သျှမ်းပြည်တောင်ပိုင်းမှာ စစ်ဘောင်ကျယ်လာတော့မှာလား

ပြာလဲ့လဲ့ ကောင်းကင်တွင် ရဟတ်ယာဉ်များ ဆူညံစွာ ပျံဝဲနေသည်။ ရုရှားနိုင်ငံထုတ် MI-35 အမျိုးအစား စစ်ရဟတ်ယာဉ်သည် အညှိုးတကြီးဖြင့် မြေပြင်ကို ပစ်ခတ်နေသည်။

မြေပြင်တွင် ပေါက်ကွဲသံများ၊ လက်နက်ကြီးသံများနှင့် သေနတ်သံများ အဆက်အပြတ် ဆူညံနေသည့်ကြားက ပျက်စီးနေသည့် နေအိမ်များ မီးခိုး တလူလူဖြင့် မီးလောင်ကျွမ်းနေသည့် လူနေ အဆောက်အအုံများကိုလည်း တွေ့ရသည်။

နှစ်ပေါင်းများစွာ တည်ငြိမ် အေးချမ်းခဲ့ပြီး စစ်ပွဲများမှ ကင်းလွတ်ခဲ့သည့် သျှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီး ခရိုင်တွင် ပါဝင်သည့် ဖယ်ခုံမြို့နယ်သည် ယခုတော့ စစ်မြေပြင် ဖြစ်နေပြီ ဖြစ်သည်။
ဖယ်ခုံမြို့သာမက မိုးဗြဲမြို့သည်လည်း စစ်မက်ဒဏ်ကြောင့် ပျက်စီးယိုယွင်းနေသော မီးလောင်ကျွမ်း ခံထားရသော လူနေအိမ်များစွာဖြင့် လူသူကင်းရှင်းနပြီ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းမဖက် ဆန္ဒပြ ပြည်သူများကို ရက်ရက်စက်စက် ပစ်သတ် နှိမ်နင်းခဲ့မှု၏ အကျိုးဆက်အဖြစ် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် ထောင်ပေါင်းများစွာသော လူငယ်များသည် ယခုအခါ စစ်အစိုးကို လက်နက်ကိုင် တော်လှန်နေသည့် တော်လှန်ရေး တပ်သားများအဖြစ် ပြန်လည် ထွက်ပေါ်လာပြီ ဖြစ်သည်။

သျှမ်းပြည်နယ်နှင့် ဆက်စပ်နေသည့် ကရင်နီ ပြည်နယ်တွင် လအနည်းငယ် အတွင်း လက်နက်ကိုင် တော်လှန်ရေး အားကောင်းလာပြီး ပြည်နယ် တစ်ခုလုံးသို့ စစ်ဘောင် ကျယ်ပြန့်လာရာ ယခုအခါ သျှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် အတွင်း ပါဝင်သည့် ဖယ်ခုံမြို့နယ်ထဲအထိ စစ်ဘောင် ကျယ်ပြန့်လာပြီ ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ဖြစ်ပွားနေသည့် မြန်မာပြည်တွင်း စစ်ပွဲများသည် သျှမ်းပြည်နယ် တောင်ပိုင်းနှင့် မဆိုင်သကဲ့သို့ စစ်မက်ဒဏ် ပြင်းထန်စွာ ခံခဲ့ရခြင်း မရှိသော တောင်ကြီးခရိုင်သည် ယခုတော့ စစ်မီးကို နဖူးတွေး ဒူးတွေ့ ကြုံတွေ့နေရပြီ ဖြစ်သည်။

သျှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့နှင့် ကီလိုမီတာ ၁၇၀ ဝန်းကျင်သာ ကွာဝေးသည့် ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေစဉ်မှာပင် သျှမ်းပြည်နယ် အလည်တည့်တည့်ဟု ဆိုရမည့် စစ်ရေးအရ မဟာဗျူဟာ ကျသည့် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် သျှမ်းတိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက စစ်လေယာဉ်များဖြင့် လာရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ သေးသည်။

