Wednesday, January 28, 2026

အိပ်မက်ဆိုးမှ ရုန်းထနိုင်ပါတော့မလား

အေးမြသည့် ရာသီဥတုအောက်တွင် ပတ်ဝန်းကျင်တခွင် လှပလန်းဆန်း နေသည်။ စူးရှတောက်ပသည့် နေရောင်ခြည်ကြောင့် ထွန်ယက်ထားသည့် မြေကြီးများ ရဲရဲနီသယောင် ထင်ရသည်။ သျှမ်းပြည်နယ် တောင်ပိုင်းရှိ ကလောမြို့နယ်သည် တောင်ပေါ် အပန်းဖြေမြို့ အဖြစ် ကျော်ကြား သကဲ့သို့ စိုက်ပျိုးရေး ထွက်ကုန်များစွာ စိုက်ပျိုး ထုတ်လုပ်နေသည့် ဒေသလည်း ဖြစ်သည်။

သျှမ်းပြည်တောင်ပိုင်းက စိုက်ခင်းတခု

စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းကို အမှီပြုနေရသည့် သျှမ်းပြည်နယ် တောင်ပိုင်း ဒေသ အများစုသည် ကိုဗစ် ကူးစက်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် လူမှုစီးပွား ပြဿနာများ ကြုံတွေ့ရပြီး စစ်တပ်က တရားလက်လွတ် အာဏာသိမ်းခဲ့ပြီးနောက် အခြေအနေများ အလွန်ဆိုးဝါးလာသည်ဟု ဒေသခံများက ဆိုသည်။

နာမည်ကျော် တောင်ပေါ် အပန်းဖြေ စခန်းမြို့ ဖြစ်သည့် ကလောမြို့နှင့် ကမ္ဘာကျော် အင်းလေးကန်ကို အမှီပြုသည့် ဒေသတွင်း ခရီးသွားလုပ်ငန်းသည် ကိုဗစ် ကူးစက်ရောဂါကြောင့် လုံးဝနီးပါး ရပ်ဆိုင်းခဲ့ရကာ စစ်အာဏာသိမ်းမှုကြောင့် နာလန်မထူတော့သည့် အခြေအနေ ဖြစ်နေသည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

“ကလောနဲ့ အင်းလေးဘက်ကတော့ ပြည်တွင်း ဧည့်သည် အနည်းအကျဉ်း လာတာရှိတယ်။ ဒါပေမယ့် ခရီးသွား လုပ်ငန်း တစ်ခုလုံး အနေနဲ့ ကြည့်ရင် ရေရှည်ရပ်တည်လို့ရတဲ့ ပမာဏတော့ မဟုတ်ဘူး။ နိုင်ငံခြား ဧည့်သည်ကတော့ လုံး၀ မရှိသလောက်ပဲ” ဟု ညောင်ရွှေ အခြေစိုက် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသူ ကိုဇော်က ပြောသည်။

သျှမ်းပြည်နယ် တောင်ပိုင်းတွင် ဟိုတယ် တည်းခိုခန်းပေါင်း ၆၀၀ ဝန်းကျင် ရှိနေပြီး ခရီးသွားများ တည်းခိုနိုင်သည့် အိမ်နှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ များစွာလည်းရှိကြောင်း ခရီးသွားလုပ်ငန်းကို တိုက်ရိုက် မီခိုနေရသည့် လူငယ်နှင့် အမျိုးသမီး သိန်းနှင့်ချီရှိကာ ဒေသထွက်ကုန်များ ထုတ်လုပ်ခြင်း၊ ဒေသထွက်ကုန် ပစ္စည်းနှင့် အစားအစာများ ရောင်းချခြင်း၊ အနုပညာ ပစ္စည်းများ ရောင်းချခြင်း အပြင် အခြား ဆက်စပ် လုပ်ငန်းများစွာကို မီခိုနေရသည့် လူပေါင်းများစွာ ရှိနေသည်ဟု သျှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း အသင်းဝင် ဦးဘုန်းကျော်က ဆိုသည်။

“ဒီလုပ်ငန်းကြီး တစ်ခုလုံးက သျှမ်းပြည်တောင်ပိုင်းက လူသန်းချီနဲ့ ဆက်စပ်နေတာ။ အထူးသဖြင့် ခရီးသွားလုပ်ငန်းက ပေါ့ပေါ့ပါးပါးနဲ့ ဝင်ငွေရတော့ လူငယ်နဲ့ အမျိုးသမီးတွေ အတွက် အရမ်းအဆင်ပြေတဲ့ ကဏ္ဍ၊ အခုကတော့ အလုပ်လက်မဲ့ သိန်းချီကုန်တာပေါ့” ဟု ၎င်းကဆိုသည်။

