“အသက်ရင်းပြီး အာဏာရှင်ကို တော်လှန်ဖို့ လက်နက်ထောက်ပံ့ပေးပါ”

“မိုးရေထဲမှာ ၃ ရက် စစ်ရေးလေ့ကျင့်ရချိန်တုန်းက တော်တော်ခံရတယ်။ လေးဖက်နာ ဝေဒနာရှိတော့ ခံနိုင်ရည် သိပ်မရှိဘူးလေ” လို့ စစ်သင်တန်း ပထမဆုံး စလေ့ကျင့်စဉ်က အဖြစ်အပျက်ကို ရဲဘော် အာရှိုင်း က ပြန်ပြောပြနေပါတယ်။

ရဲဘော်အာရှိုင်း ဟာ အသက် ၂၃ နှစ် အရွယ်သာရှိပြီး လေးဖက်နာရောဂါအခံ ရှိထားသူဖြစ်ပေမယ့် စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် ရောဂါကို ဘေးဖယ်ထားပြီး မိုးရေထဲ စစ်ရေးလေ့ကျင့်ခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ သျှမ်းပြည်သားဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့အတွက် ကရင်နီဒေသသို့ ထွက်ပြေးလာရပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF ကို ဝင်ရောက်ကာ လက်နက်ကိုင် တော်လှန်ရေးတပ်သား ဖြစ်လာပါတယ်။

“ကျနော်တို့ လက်ညိုးသုံးချောင်းထောင်နေရုံနဲ့တော့ မထူးနိုင်တော့ဘူး။ စစ်တပ်ကလည်း ဖမ်းဆီးမှုရှိလာတော့ လက်နက်ကိုင်ပြီး ကျနော်တို့လိုချင်တာ တိုက်ယူဖို့ KNDF ထဲကို ဝင်ရောက်လာခဲ့တာပါ” လို့ ရဲဘော်အာရှိုင်းက PDF ထဲ ဝင်ရောက်လာပုံအကြောင်းကို ပြောပြပါတယ်။

ရဲဘော်အာရှိုင်းဟာ စစ်သင်တန်းတက်ပြီးနောက် မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့တွေကို ကိုယ်တိုင်ကိုယ်ကျ ရှေ့တန်းထွက်တိုက်နေတဲ့ KNDF တပ်ရင်း ၇ တပ်ခွဲ ၄ က တပ်ဖွဲ့ထိန်းမှူး ဖြစ်နေပါပြီ။

သူကတော့ စစ်သင်တန်းတက်စဥ်မှာ အခက်အခဲ ပင်ပန်းမှုတွေ စုံလင်စွာ ကြုံတွေ့ခဲ့ရတဲ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်က သျှမ်း – ကယားနယ်စပ် နန်းမယ်ခုံတိုက်ပွဲမှာ အသက်ဘေးမှ လွတ်မြောက်လာခဲ့သူလည်း ဖြစ်ပါတယ်။

“စစ်သင်တန်းတက်နေတဲ့ တချိန်လုံး အခက်အခဲတွေများစွာ ကြုံရပေမဲ့ နောက်ဆုတ်ဖို့ တစက်ကလေးမှ မတွေးဘူး၊ ဘာကြောင့်လဲဆိုရင် ဒီကောင်တွေက လက်နက်အားကိုးနဲ့ လက်နက်မရှိတဲ့ပြည်သူတွေကို ပစ်သတ်နေတာ။ ကျနော်တို့က လက်နက်ကိုင်ပြီး ပြန်တော်လှန်မှရမယ် ဆိုတဲ့စိတ်နဲ့ ဘယ်လောက်ပဲထိခိုက် ခက်ခဲနေပါစေ နောက်ဆုတ်ဖို့ မတွေးဖူးဘူး” လို့ ရဲဘော်အာရှိုင်းက ပြတ်သားစွာ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ရှေ့တန်းကိုထွက်ခါနီးအချိန် နှစ်ရက်အလို အမေနဲ့ သား ၂ ယောက်တည်းကျန်တဲ့ မိသားစုမှာ (ဖေဖော်ဝါရီ ၁၄) အမေဖြစ်သူ ဆုံးသွားတဲ့ သတင်းကြောင့် အာရှိုင်းတယောက် ဆောက်တည်ရာမရ ဖြစ်သွားခဲ့ရပါတယ်။

စစ်ကောင်စီတို့ အလိုရှိနေတဲ့ သူ တစ်ဦးဖြစ်နေတဲ့အတွက် အမေရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့် မရှိပေမဲ့ စိတ်ဓါတ်ကို ပြန်တင်းပြီး တိုက်ပွဲဝင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ ဟာ ယနေ့ချိန်ထိ သျှမ်းတောင်နှင့် ကရင်နီပြည် အစပ်မှာ ပြင်းထန်စွာ ထိုးစစ်ဆင် နေပါတယ်။