ဖယ်ခုံ တိုက်ပွဲများတွင် ယခု ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် သျှမ်းပြည်တောင်ပိုင်း ကိုယ်စားပြု ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဟု ဆိုရမည့် TAI PDF အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

ထို့အတူ သျှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံတွင် ဒေသကာကွယ်ရေးတပ် PDF များ၏ လှုပ်ရှားမှုများ ပိုမိုများပြား လာသည်ကို တွေ့ရသည်။

သျှမ်းပြည်နယ် ဖယ်ခုံတိုက်ပွဲများတွင် TAI PDF တပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ကြောင်း တရားဝင် ထုတ်ပြန်ထားပြီး ၎င်းအဖွဲ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းမှ လူမျိုးဘာသာ ပေါင်းစုံ လူငယ်များ၊ CDM ဆရာ ဆရာမများ ပါဝင်သည်ဟု ဆိုသည်။

“သျှမ်းပြည်တောင်ပိုင်း မြို့နယ် တော်တော်များများက လူငယ်တွေက ကရင်နီဘက်မှာ စုနေကြတာလို့ ပြောလို့ရတယ်။ ဆန္ဒပြပွဲတွေကို ပစ်ခတ် ဖမ်းဆီးတဲ့အချိန် ကျောင်းနေဖက် သူငယ်ချင်းတွေရှိတဲ့ ကရင်နီ ဘက်က လုံခြုံနေတော့ အဲဘက် ပြေးကြတာ များတယ်” ဟု ကရင်နီပြည်နယ်တွင် KNDF နှင့်အတူ တိုက်ပွဲ ဝင်နေသည့် ရွှေညောင်မြို့နေ ကိုဇော်ဇော်က ပြောသည်။

လက်ရှိ အခြေအနေအရ သျှမ်းပြည်တောင်ပိုင်းမှ လူငယ်များ သက်ဆိုင်ရာ မြို့နယ်အလိုက် ကရင်နီပြည်နယ် အတွင်း စုဖွဲ့မှုများ ရှိနေပြီး အချိန်တန်ပါက မြို့နယ်အလိုက် တာဝန်ထမ်းဆောင်ရန် အဆင့်သင့် ဖြစ်နေပြီဟု ဆိုနိုင်ကြောင်း အောင်ပန်းမြို့ခံ အသက် ၂၂ နှစ် အရွယ် ကိုအောင်ရဲ ကဆိုသည်။

“သူငယ်ချင်းတွေ အများစုက ရှောင်နေရတာနဲ့၊ တောထဲ ရောက်နေတာနဲ့ ဆိုတော့ စိတ်ဓာတ်တော့ ကျတာပေါ့။ အခု သူတို့က ဖုန်းဘေ ဖြည့်ပေးပါအုံး၊ ဟိုဟာ လုပ်ပေးပါအုံး၊ ဒါဝယ်ပေးပါအုံး ဆိုတာတွေက များလာတော့ စိတ်ဓာတ်ကျချိန် မရှိတော့ဘူး၊ ကျောင်းမတက် တော့ဘူး၊ အိမ်က စီးပွားရေးတွေမှာ ဝင်လုပ်နေပြီး ရသလောက် ထောက်ပံ့တယ်။ သူတို့ မကြာခင် အိမ်ပြန် ရောက်လာမယ်လို့ မျှော်လင့်တယ်” ဟု တောင်ကြီးမြို့ ဈေးပိုင်းရပ်တွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ် နန်းသီတာက ဆိုသည်။

သို့သော် အခြားသော ပြည်နယ်၊ တိုင်းများနှင့် နှိုင်းဆပါက သျှမ်းပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF များ အားပျော့နေသည်ကို ထင်ရှားစွာ တွေ့နေရသည်။

