သျှမ်းတောင်ဒေသ လောင်းကစားဝိုင်းများ တရားဝင် ခွင့်ပြုနေပြီလား

အကာအရံမပါ သက်ကယ်မိုးထားသည့် တဲကြီး တစ်လုံးထဲတွင် လူများစုဝေးနေပြီး ယွန်းခွက် တစ်ခုကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေသည်။ ဆေးရောင်စုံ ဗီနိုင်းပေါ်တွင် အကောင်ပုံများ ရေးဆွဲထားပြီး ငွေစက္ကူများ ဖွေးဖွေးလှုပ်နေသည်။

ကွမ်းမြုံနေသူက ယွန်းခွက်ကို အသာအယာ လက်ညှိုးဖြင့် ခေါက်ရင်း “လက်ရှောင် ပေါက်ကောင်ဖွင့်မယ်” ဟု ရေရွတ်ကာ ယွန်းခွက်အား အသာအယာ ဖြေးညင်းစွာ ဖွင့်လိုက်သည်။

“ကြက်” ဆိုသည့် တက်ကြွစွာ အော်ဟစ်သံများနှင့် အတူ ညီးတွား ရေရွတ်သံများ ထွက်ပေါ်လာပြီး အတွန့် အခေါက်မျိုးစုံဖြင့် ဖွေးဖွေးလှုပ်နေသည့် ငွေစက္ကူများကို ဒိုင်ဖြစ်သူ၏ အကူများက အလျှော် အစား သွက်လက်စွာ ပြုလုပ်ပေးနေသည်။

စစ်အာဏာ သိမ်းပြီးနောက် သျှမ်းပြည် တောင်ပိုင်းတွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် ပြုလုပ်လျက်ရှိရာ လေးကောင်ဂျင် ကစားဝိုင်းမှာ ကျေးရွာများတွင် သာမက မြို့ပေါ်တွင်လည်း လူကြိုက်များသည့် လောင်းကစား ဖြစ်သည်။

လောင်းကစားဝိုင်းများ ပြုလုပ်နိုင်ကြောင်း ဒေသဆိုင်ရာ စစ်အာဏာပိုင်များက သက်ဆိုင်ရာ ရပ်/ကျေး အာဏာပိုင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ဘုရား ဂေါပကများအား နှုတ်အားဖြင့် ပြောဆိုမှုများရှိကြောင်း ရွှေညောင်မြို့ပေါ် ရပ်ကွက်တစ်ခုမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယခင်က လေးကောင်ဂျင် လောင်းကစားဝိုင်းများကို နယ်စွန် နယ်ဖျားများတွင် စုဝေး လောင်းကစားလေ့ရှိပြီး ယခုကဲ့သို့ တွင်ကျယ်မှုမရှိကြောင်း၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ရွှေညောင်မြို့နယ်အတွင်း လေးကောင်ဂျင်နှင့် အခြား လောင်းကစားဝိုင်းများသည် ကျေးရွာများတွင် သာမက မြို့ပေါ်တွင်ပါ တရားဝင်သဖွယ် ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

“ဘုရားပွဲ လုပ်ရင် လောင်းကစားဝိုင်း မဖြစ်မနေ လုပ်ခိုင်းတယ်၊ လေးကောင်ဂျင်က အကောက် အရမ်း ရတာကိုး၊ ဂုန်းကင်းနဲ့ စက်ပန်းဝိုင်းတွေကြတော့ တစ်ခုံ ဘယ်လောက်ဆိုပြီး နေ့စဉ် ကောက်တယ်။ လေးကောင်ဂျင်က အကောက် ငါးရာခိုင်နှုန်း ထိုးသားကော ဒိုင်ကော ပေးရတာ ဆိုတော့ အသွားအပြန်ဆို တစ်လှည့် တစ်လှည့် မနည်းဘူးရတယ်” ဟု ၎င်းကရှင်းပြသည်။

ဘုရားပွဲများတွင် လေးကောင်ဂျင်သာမက လောင်းကစားနည်း ပေါင်းစုံ ထည့်သွင်းလေ့ရှိသော်လည်း ပုံမှန်အားဖြင့် လေးကောင်ဂျင်ကိုသာ မြို့ပေါ်နှင့် ကျေးလက်များတွင် တစ်နေရာ ငါးရက်ခန့် ပြုလုပ်လေ့ ရှိကြောင်း၊ ရရှိသည့် အကောက်များကို ပုံးအတွင်း ထည့်သွင်းထားပြီး တစ်နေ့တာ လောင်းကစားဝိုင်း ရပ်နားချိန်တွင် ရေတွက်၍ ကစားဝိုင်း စီစဉ်သူက ခွဲဝေပေးလေ့ရှိကြောင်း ဆိုသည်။

