Monday, May 6, 2024

သျှမ်းပြည်အတွင်း ဒေသအာဏာပိုင် အမိန့်အရ လောင်းကစားရုံများဖွင့်

Must read

သျှမ်းပြည်အတွင်းတွင် စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက်ပိုင်း ဒေသအာဏာပိုင် အမိန့်အရ လောင်းကစားရုံများ တရားဝင်ဖွင့်လာနိုင်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အမိန့်ရ လောင်းကစားဖွင့်လာနိုင်ပြီး လွတ်လွတ်လပ်လပ်ဖွင့်လာနိုင်ကြောင်း သိရသည်။

“ဖွင့်နေကြတာပဲ။ လွတ်လွတ်လပ်လပ် ဖွင့်နေနိုင်တယ်။ အမိန့်အရ ဖွင့်နိုင်တယ်လို့ ပြောတာပဲ။ တကယ်တော့ အမိန့်ကို စောင့်စရာတောင် မလိုဘူး။ ကျနော်အခု ဖွင့်ချင်ရင် ထဖွင့်လိုက်လို့ ရတယ်။ လားရှိုးမှာတော့ လောင်းကစားဝိုင်းတွေ များလိုက်တာ” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ၊ ကျိုင်းတုံမြို့တို့တွင်လည်း လောင်းကစား၊ ကုန်းကင်းရုံများစွာ နေ့စဉ်ရှိနေကြောင်း သိရသည်။

“လောင်းကစားပွဲက နေ့တိုင်းရှိနေတယ်။ တစ်နေရာထဲ ရှိတာမဟုတ်ဘူး။ နေရာရွေ့ပြီး ပတ်သွားနေကြတာ။ တစ်နေရာထဲမှာ ဖွင့်ထားကြတာမဟုတ်ဘူး။ တာချီလိတ်မြို့မှာဆို ပိုများတယ်လို့ ကြားသိရတယ်” ဟု ကျိုင်းတုံမြို့ က ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လောင်းကစားကြောင့်လည်း ခိုးယူ လုယက်မှုများ၊ ကား၊ ဆိုင်ကယ်၊ ခိုးယူမှုများအထိ ရှိလာကြောင်း သိရသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့က လားရှိုးမြို့ လောင်းကစားဝိုင်းအနီး နေအိမ်တစ်ခုတွင် ကားတစ်စီးနှင့်အတူ ဆိုင်ကယ်များပါ ခိုးခံရကြောင်း သိရသည်။

“ကျမတို့ အိမ်နဲ့ လောင်းကစားဝိုင်းက သိပ်မဝေးဘူး။ ၁၀ အိမ်ကျော်လောက်ဘဲရှိတယ်။ ကားခိုးခံရတာ။ ဆိုင်ကယ်တွေလည်းပါတယ်။ ကျမတို့ကား ဒီအတိုင်း လမ်းမပေါ်မှာ ထားတာ ၁ နှစ်ရှိပြီ မပျောက်ဖူးဘူး။ အခု လောင်းကစားရုံ ဖွင့်တာ သိပ်မကြာဘူး။ ကားပါ ပျောက်သွားတယ်” ဟု လားရှိုးမြို့မှ ကားခိုးခံရသည့် ဒေသခံ အမျိုးသမီးက ပြောသည်။

သျှမ်းပြည်အတွင်း နေရာ အတော်များများတွင် အာဏာသိမ်းပြီးနောက် လောင်းကစားရုံ များပြားလာပြီး ခိုးယူ၊ လုယက် သတ်ဖြတ်မှုများလည်း ယခင်ထက် ပိုများပြားလာကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article