နှင့် သျှမ်းပြည်တိုးတက် ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)တို့ စစ်ရေးတင်းမာနေလျက်ရှိကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက် နေပြည်တော်ဆွေးနွေးမှုတွင် သဘောတူညီချက်မရကြသည့် SSPP/SSA နှင့် စစ်ကောင်စီတို့သည် ယခု ဧပြီလဆန်းပိုင်းမှစတင်ကာ စစ်ရေးတင်းမာမှုများရှိနေကြပြီး လက်ရှိ သျှမ်းပြည် တောင်ပိုင်း ရပ်စောက်ဘက်တွင်လည်း စစ်ကောင်စီ တိုက်လေယာဥ် ၃ စီး ဗထူးတပ်သို့ ရောက်ရှိနေကြောင်း သိရသည်။
“အရင်နေ့က နှစ်စီး၊ မနေ့က နှစ်စီး စုစုပေါင်း တိုက်ပွဲသုံးတိုက်လေယာဥ် ၄ စီးက ဗထူးတပ်ထဲမှာ ရောက်နေပါတယ်၊ ပြီးတော့ တနေ့နှစ်ခေါက်လောက် ကောင်းကင်က ထောက်ပို့လုပ်တာ တွေ့နေရတယ်၊ ဖယ်ခုံဘက်ကို ပျံသွားတာရှိသလို တခါတလေလည်း တပ်ပေါင်းစု (SSPP/SSA) နေရာတွေနားမှာ ဝဲနေတာ” ဟု ရပ်စောက်မြို့နယ် အင်တောြမို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ရပ်စောက်မြို့နယ် ကျောက်ဂူ၊ အင်တောမြို့အတွင်းတွင် SSPP/SSA တပ်ဖွဲ့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုများက သွားလာလှုပ်ရှားနေလျက်ရှိရာ စစ်ကောင်စီတို့က လေကြောင်းဖြင့် ကင်းလှည့်ခြင်းများကို နေ့စဥ်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် လက်ရှိ ကျောက်ဂူ နှင့် အင်တောမြို့အတွင်းတွင် SSPP/SSA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့က တစ်ဖက်စီနေရာယူထားကြပြီး စစ်ရေးတင်းမာနေလျက်ရှိသည့်အတွက် တိုက်ပွဲ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြောင်းလည်း သိရသည်။
“သူတို့က မြေပြင်မှာလည်းအချင်းချင်းချောင်းနေတဲ့ အနေအထားရှိမယ်၊ စစ်ကောင်စီတွေကလည်း မဟာမိတ်တွေ ရပ်စောက်ဘက် တိုးမလာဖို့ မြေပြင်မှာလည်း စောင့်နေကြသလို လေယာဥ်နဲ့ ခဏခဏပတ်ကြည့်တယ်၊ တိုက် ပွဲဖြစ်ရင် ကရင်နီဘက်ကလိုမျိုး စစ်ကောင်စီဘက်က ဗုံးကျဲတာတွေရှိမှာစိုးရိမ်နေရတယ်၊ မလုပ်ဘူးလို့ ပြောမရ ဘူးလေ” ဟု အင်တောမြို့မှ ဒေသခံက ပြောသည်။
မတ်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီဘက်က သျှမ်းပြည်တောင်ပိုင်းအတွင်း ရောက်ရှိနေသည့် SSPP/SSA တပ်များအား ပြန်ဆုတ်ရန် ညွှန်ကြားသော်လည်း SSPP/SSA လက်မခံရာမှ ယခုလို စစ်ရေးတင်းမာမှု များ ရှိလာခြင်း ဖြစ်သည်။












Leave a Comments