“အကောက်ပုံးထဲက ရတဲ့ဟာကို ခွဲကြတာပေါ့။ ကျနော့်ရပ်ကွက်မှာ လာလုပ်ရင် ကျနော်လည်း ရတယ်၊ အိမ်ရှင်ရတယ်၊ ရဲကြေး၊ စစ်တပ်ကြေး၊ လာကစားတဲ့လူတွေကို ထမင်းချက်ကျွေးတဲ့ စားရိတ်၊ လက်ကြီး ကစားသမားတွေ ခေါ်လာပေးတဲ့ ကားသမားတွေကို ကားခ ဘီယာဖိုး ပေးရတာ၊ အဲလို စားရိတ်တွေနှုတ်ပြီး ပိုတာတော့ စီစဉ်သူက ယူတာပေါ့။ ဆိုင်ကယ်၊ ကား၊ ရွှေ၊ ထော်လဂျီ အပေါင်ခံသူတွေလည်း ရှိတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

လောင်းကစားဝိုင်းများ၏ အကျိုးဆက်ကြောင့် ရှမ်းပြည် တောင်ပိုင်းတွင် ခိုးမှု လုယက်မှုများ နေ့စဉ် များပြားစွာ ဖြစ်ပွားနေသော်လည်း ရဲစခန်းများသို့ တိုင်တန်းမှု နည်းပါးနေကြောင်း၊ အထူးသဖြင့် ဆိုင်ကယ်နှင့် ကားခိုးမှု၊ နေအိမ် ဖောက်ထွင်း ခိုးယူမှုများစွာ ဖြစ်ပွားနေသည်ကို သိရှိရကြောင်း စစ်ကောင်စီ လက်အောက်ခံ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်သူက ပြောသည်။

“တိုင်လည်း ဒီအချိန် ကျနော်တို့ ဘာမှ မလုပ်ပေးနိုင်ဘူး၊ မှုခင်း တစ်ခုခုဖြစ်လို့ ရဲစခန်း လာမတိုင်ရင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ကြီးတွေ ဖြစ်စဉ် မှတ်တမ်းတင်ထားဖို့ ခရိုင်မှူးကြီးက ညွှန်ကြားထားတယ်၊ ကစားဝိုင်းတွေက တပ်နယ်မှူး ခွင့်ပြုမှ ကျနော်တို့က ခွင့်ပြုရဲတာ၊ အသေးစိတ်တော့ မပြောရဲဘူး” ဟု ၎င်းကဆိုသည်။

ပွင့်လင်းရာသီတွင် သျှမ်းပြည် တောင်ပိုင်းရှိ မြို့ပေါ်တွင် သာမက ကျေးရွာများစွာတွင်ပါ ဘုရားပွဲများ ပြုလုပ်လေ့ရှိရာ ယခုရက်ပိုင်းအတွင်း စတင် ကျင်းပနေသည့် ကလောမြို့နယ် ရွှေမင်းပုန်းကျေးရွာ ဘုရားပွဲသည် လောင်းကစားဝိုင်း မျိုးစုံဖြင့် စည်ကားနေပြီဖြစ်ကြောင်း ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် နေထိုင်သူ လောင်းကစားဒိုင် နောက်လိုက်တစ်ဦးက ဆိုသည်။

“ကျနော်တို့လည်း ရွှေမင်းပုန်းပွဲ ရောက်နေတယ်။ အဲဒီရွာက ရွှေတွင်းနဲ့ နီးတော့ စည်တယ်။ ငွေပေါတယ် ဆိုတော့ အလုပ်ဖြစ်တယ်” ဟု ၎င်းကပြောသည်။

ယခင်နှစ်က ကိုဗစ်ကြောင့် ရွှေမင်းပုန်း ဘုရားပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း ယခု စစ်ကောင်စီက ပြန်လည် ကျင်းပရန် တွန်းအားပေးသည်သာမက လောင်းကစားဝိုင်းများ စုံလင်စွာ ထည့်သွင်းကျင်းပနေသဖြင့် ဒေသခံများ ဒုက္ခရောက်ကြရတော့မည်ဖြစ်ကြောင်း အသက် ၂၂ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အဖေနဲ့ မောင်လေး နှစ်ယောက်က ကစားဝိုင်းတွေမှာပဲ အချိန်ကုန်နေတယ်။ စုထားတဲ့ ပိုက်ဆံတွေလည်း ကုန်ပြီ၊ မောင်လေးတွေ လောင်းကစားသမား၊ ဆေးသမား ဖြစ်ကုန်မှာ ကြောက်တယ်။ ရွာခံတစ်ချို့လည်း ရွှေရောင်း၊ ဆိုင်ကယ်ရောင်းနဲ့ ကြာရင် အကုန်ဒုက္ခ ရောက်တော့မယ်” ဟု ၎င်းကဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းများ တရားဝင်သဖွယ် လုပ်ကိုင်နေရာက ယခု ပွဲရာသီတွင် နာမည်ကြီး ဘုရားပွဲများတွင်ပါ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပရန် ပြင်ဆင်နေကြောင်း၊ ကျေးရွာ ဘုရားပွဲများတွင် လောင်းကစားဝိုင်းများ ထည့်သွင်းခွင့်ပြုထားသဖြင့် ဒေသခံများ ပိုမို ဆိုးရွားသည့် အခြေအနေများ ရင်ဆိုင်ရဖွယ်ရှိကြောင်း အောင်ပန်းမြို့ခံ ပွဲရုံပိုင်ရှင် ဦးဇော်က သုံးသပ်သည်။

