Wednesday, May 8, 2024

တောင်ကြီးမြို့ ဆိုင်တချို့ ကြိုတင်ပိတ်ထားကြ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ (၁)ရက် မတိုင်ခင်ကတည်းက စျေးသည်များမှအပ သွားလာသည့် ပြည်သူများ အနည်းအကျဉ်းသာ ရှိတော့ကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ (၁)ရက်နေ့သည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းခြင်း (၁)နှစ်ပြည့်ပြီး တစ်နိုင်ငံလုံး အသံတိတ်သပိတ် ပြုလုပ်မည်ကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေ‌ကြောင်း စုံစမ်းသိရှိရသည်။

“တောင်ကြီးမြို့တွင်း အခြေနေက ဆိုင်တွေကျတော့ ကြိုတင်ပိတ်နေကြတယ်။ မြို့ထဲမှာလည်း လူတွေ သိပ်မရှိတော့ဘူး။ ရောင်းတဲ့သူတွေပဲရှိတော့တယ်။ ရောင်းတဲ့သူလည်း တော်တော်နည်းသွားတယ်။ လူတွေ သွားလာမှုကတော့ တိတ်ဆိတ်နေတယ်” ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ (၁)ရက် ဆိုင်ပိတ်သည့် စျေးသည်များကို စည်ပင် ဥပဒေပုဒ်မနှင့် အရေးယူမည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုထားသည်။

“ဒီလိုမျိုး လုပ်တာကတော့ ပြည်သူတွေအတွက် လွတ်လပ်ခွင့်မရှိတော့ဘူး။ (၁)ရက်နေ့ဆိုရင်လည်း ဆိုင်တွေ ပိတ်မယ်ဆိုလည်း ပေးမပိတ်ဘူး။ လက်မှတ်ထိုးခိုင်းတယ်။ ပုဒ်မတွေနဲ့ တရားစွဲမယ် အဲ့လိုတွေ ရှိလာတယ်ဆိုတော့ ပြည်သူတွေ လွတ်လပ်ခွင့်မရှိသလို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်လည်း မရှိဘူး။ အခုက အဲ့လိုမျိုးဖြစ်နေတယ်” ဟု တောင်ကြီးစျေးသည် တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်အာဏာရှင် အစိုးရကို မလိုအပ်၊ မလိုချင်သည့် အတွက် Silence Srtike အသံတိတ်သပိတ် ပြုလုပ် ဆန့်ကျင်ဆန္ဒပြသင့်ကြောင်း ပြည်သူများက ပြောဆိုကြသည်။

အသံတိတ် သပိတ်ပြုလုပ်မည်ဖြစ်သဖြင့် ဖေဖော်ဝါရီ (၁)ရက်တွင် ဆိုင်ပိတ်မည်ဟု လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးတင်သည့် ဆိုင်ရှင်များကို စစ်ကောင်စီအုပ်စုမှ စတင်ဖမ်းဆီးမှုများ ပြုလုပ်သည့်အပြင် ဆိုင်များကိုလည်း သိမ်းဆည်းနေကြောင်း သိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article