သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တပေါင်းပွဲတော်မှ ပြန်လာသည့် ဘုရားဖူး ထော်လဂျီ တစ်စီး တိမ်းမှောက်ပြီး ထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်းသိရသည်။

မတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် မိုင်းကိုင်မြို့ မွေတော်ဘုရားဖူးပြီးအပြန်ခရီး ကောင်းမူးတန် ကျေးရွာအနီးတွင် ထော်လဂျီတစ်စီး တိမ်းမှောက်ကာ အမျိုးသမီး တစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မိုင်းကိုင်မွေတော်ဘုရားဖူးပြီးအပြန်ခရီးမှာ ယာဥ်အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်သွားတယ်လို့ သိရပါတယ်၊ ထော်လဂျီပေါ် လိုက်ပါသူက စုစုပေါင်း ၂၀ လောက်ရှိမယ်၊ အဲ့မှာ ၁၅ ယောက်က ဒဏ်ရာရတယ်၊ အဘွားအို တစ်ယောက်တော့ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။
သေဆုံးသူသည် အသက် ၈၀ ကျော် အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၁၅ ယောက်အနက် ၃ ယောက်က ဒဏ်ရာပြင်းထန်သည့်အတွက် လွိုင်လင်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။
“တချို့ ဒဏ်ရာမပြင်းတဲ့သူတွေကျတော့ ရွာပြန်ပြီး အိမ်မှာပဲကုတယ်၊ ၃ ယောက်ကတော့ ဒဏ်ရာနည်းနည်းပြင်းနေလို့ နာရေးကူညီမှုအသင်းက လွိုင်လင်ဆေးရုံကြီးကို ပို့ထားပေးတယ်” ဟု မိုင်းကိုင်မှ ယာဉ်တိမ်းမှောက်မှုတွင် လိုက်လံကူညီပေးခဲ့သည့် လူငယ်တစ်ဦးက ပြောသည်။
မိုင်းကိုင်မြို့တွင် နှစ်စဥ်နှစ်တိုင်း တပေါင်းလပြည့်ရောက်တိုင်း တပေါင်းဘုရားပွဲကို စည်ကားစွာ ကျင်းပလေ့ရှိပြီး မိုင်းကိုင်မြို့နယ်အပြင် တခြားဒေသမှ ပြည်သူများစွာကလည်း အစဉ်အလာမပျက် ဘုရားဖူးရောက်လာကြကြောင်း သတင်းသိရသည်။











Leave a Comments