အဲ့ဒီလို ပြင်းထန်စွာ ထိုးစစ်ဆင်နေမှုတွေကြောင့် ရဲဘော်အာရှိုင်းတို့ဟာ သာမာန်ကျောင်းသားလူငယ်ဘဝကနေ သေနတ်သံ လက်နက်ကြီးသံတွေနဲ့ ယှဥ်ပါးလာပြီး ပြန်တော်လှန်ပစ်ခတ်ဖို့လည်း လက်နက်အင်အားမရှိတာကြောင့် အသက်အတွက် ကံတရားကို ယုံကြည်ထားတယ်လို့ ပြောဆိုလာပါတယ်။

“သေနတ်ကို ကြောက်တဲ့အဆင့်ကနေ လက်နက်ကြီးကို ကြောက်တယ်၊ လက်နက်ကြီးကြောက်ရာကနေ လေယာဥ်နဲ့ လာချမှာကို ကြောက်ရတယ်၊ ဒါပေမဲ့ အခုချိန်မှာတော့ အရာရာကို ကံတရားလို့ပဲ သတ်မှတ်လိုက်တယ်၊ လေယာဥ်ကို ပစ်တဲ့ လက်နက် ကျနော်တို့မှာ မရှိဘူး” လို့ ရဲဘော်အာရှိုင်းက ခံပြင်းသံနဲ့ ပြောဆိုလာပါတယ်။

လက်ရှိ ဒီအာဏာရှင်တော်လှန်ရေးအခန်းကဏ္ဍကနေ လက်နက်ကိုင်တိုက်ပွဲဝင်ကြတဲ့ တချို့သက်ငယ်ပိုင်း လူငယ်လေးတွေဟာ နိုင်ငံအာဏာသိမ်းမှုမဖြစ်ပွားခင်က သူတို့စိတ်ဝင်စားတဲ့ နည်းပညာ ပညာရေးနဲ့ လူမှုရေး နယ်ပယ်ထဲမှာ ကျင်လည်နေရင်း နိုင်ငံရေးအကြောင်းကိစ္စတွေကို ဥပေက္ခာ ပြုထားကျတဲ့သူတွေ ဖြစ်ပါတယ်။

၂၀၂၁ အာဏာသိမ်းခံရပြီးတဲ့ နောက်ပိုင်းမှာတော့ သူတို့ဟာ ရှေ့တန်းကိုရောက်လာကြပါတယ်၊ နိုင်ငံရေး လှုပ်ရှားမှုထက် တော်လှန်ရေးအင်အားစုဖြစ်တဲ့ ဒီလူငယ်အင်အားစုတွေဟာ သူတို့လိုချင်တဲ့ နိုင်ငံအနာဂတ် သူတို့အနာဂါတ်ကို သူတို့ကိုယ်တိုင် ဖော်ဆောင်တိုက်ခိုက်ပြီး ရယူဖို့ ကြိုးစားနေကြတာပါ။

သူတို့ယုံကြည်ချက်က သူတို့မျှော်လင့်ချက်နဲ့ အိပ်မက်တွေကို ဖျက်စီးတဲ့ စစ်အုပ်စု အာဏာရှင်အုပ်စုကို တော်လှန်ဖို့သာ ဖြစ်တယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဆန္ဒပြပွဲတွေမှာ အမျိုးသမီးတွေ ပါဝင်ခဲ့သလို အခုလို လက်နက်စွဲကိုင် တော်လှန်နေကြတဲ့အထဲမှာလည်း အမျိုးသမီးတွေများစွာက ကျရာအခန်းကဏ္ဍ အသီးသီးကနေ ပါဝင် နေကြပါတယ်။

“စစ်ကောင်စီနဲ့ တိုက်ခိုက်တဲ့အခါမှာ လက်နက်မရှိလို့ တိုက်နိုင်သင့်သလောက် မတိုက်နိုင်ဘူး၊ ဒါကြောင့် ဒီလက်နက်တွေ ရရှိလာအောင်လို့ ကျမက ဘဏ္ဍာရှာဖွေရေး ကဏ္ဍမှာ ပါဝင်လုပ်ဆောင်ခဲ့တယ်” လို့ ရဲဝင့်စွာ ပြောပြလာသူကတော့ မထက်ထက်အောင် ဖြစ်ပါတယ်။

သူမဟာ အရင်က မိဘလုပ်ငန်းတစ်ဖက်နဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်နေပြီး အစပိုင်းမှာတော့ သူမရဲ့ မိဘတွေအနေနဲ့ လက်နက်ကိုင်တော်လှန်ဖို့ဆိုတာကို လက်မခံခဲ့တဲ့ကြား မရမက တောခိုထွက်လာခဲ့တယ်လို့လည်း မထက်ထက်အောင်က အတိတ်က အဖြစ်အပျက်တွေကို ပြောပါတယ်။