သျှမ်းပြည်တောင်ပိုင်းက စိုက်ခင်းတခု

ခရီးသွားလုပ်ငန်း ကျဆင်းမှုကြောင့် ထိခိုက်မှုများနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်း များလည်း ပြိုလဲလုနီးပါး ဖြစ်နေရာ သီးနှံပေါင်းစုံနှင့် ပန်းမန် စိုက်ပျိုးခြင်းဖြင့် ရပ်တည်နေရသော ဒေသတွင်း ပြည်သူလူထု အတွက် ယခု စစ်အာဏာသိမ်းမှုသည် အိမ်မက်ဆိုးကြီးသာ ဖြစ်သည်။

“အခုနှစ် ဒီဇယ်ဈေးက သုံးဆကျော် တက်တယ်။ မြေဆီဈေးကလည်း သုံးဆနီးပါး တက်တယ်။ သီးနှံဈေး ကတော့ အရင်ထက် နည်းနည်းဘဲ တက်တယ်ဆိုတော့ အခုနှစ် နွေသီးနှံ စိုက်ပျိုးဖို့ အတွက်က တော်တော် ချင့်ချိန်နေရတယ်။ မစိုက်ပြန်ရင်လည်း ဘာနဲ့ စားရမလဲ” ဟု ဟဲဟိုးဒေသခံ တောင်သူ တစ်ဦးက ဆိုသည်။

စစ်တပ် အာဏာ မသိမ်းမီ ကာလက တစ်လီတာလျင် ၅၀၀ ကျပ်ကျော်သာရှိသော ဒီဇယ်ဈေးနှုန်းသည် ယခု တစ်လီတာလျင် ၁၇၀၀ ကျော်အထိ ဈေးတက်နေပြီး မြေသြဇာ အမျိုးအစား အလိုက် ယခင် တစ်အိပ် ကျပ် ၂၅၀၀၀ ဝန်းကျင်ရှိရာမှ ယခု ကျပ် ၈၀၀၀၀ ဝန်းကျင်အထိ ဈေးတက်သွားကြောင်း အောင်ပန်းမြို့ အခြေစိုက် စိုက်ပျိုးရေးသုံး ပစ္စည်းများ ရောင်းချနေသည့် ကိုကျော်စွာအောင်က ဆိုသည်။

“ဈေးတွေ တက်တယ် ဆိုပေမယ့် ကျနော်တို့ အကျိုးအမြတ် တိုးလာတာမျိုး မဟုတ်ဘူး။ တောင်သူက ကိုဗစ်နဲ့ အထိနာထားတော့ အရင်က ချပေးထားတဲ့ ပစ္စည်းဖိုးတွေတောင် ပြန်မကောက်ရသေး။ အခုတစ်ခါ စစ်တပ်က အာဏာသိမ်းလိုက်တော့ ဈေးတွေက ထိုးတက်၊ သီးနှံဈေးကွက်က ပျက်နဲ့ တောင်သူက နလံမထူဘူး၊ တောင်သူ နလံမထူရင် ကျနော်တို့လည်း နလံ မထူဘူး၊ ပစ္စည်းက အကြွေးသဘော ကြိုချထားပေးပြီး သီးနှံပေါ်မှ ငွေပြန်ရတာ” ဟု ၎င်းက ရှင်းပြသည်။

ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စသည့် တောင်သူများ အဓိက လိုအပ်နေသည့် သွင်းအားစုများ ဖြန့်ချိရာတွင် တောင်သူများအား ဈေးနှုန်းသတ်မှတ်၍ အကြွေးစနစ်ဖြင့် ချပေးပြီး သီးနှံပေါ်ချိန်မှသာ တောင်သူများက ငွေချေခြင်းဖြင့် လုပ်ငန်း လည်ပတ်ရကြောင်း၊ ၎င်းတို့ အနေဖြင့်လည်း ကုမ္ပဏီများမှ အကြွေးစနစ်ဖြင့် ရယူ ဖြန့်ချိခြင်း ဖြစ်ကြောင်း တောင်သူများ အခြေအနေ မကောင်းသဖြင့် ညပင် အိပ်မပျော်ကြောင်း ၎င်းကဆိုသည်။

သီးနှံဈေးကွက် မရေမရာ ဖြစ်မှုကြောင့် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးမှု လျော့ကျပြီး မကြာမီ စိုက်ပျိုး ရတော့မည့် နွေသီးနှံ စိုက်ပျိုးရန် တောင်သူများ အရင်းအနှီး မရှိသဖြင့် အခက်ကြုံနေရကြောင်း၊ စိုက်ပျိုးမှု များစွာ လျော့ကျဖွယ်ရှိကြောင်း အောင်ပန်းမြို့ အောက်ဈေး အခြေစိုက် သီးနှံပွဲရုံပိုင်ရှင် ဦးစိုးမိုးကျော်က ဆိုသည်။

