Saturday, May 4, 2024

ဖမ်းဆီးခံရ ကက်သလစ်ဘုန်းတော်ကြီး ၂ ပါး နှင့် ပြည်သူများ အဆက်အသွယ် မရသေး

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် စစ်ရှောင်များကို သွားရောက်ကူညီသည့် တောင်ကြီးမြို့မှ ကက်သလစ် ဘုန်းတော်ကြီး နှစ်ပါးနှင့်အတူ ပြည်သူ (၅)ဦးကို စစ်ကောင်စီတို့ ဖမ်းဆီးသွားပြီး ယနေ့ (ဖေဖော်ဝါရီ ၂၄) ရက်ထိ အဆက်အသွယ် မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ကက်သလစ်ဘုန်းတော်ကြီးနှင့် ပြည်သူ (၅)ဦးတို့သည် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖယ်ခုံမြို့တွင်းရှိ ပြည်သူများကို ကူညီရန်အတွက် သွားနေစဉ် လမ်းတစ်ဝက်တွင် စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း သိရသည်။

“ဘုန်းတော်ကြီးနဲ့အတူ ပြည်သူ (၅)ဦးလည်း ဖမ်းခံရတယ်။ သူတို့ စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ ဖမ်းဆီးသွားတာ။ ဒီနေ့ထိတော့ အဆက်အသွယ် ပြန်မရသေးဘူး။ ဘာအကြောင်းမှလည်း မကြားရသေးဘူး။ အဆက်အသွယ်လည်းမရသေးဘူး” ဟု ဖယ်ခုံမြို့ ကက်သလစ်ဂိုဏ်းအုပ် ဆရာတော် တပါးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဖမ်းဆီးခံထားရသည့် ကက်သလစ် ဆရာတော်တို့သည် လက်ရှိမှာ တောင်ကြီးမြို့ တစ်နေရာတွင် စစ်ဆေးခံနေရပြီး မည်သည့်နေရာတွင်ရှိနေကြောင်း မသိရသေးပေ။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ် ပြန်မရရှိသောကြောင့် ကျန်ရှိနေသည့် ဒေသခံများနှင့် ဂိုဏ်းဆရာတော်များက စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

“တောင်ကြီးထဲမှာပဲရှိတာ။ ဘယ်နေရာမှာရှိတာလဲဆိုတာကို ကျနော်တို့ မသိရဘူး။ သူတို့ ဒီလိုဖမ်းပြီးသွားတော့ အဆက်အသွယ်တွေ ဘယ်နေရာမှာ ခေါ်သွားတယ်ဆိုတာတွေ မပြောတော့ စိုးရိမ်တာပေါ့။ သူတို့ တစ်ခုခု ဘာများလုပ်မလဲဆိုတာကို စိုးရိမ်တာပေါ့” ဟု ကက်သလစ်ဂိုဏ်းအုပ် ဆရာတော်တစ်ပါးက ပြောသည်။

ဖယ်ခုံ၊ မိုးဗြဲတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်ဘေးရှောင်နေကြရသူများလည်း အများအပြားရှိနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article