Thursday, April 25, 2024

မိုင်းယော် အတွင်း တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်၊ ဗုံးခိုကျင်းတူးထား

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီ နှင့် မြောက်ပိုင်းမဟာမိတ် တို့ တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံများ တချို့ နေအိမ်များတွင် ဗုံးခိုကျင်းတူးထားရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့က စစ်ကောင်စီ နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲ ပြင်းထန်မှုကြောင့် စစ်ကောင်စီဘက်က လေကြောင်းလိုင်း နှင့် လာရောက်တိုက်ခိုက်သည်များရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ စစ်အင်အား အများအပြား ဖြည့်တင်းလာသဖြင့် ဒေသခံများ တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သည့်အတွက် ကျင်းများ တူးပြီး ကြိုတင်ပြင်ဆင်ထားရခြင်းဖြစ်ကြောင်း မိုင်းယော်ဒေသခံ တစ်ဦးက ပြောသည်။

“ပြည်သူတွေတော့ စိုးရိမ်ထိတ်လန့်နေတယ်။ တချို့လဲ ကျင်းတွေ တူးထားဖို့ ပြင်ဆင်နေတယ်။ ပစ္စည်းတွေ အသင့်သိမ်းထားတာလဲ ရှိသေးတယ်။ မိုင်းယန်းဘက် စကစတွေ အင်အားတွေ ဖြည့်တင်းလာတယ်လို့ ကြားတယ်” ဟု မိုင်းယော်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယနေ့ ဖေဖော်ဝါရီ (၈)ရက် မနက်ပိုင်းတွင်လည်း လက်နက်ကြီးသံများကြားရပြီး လားရှိုးဘက်သို့ စစ်ကောင်စီက အင်အားများ ဖြည့်တင်းနေကြောင်းလည်း သိရှိရသည်။

“လက်နက်ကြီးသံတွေ ကြားနေရသေးတယ်။ ဒီနေ့ မနက်ထိတော့ လေကြောင်းလိုင်းနဲ့ လာတာတော့ မတွေ့ရသေးဘူး” ဟု မိုင်းယော်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ (၇)ရက် မနက်မှာ မိုင်းယော်တိုက်နယ် ဝမ်လုံကိန်ရွာ နှင့် နီးစပ်သည့် တောင်ကြောတစ်လျှောက် စစ်ကောင်စီက လေကြောင်းလိုင်း နှင့် လာရောက်ပစ်ခတ်သဖြင့် ကျေးရွာ (၃) ရွာခန့်မှ ဒေသခံ တချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

မိုင်းယော်တိုက်နယ်အတွင်း တိုင်းရင်းသားလက်ကိုင်များအနေဖြင့် ကချင်တပ်မတော် (KIA)၊ ကိုးကန့်တပ်မတော် (MNDAA) ၊ တအာန်းအမျိုးသားတပ်မတော် (TNLA) ၊ သျှမ်းတပ်မတော် (SSPP/SSA) နှင့် ရခိုင်တပ်မတော် (AA) တို့ အပြင် စစ်ကောင်စီတပ်ဖွဲ့လည်း သွားလာလှုပ်ရှားနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article