“သျှမ်းပြည်မှာက အဓိက သျှမ်းလက်နက်ကိုင် နှစ်ဖွဲ့နဲ့ ပအိုဝ်းလက်နက်ကိုင် PNLO က အားကောင်းတယ်။ လူမျိုးစုအလိုက် ပြည်သူ့စစ်တွေကလည်း အများကြီး ရှိနေတယ်။ အဲဒီ ဒေသခံ လက်နက်ကိုင်တွေက စစ်တပ်နဲ့ တစ်စုံတရာ ဆက်ဆံရေး အားကောင်းနေသရွှေ့ PDF တွေ ရှင်သန် ရပ်တည်ဖို့ ခက်တယ်။ ဒါပေမဲ့ နိုင်ငံရေး ချိန်ခွင်လျှာက ပြည်သူဘက်က အားကောင်းနေတော့ မကြာခင် ဒေသခံ လက်နက်ကိုင်တွေ PDF ရဲ့ ဖြစ်တည်မှုကို အသိအမှတ် ပြုလိမ့်မယ်။ စစ်ကတော့ ရှောင်လွှဲလို့ မရနိုင်ဘူး။ နောက်ဆုံး ပွဲသိမ်းခါနီး စစ်မီးတောက်မှာပါပဲ” ဟု သျှမ်းနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးစိုင်းကျော်စွာက ဆိုသည်။

သျှမ်းပြည်တောင်ပိုင်းတွင် PDF များ အားပျော့သည် ဆိုသော်လည်း ဒေသတွင်း မြို့နယ်အသီးသီးမှ လူငယ်များ တိုင်းရင်းသား ဒေသများတွင် စုဖွဲ့မှုများ အားကောင်းနေသည်ဖြစ်ရာ ဒေသတွင်း လက်နက်ကိုင်များ၏ နိုင်ငံရေးအရ ညီညွတ်မှု ရရှိသည်နှင့် တပြိုင်နက် PDF များ အချိန်တိုတွင်း အားကောင်းလာရန် လုံလောက်သည့် အခြေအနေ ရှိနေပြီဟု ၎င်းကသုံးသပ်သည်။

သျှမ်းနိုင်ငံရေးအရ အရေးပါသည့် အဖွဲ့အစည်း ဖြစ်သော သျှမ်းပြည် ညီညွတ်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များ ခေတ္တ ရပ်နားထားရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က ဖေဖော်ဝါရီလ ၂၆ ရက်တွင် တရားဝင် ထုတ်ပြန်ထားရာ သျှမ်းလက်နက်ကိုင်များ၏ နိုင်ငံရေးအရ ကွဲပြားမှု ပိုမို နက်ရှိုင်း လာမည်ဟု ယူဆဖွယ်ရာ ဖြစ်နေသည်။

ထို့အတူ ဖယ်ခုံဒေသနှင့် ဆက်စပ်နေသည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သျှမ်းပြည်နယ် ပင်လောင်းမြို့နယ်တွင် စစ်အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့စစ်ဖြစ်သည့် ပအိုဝ်း အမျိုးသား တပ်မတော် (PNA) က လုံခြုံရေး အကြောင်းပြချက်ဖြင့် တပ်များစွာ ချထားပြီး ဒေသ ကာကွယ်ရေးတပ် PDF များ စိမ့်ဝင်လာမည်ကို တင်းကျပ်စွာ ကာကွယ်နေကြောင်း ဒေသခံများက ဆိုသည်။

သို့သော် ပအိုဝ်းလူငယ် မျိုးဆက်သစ် အများစုသည် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) နှင့် ၎င်း၏တပ် ပအိုဝ်းအမျိုးသား တပ်မတော် (PNA) ၏ ရပ်တည်ချက် အထူးသဖြင့် စစ်ကောင်စီ လက်အောက်ခံအဖြစ် ရပ်တည်နေခြင်းကို နှစ်သက်ခြင်းမရှိဘဲ သီးခြား ဒေသကာကွယ်ရေးတပ် PDF ထူထောင်ရန် ပြင်ဆင်မှုများစွာ ရှိနေသည်ဟု ပအိုဝ်းလူငယ်များက သုံးသပ်သည်။