“မကြာခင်လုပ်မဲ့ ပင်းတယ တပေါင်းပွဲမှာလည်း ကစားဝိုင်းတွေပါမယ် ကြားတယ်။ ရွာဘုရားပွဲတွေကလည်း ဆက်နေတော့ ဒိုင်တွေ လာနိုင်မဲ့ရက်မှ ဘုရားပွဲလုပ်မဲ့ ရွာတွေလည်း ရှိနေတယ်။ ခုက အကုန်ခက်ခဲနေကြတော့ သီးနှံတွေ စိုက်ခင်းထဲက ခိုးတာတွေတောင် ရှိနေပြီ။ အဲလို ခိုးတာမျိုး စစ်အာဏာသိမ်းပြီးမှ ဖြစ်လာတာ။ ခုလောင်းကစားကြောင့် ပိုဆိုးမယ်” ဟု ၎င်းက မှတ်ချက်ပြု ပြောသည်။

လောင်းကစားနှင့် အတူ မူးယစ်ဆေးဝါး ရောင်းချမှုများ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြောင်း စိတ်ကြွဆေးပြား တစ်ပြားလျင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်ကြား ရောင်းချကြောင်း လောင်းကစား ဒိုင်အကူက ပြောသည်။

“အရင်က လဖက်ရည်ဆိုင်ထိုင် ဂိမ်းဆော့နေတဲ့ ကျနော့် သူငယ်ချင်း တော်တော်များများ ရွာပွဲတွေ လျှောက်သွား နေတယ်၊ တစ်ခြား ပစ္စည်းတွေ ဈေးတက်ပေမယ့် ဆေးပြားက သိပ်မတက်ဘူး၊ ဝယ်ရ လွယ်နေတော့ ရွာပွဲသွားရင်း တစ်ခါတလေ ဆိုပြီး လုပ်တာကနေ နေ့စဉ်သုံးနေတဲ့ သူတွေလည်း များလာတယ်။ ကျောင်းမတက်ကြတော့ ပိုဆိုးတာပေါ့” ဟု အောင်ပန်းမြို့တွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် လူငယ်က ပြောသည်။

လောင်းကစားနှင့် မူးယစ်ဆေးဝါး၏ အကျိုးဆက်ကြောင့် ကျေးလက်ဒေသတွင် စိုက်ပျိုးခြင်း မပြုနိုင်တော့သည့် တောင်သူ များပြားလာပြီး ယာမြေ ရောင်းချသူများ ပိုများလာကြောင်း ရွှေဈေးတက်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်ကာ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းနေသော်လည်း ရောင်းချသူ များပြားနေသည့် ယာမြေ ဈေးနှုန်းများ မတက်ကြောင်း ပွဲရုံပိုင်ရှင် ဦးအောင်က ဆိုသည်။

“ရှေ့လျှောက် ရွာတွေက ဒုက္ခတွေ ပိုကြားရတော့မယ်။ ကိုယ်က လူကြီးလို ဖြစ်နေတော့ သူတို့ မိသားစု ပြဿနာတွေ ရပ်ရွာ ပြဿနာတွေ ကိုယ့်နား လာရှင်းကြတော့ ဒုက္ခ သုက္ခတွေ ဘယ်လောက်ကြီးနေပြီလဲ ဆိုတာ သိတာပေါ့၊ အမျိုးသမီးတွေလည်း ဒုက္ခရောက်၊ လူငယ်တွေ ပျက်စီး၊ ပညာကောင်းကောင်း မသင်ရနဲ့ ဒီတိုင်း ဆက်သွားရင် မလွယ်ဘူး” ဟု ၎င်းက ညီးတွား ပြောဆိုသည်။

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် မတည်ငြိမ်မှုများကြောင့် စီးပွားရေး ကျဆင်းနေစဉ် နေ့စဉ် လူမှု ဘဝများကို ထိခိုက်စေသည့် လောင်းကစားဝိုင်းများကို စစ်တပ် အာဏာပိုင်များက တရားဝင် သဖွယ် ခွင့်ပြုထားရာမှ မူးယစ်ဆေးဝါး သုံးစွဲမှု ကျေးလက်အထိ တွင်ကျယ်လာပြီး နေ့စဉ် လူမှု ဒုက္ခများကို အမျိုးသမီးများ ခါးဆီးခံနေရကာ လူငယ်လူရွယ်များ လေလွင့်ပျက်စီးမှုများ မည်သည့်အချိန်တွင် ရန်တန့်နိုင်မည် ဆိုသည်ကိုမူ မှန်းဆရန် ခက်ခဲနေဆဲသာ ဖြစ်တော့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...