“ကိုဗစ်နဲ့ ကိုစစ်နဲ့ ဆုံလိုက်တော့ တောင်သူတွေ မွဲကုန်ပြီ၊ အရင်ကတော့ သီးနှံဈေး မကောင်းရင်တောင် စားဖိုဆောင် သီးနှံနဲ့ သစ်သီးတွေ ပန်းတွေက ခရီးသွား ဧည့်သည်များတော့ ဆိုးဆိုးဝါးဝါး ကျသွားတာမျိုး မရှိဘူး၊ ပဲနှမ်းတို့ ပြောင်းတို့လို အိပ်စပို့ သီးနှံကလည်း နယ်စပ်ဈေးကွက် ပျက်နေတော့ ဈေးမရဘူး” ဟု ၎င်းက ရှင်းပြသည်။

ကလောမြို့နယ်တွင် အသားတင် စိုက်ပျိုးမြေ ၃၇၂၅၆၂ ဧကရှိပြီး စားဖိုဆောင်သီးနှံများဖြစ်သည့် ဂေါ်ဘီပန်း၊ ခရမ်းချဉ်သီး၊ မုန့်ညင်းအမျိုးမျိုး၊ အာလူး စသည်များအပြင် ဂျင်း၊ ဆနွင်း၊ ပဲအမျိုးမျိုးသာမက ပန်းအမျိုးမျိုး ကိုလည်း စိုက်ပျိုးကြောင်း ယခုနွေသီးနှံ စိုက်ပျိုးဧက ထက်ဝက် လျော့ကျနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

အကျိုးဆက် အနေဖြင့် စိုက်ပျိုးရေး ကဏ္ဍတွင် လုပ်ကိုင်နေသည့် လူငယ်နှင့် အမျိုးသမီးများ အလုပ်လက်မဲ့ ဖြစ်ရကြောင်း၊ အလုပ်လက်မဲ့ လူငယ်အများစု လောင်းကစားနှင့် မူးယစ်ဆေး သုံးစွဲမှု ပိုများလာကြောင်း ၎င်းကဆိုသည်။

လောင်းကစားဝိုင်းတနေရာ

“ပွဲရုံကို ရွာပေါင်းစုံက လာနေကြတော့ အကုန်ကြားနေရတယ်။ ရွာတွေမှာ လောင်းကစားက တရားဝင်လို လုပ်ခွင့် ပေးထားတယ်။ အရင်က စိတ်ကြွဆေးဆိုတာ မကြားဖူးတဲ့ ရွာတွေမှာ မူးယစ်ဆေးတွေ အလွယ်တကူ ဝယ်လို့ရနေပြီ၊ မစိုက်ပျိုးနိုင်လို့ ယာမြေ ရောင်းစားနေတာလည်း အများကြီး၊ ထိုင်းဘက်သွား အလုပ်လုပ်ဖို့ ရွာတွေကိုလာဆွယ်တဲ့ လူပွဲစားတွေလည်း ခြေချင်းလိမ်လာပြီ” ဟု၎င်းက ဆက်ပြောသည်။ 

ယခင်မြို့ပေါ်တွင်သာ ဝယ်ယူရရှိနိုင်သည့် စိတ်ကြွဆေးပြားများ ရွာများစွာတွင် အလွယ်တကူ ဝယ်ယူနိုင်ကြောင်း၊ မူးယစ်ဆေးနှင့် လောင်းကစားကြောင့် ဒေသတွင်း ဆိုင်ကယ်ခိုးယူမှု၊ လုယက်မှု၊ နေအိမ် ဖောက်ထွင်း ခိုးယူမှု အပါအဝင် မှုခင်းများစွာ ပေါ်ပေါက်နေသော်လည်း မည်သူ့ထံ တိုင်ကြားရမည်ကို မသိတော့ကြောင့် အောင်ပန်းမြို့ခံ ကိုဇောိဇော်က ဆိုသည်။

“နှစ်လုံး သုံးလုံးနဲ့ လေးကောင်ဂျင်ဝိုင်းက တရားဝင်လို ခွင့်ပြုထားတယ်၊ မူးယစ်ဆေး ရောင်းတဲ့သူတွေကလည်း အရမ်းများလာတယ်၊ ဆိုင်ကယ် ပျောက်တာမျိုးက နေ့စဉ်ဆိုတော့ ရိုးနေပြီ၊ ရဲသွားတိုင်မယ် ဆိုရင်တောင် ရဲစခန်းထဲဝင်ဖို့ အဆင့်ဆင့် အစစ်ခံရတော့ ဘယ်သူမှ သွားမတိုင်တော့ဘူး၊ တိုင်လို့လည်း ပြန်ရတာမှ မဟုတ်တာ မထူးဘူး” ဟု ဆိုင်ကယ် ခိုးယူခံခဲ့ရသူ ကိုဇော်ဇော်က ဆိုသည်။