လက်ရှိ သျှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီး တက္ကသိုလ် အပါအဝင် နည်းပညာ တက္ကသိုလ်နှင့် အခြားသော ကျောင်းများ ပြန်လည်ဖွင့်လှစ်ထား သော်လည်း တက်ရောက်သူ နည်းပါးကြောင်း ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့သူ နည်းပညာ တက္ကသိုလ် ကျောင်းသား စိုင်းဟိန်းခန့်က ဆိုသည်။

“ကျောင်းဖွင့်ထားတယ်။ မတက်ဖြစ်ပေမယ့် တစ်ခါတလေ သွားဖြစ်တယ်။ အကြောင်းကြောင်းကြောင့် ကျောင်းလာတက်ရတဲ့ သူငယ်ချင်းတွေနဲ့ ဆွေးနွေးတိုင်ပင်လို့ ရတာပေါ့။ ကျနော်တို့ လူငယ်တွေ သွေးမအေးပါဘူး၊ အကြောင်းကြောင်းတွေကြောင့် ဘာမှလုပ်လို့ မရသေးလို့ ငြိမ်နေတာ၊ သူတို့ (သျှမ်းလက်နက်ကိုင်) ကိုတော့ သိပ်မမျှော်လင့်ပါဘူး။ ကျနော်တို့ လွပ်လပ်ဖို့တင် မဟုတ်ဘူး အဖမ်းခံထားရတဲ့ သူငယ်ချင်းတွေ လွတ်မြောက်ဖို့ လုပ်ရမှာပေါ့” ဟု ၎င်း၏ မျှော်လင့်ချက်ကို ပြောပြသည်။

တောင်ကြီးမြို့ပေါ်နှင့် မြို့နယ်အချို့ရှိ လူငယ်များအား လက်ရှိ တော်လှန်ရေး အခြေအနေများနှင့် မျှော်လင့်ချက်များအား သျှမ်းသံတော်ဆင့်က ဆက်သွယ် မေးမြန်းရာတွင် လူငယ်အများစုသည် လက်ရှိ အခြေအနေကို အားမရသော်လည်း သွေးအေးခြင်း မရှိပါဘဲ လက်နက်ကိုင် တော်လှန်ရေး ကျယ်ပြန့်လာပါက တစ်ထောင့်တစ်နေရာက ပါဝင်ရန် ဆန္ဒရှိကြကြောင်း ပြောဆိုကြသည်။

မည်သို့ပင် ဖြစ်စေကာမူ စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ သျှမ်းပြည်၏ မြို့တော် တောင်ကြီးမှသည် စစ်ဦးစီး တက္ကသိုလ်နှင့် တပ်မ (၅၅) အခြေစိုက်ရာ ကလောမြို့နှင့် စစ်သင်တန်းကျောင်းများ တည်ရှိရာ ရပ်စောက်မြို့ (ဗထူးတပ်မြို့)၊ စစ်ကောင်စီ၏ အဓိက ဒေါက်တိုင် လေတပ် အခြေစိုက်စခန်း တည်ရှိရာ နမ့်စန်နှင့် ထောက်ပို့တပ်များစွာ တည်ရှိနေသည့် အောင်သပြေတပ်မြို့များဖြင့် ခြံရံထားသည့် သျှမ်းပြည်နယ် တောင်ပိုင်းတွင် ပြည်တွင်း လွပ်မြောက်ရေး တိုက်ပွဲဝင်မှုများ ပြင်းထန်လာပြီး စစ်ဘောင် ကျယ်ပြန့် လာနိုင်သည် ဆိုသည့်အချက်ကို ဒေသခံ ပြည်သူလူထု အနေဖြင့် သတိဖြင့် ဆင်ခြင် ပြင်ဆင်ထားရန် လိုအပ်နေကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ထားသည်။

(လုံခြုံရေးအရ ယခုဆောင်းပါးပါ အမည်များမှာ အမည်လွဲများ ဖြစ်ပါသည်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...