အာဏာမသိမ်းခင်အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်လာမယ်လို့ မထက်ထက်အောင်လို အမျိုးသမီးတွေက စိတ်ကူးမရှိခဲ့ပါဘူး။ ဒါပေမဲ့ စစ်တပ်ရဲ့ ပြည်သူအပေါ် သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို မြင်တွေ့ ရပြီးတဲ့အခါမှာတော့ လက်နက်ကိုင်တော်လှန်ရေး အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါတော့တယ်။

“ဒါတွေအားလုံး မဖြစ်ခင်တုန်းကဆို ကျမက အိမ်ကအလုပ်နဲ့ ကျမကျောင်းစာကိုပဲ စိတ်ဝင်စားတဲ့သူ၊ တောထဲမှာနေရတာ မြေကြီးပေါ်မှာ အိပ်ရတယ်၊ ပြီးတော့ အိမ်သာတက်ရတဲ့ကိစ္စ အလေ့အကျင့်ဖြစ်အောင် လုပ်ရတာ အခက်ဆုံးပဲ၊ ဒါပေမဲ့ စခန်းကရဲဘော်တွေအားပေးမှုနဲ့ အချင်းချင်း ကူညီစောင့်ရှောက်မှုတွေကြောင့် ကျမ အားလုံးကို ဖြတ်ကျော်နိုင်ခဲ့တယ်” လို့ မထက်ထက်အောင်က ဆက်ပြောထားပါတယ်။

အခုဆိုရင်လည်း မထက်ထက်အောင်တို့လို အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်နေတဲ့ သူတွေဟာ တချို့ဆိုရင် မိဘရဲ့ အမွေပြတ် စွန့်လွှတ်တာတွေ၊ တချို့က ကိုယ့်အိမ်မှာ နေခွင့်မရဘဲ တိမ်းရှောင်နေရတာတွေ၊ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်ခံရတာတွေနဲ့ မိသားစုဝင်တွေ ဆုံးရှုံးခံရတာတွေ စတဲ့ ဒုက္ခမျိုးစုံတွေ များလာလေ စစ်ကောင်စီကို လက်နက်ကိုင်လမ်းစဥ်နဲ့ တော်လှန်ဖို့ စိတ်ဓာတ်ခိုင်လာကြပါတယ်။

“သာမန်ကျောင်းသူဘဝကနေ အခုလို လက်နက်ကိုင် တော်လှန်ရေးသမားဖြစ်လာတော့ ခံစားချက်အရဆိုရင် အရမ်းနာကျည်းဖို့တော့ ကောင်းတယ်” လို့ မထက်ထက်အောင်က ပြောပါတယ်။

လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေလို့ ခေါ်ဆိုကြတဲ့ အာဏာရှင်ကိုတိုက်နေတဲ့ တပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ် ယာဉ်တန်းတွေကို တိုက်ခိုက်တာ၊ စစ်အစိုးရကို အလုပ်လုပ်ပေးပြီး သစ္စာခံနေတဲ့သူတွေကို လုပ်ကြံတာတွေ လုပ်ဆောင်နေပြီး သိမ်းဆည်းရမိတဲ့သေနတ်တွေ ဒါမှမဟုတ် ကိုယ့်တိုင်ဖန်တီးထားတဲ့ အိမ်လုပ်သေနတ်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြု တိုက်ခိုက်နေကြပါတယ်။

“ကျနော်တို့အတွက် လက်နက်ပိုင်းထောက်ပံ့ပေးပါ၊ ကျနော်တို့က အသက်နဲ့ ရင်းပါ့မယ်၊ လက်နက်တွေသာ လုံလောက်ရင်၊ ဒီလောက်ထိ ဈေးမကြီးရင်၊ ရဲဘော်တွေလည်း အဲ့လောက်ထိကျမယ်မထင်ဘူး၊ အခုလက်နက်ဈေးက သိန်း ၁၀၀ နီးနီးရှိနေတော့ ကျနော်တို့ တော်လှန်ရေးတပ်သားအသက်တွေ စတေးခံနေရတယ်၊ လက်နက်ဈေးကြီးပြီး တော်လှန်ရေးအသက်က ဈေးပေါနေတယ်” လို့ ရဲဘော်အာရှိုင်းက ပြောဆိုထားပါတယ်။

နိုင်ငံတော်အာဏာကို လုယူသိမ်းဆည်းခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ခြုံခို တိုက်ခိုက်မှုတွေ မြို့ပြပျောက်ကျားတပ်ဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကြောင့် အထိနာခဲ့ကြပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတွေဟာ ကရင်နီဒေသအတွင်းက တော်လှန်ရေးအင်အားစုနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ဆင်ရေးတွေ အထူးပြုလုပ်ပြီး နှိမ်နင်းနေတဲ့အပြင် ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာတွေကိုလည်း အများအပြား ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးမှာ မပါဝင်နိုင်အောင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ပေမဲ့ ပြည်သူတွေကတော့ အာဏာသိမ်းကာလ တစ်နှစ်ကျော်တဲ့အထိ စစ်အာဏာရှင် တွန်းလှန်လိုစိတ်တွေ မလျော့သွားပါဘူး။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...