သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ပန်ဟူကျေးရွာအုပ်စု ခုံမတ်နွတ်ကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး လက်နက်ကြီးကျည်စထိမှန်ခဲ့ကြောင်းစုံစမ်းသိရသည်။

မတ်လ (၂)ရက် နေ့လည် (၂)နာရီဝန်းကျင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် အသက် (၃၅)နှစ်အရွယ်ရှိ ကိုယ်ဝန်ဆောင် အမျိုသမီး တစ်ဦးလည်း ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။
“ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့တယ်။၊ ရွာမှာပဲ ဆေးကုနေတယ်” ဟု ဟန်ဟူကျေးရွာ အုပ်စုမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိမှာ ကျည်ထိမှန်ထားသည့် အမျိုးသမီးသည် ကိုယ်ဝန် (၇)လ ရှိပြီဖြစ်ပြီး၊ ခြေထောက် ထိမှန်ထားသဖြင့် ကျေးရွာတွင်သာ ဆေးကုသခံယူနေကြောင်း သိရသည်။
“သူ့မှာ ကိုယ်ဝန် (၇)လလောက် ရှိပြီ။ သူ့ ခြေသလုံးမှာ ထိသွားတယ်လို့ပြောတယ်။ ခုတော့ ရွာမှာပဲ ကုသမှု ခံယူထားတယ်။ အဲ့နေ့ တကယ့်တိုက်ပွဲတော့မဖြစ်ဘူး။ သူတို့ (မြောက်ပိုင်းမဟာမိတ်) သွားမယ့် လမ်းမှာဆို လက်နက်ကြီးတွေ ပစ်သွားတယ်လို့ပြောတယ်။ နေအိမ်တစ်အိမ် ထိသွားတယ်” ဟု ၎င်းက ပြောသည်။
ပန်ဟူကျေးရွာအုပ်စုအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ရောက်ရှိနေပြီး ဒေသခံတချို့လည်း ပင်လုံမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာကြကြောင်း စုံစမ်းသိရှိရသည်။
မိုင်းကိုင်မြို့နယ်အတွင်း RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပင်လုံမြို့နယ်အတွင်း မြောက်ပိုင်းတပ်ပေါင်းစုတို့ ရောက်ရှိလာကြသဖြင့် ဆနင်းတောင်ကြောတစ်လျှောက်ရှိ ကျေးရွာအုပ်စုများတွင် စစ်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်ကြသည့်သူများလည်း ရှိကြသည်။











Leave a Comments