လက်ရှိ နိုင်ငံရေး အခြေအနေအရ သျှမ်းပြည်နယ် တောင်ပိုင်းတွင် မငြိမ်သက်မှုများနှင့် အတူ လူငယ်လူရွယ် အများအပြားကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ဆက်လက် ဖမ်းဆီးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း အောင်ပန်းမြို့ခံ တစ်ဦးက ဆိုသည်။

“ရွာတစ်ချို့မှာ လူငယ်တွေကို အခုထိ ဖမ်းတာ ဆီးတာ ရှိနေသေးတယ်။ တစ်ချို့လည်း ငွေပေးလို့ ပြန်လွတ်တာမျိုး ကြားတယ်။ သျှမ်းတောင် တစ်ခုလုံးဆို အဖမ်းခံထားရတာ လူငယ် ထောင်ချီမယ်။ ထွက်ပြေး နေရတာလည်း မနည်းဘူး” ဟု ပြောသည်။

စစ်အာဏာသိမ်းမှု အကျိုးဆက် အဖြစ် စီးပွားရေး ကျပ်တည်းပြီး လူငယ်များ မူးယစ်ဆေးဝါးနှင့် လောင်းကစား နွံနစ်မည်ကို သာမက စစ်ကောင်စီက မတရား ဖမ်းဆီး ငွေညှစ်မည်ကိုပါ စိုးရိမ်နေရသည် ဖြစ်ရာ ယခု ကြုံတွေ့နေရသည့် အိမ်မက်ဆိုးမှ မည်သည့်အခါ ရုန်းထနိုင်မည် ဆိုသည်ကို စိတ်စောစွာ၊ စိတ်မောစွာဖြင့်  မျှော်လင့် နေကြရကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလော စစ်တပ်မြေဟောင်းဟုဆိုပြီး အိမ်ခြေ ၃၀ ကျော်ဖယ်ရှားခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ ပြည်သူပိုင်မြေ များကို စစ်တပ်မြေ အမည်ပေါက်သည်ဟုဆိုကာ အိမ်ခြေ ၃၀ ကျော်ကို ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများက ပြောသည်။ ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ စစ်တပ်မြေဟောင်း နေရာအတွင်း ကျူးကျော်ပြီး ကျော်တိုင်ခြံစည်းရိုး ကာရံထားသည့် အကွက်ပေါင်း...
ကလော ရေကြီးမှု

ကလော ရေကြီးမှု မှတဆင့် အင်းလေးကန်လည်း ရေကြီးလာနိုင်

0
ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သျှမ်းပြည် ကလောမြို့မှာ ရေကြီးမှုဖြစ်ပွားပြီး နေအိမ်ပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၂၈)ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလောမြို့ရှိ ကလောချောင်း ရေကြီးရေလျှံမှုဖြစ်ပြီး ချောင်းဘေးရှိ နေအိမ်များ ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း ကလောဒေသခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ မနက်ပိုင်းကတော့ ကလောချောင်းရေ တော်တော်တက်၊ နေအိမ်တွေ...

အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။ ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို...

ကလောတွင် ကျောက်မီးသွေးသုံးရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလောဘူတာတွင် ကျောက်မီးသွေးသုံး ရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်နေကြောင်း ကလောမြို့ဒေသခံများထံမှ သတင်းရရှိသည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်စားမှုများပြားသည့် ကလောမြို့နယ်ရှိ ကလောဘူတာမှ တဆင့် ဟဲဟိုးမြို့ ဘဝသံသရာတံတားအထိ ကျောက်မီးသွေးသုံး မီးရထားအသုံးပြုကာ အပျော်စီးရထားပြန်လည်ပြေးဆွဲရန်စီစဉ်နေကြောင်း ကလောမြို့ဒေသခံများကပြောသည်။ “ပြေးဆွဲမယ့်ရက် အတိအကျတော့ မသိရသေးဘူး၊ ရထားစက်ခေါင်းကို ပြန်ပြင်ပြီးရင်ဆွဲမယ်လို့တော့ကြားတယ်၊...

အင်းလေးဒေသ ရာသီပေါ်ကုန်စိမ်းသီးနှံ ဈေးကောင်းမရဘဲ အရှုံးပေါ်၊ ရေဆိုးများကြောင့် အရေပြား ယားယံမှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရာသီပေါ် ကုန်စိမ်းသီးနှံများ ဈေးကောင်းမရဘဲ အရှုံးခံ ရောင်းချနေရခြင်းကြောင့် စိုက်ပျိုးစရိတ် အကြွေးပြန်ဆပ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသထွက် ခရမ်းချဉ်သီးကို ၁ ပိဿာလျှင် (၇၀၀) ကျပ်မှ (၁၀၀၀)ကျပ်ဝန်းကျင်အထိ...