Friday, April 19, 2024

စစ်အာဏာရှင်တော်လှန်ရေးလမ်းက စတုထ္တမဏ္ဍိုင်အဖွဲ့၀င် သံမဏိနှလုံးသားနဲ့ GZ သျှမ်းအမျိုးသမီးငယ်လေး

Must read

မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲရလာဒ်တရားမျှတမှုမရှိတာကိုအကြောင်းပြပြီး နိုင်ငံတော်အာဏာကို သိမ်းယူ ခဲ့တာ အခုဆိုရင် ၁၂ လ ထဲမှာရှိနေပါပြီ။ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ရဲ့ဒဏ်ကို ကြုံတွေ့လာခဲ့ရတဲ့ ပြည်ထောင်စုတဝှမ်းက လူထုကတော့ စစ်အုပ်ချုပ်ရေးကိုအလိုမရှိကြောင်း ဆန္ဒတွေကိုမရပ်မနားထုတ်ဖော်လာ ခဲ့ပါတယ်။ ဒီ တကြိမ် စစ်အာဏာရှင်တွေကို ဆန္ဒထုတ်ဖော်မှုက ထူးခြားစွာဘဲ  ဆယ်ကျော်သက်အရွယ် ၂၀ ကျော်အရွယ်  Generation Z မျိုးဆက်သစ်လူငယ်လေးတွေက ဉီးဆောင်ဉီးရွက်မှုအခန်းကဏ္ဍမှာပါဝင်နေပြီး ၁ နှစ်နီးပါးကြာပြီဖြစ်ပေမယ့် အရှိန်ကတော့ မလျှော့သွားခဲ့ပါဘူး။ အာဏာသိမ်းစစ်တပ်ကို လက်နက်စွဲကိုင်ပြီး ဆက်လက်တော်လှန်နေဆဲဖြစ်ပါတယ်။

လမ်းပေါ်တက် ဆန္ဒဖော်ထုတ်ကြစဉ်က စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်း လိုက်လံဖမ်းဆီးတဲ့နည်းလမ်းကိုအသုံးပြုတာကြောင့် အဖမ်းခံရတဲ့လူငယ်တွေ ၊ သတ်ဖြတ်ခံရတဲ့လူငယ်တွေ၊ အလောင်းတောင်ပြန်မရဘဲ ပျောက်ဆုံးသွားတဲ့လူငယ်တွေလည်းအများကြီး ရှိခဲ့ပါတယ်။ ဒါ့အပြင် ဖမ်း၀ရမ်းထုတ်ခံရတဲ့လူငယ်တွေလည်းတပုံတပင်ရှိနေပါတယ်။

ကြီးမားတဲ့ ရည်မှန်းချက်တွေကိုယ်စီရှိကြတဲ့ မျိုးဆက်သစ်လူငယ်တွေဟာ ပိုမိုတောက်ပတဲ့အနာဂတ်အတွက် စစ်တပ်လက်အောက်အရောက်မခံဘဲ  လက်ရှိမှာတော့   စစ်တပ်ဘေးနဲ့ဝေးရာ ဘေးကင်းရာကို အသီးသီးရှောင်တိမ်းပြီး အာဏာရှင်တော်လှန်ရေးကို တဖက်တလမ်းကနေ ကူညီထောက်ပံ့မှုပေးနေ တာလည်းရှိကြပါတယ်။ အဲဒီအထဲမှာ အသက် ၂၀ အရွယ်ခန့်ရှိ သျှမ်းပြည်သူ သတင်းထောက်လေး ယိင်းနောင့်နောင့် လည်း ပါ၀င်ပါတယ်။

အသက်သာငယ်ပေမယ့် သံမဏိနှလုံးသားပိုင်ရှင် သျှမ်းပြည်တောင်ပိုင်း မြို့တော်တောင်ကြီးကိုရောက်ရှိအလုပ်လုပ်နေတဲ့ ယိင်းနောင့်နောင့်တယောက် ကလောင်တဖက် ရရာလက်နက်တဖက်စွဲကိုင်ပြီး စစ်အာဏာရှင်အမြစ်ပြတ်တိုက်ထုတ်နိုင်မှ အိမ်ပြန်မယ်လို့သံဓိဌာန်ချထားကြောင်း ပြောပါတယ်။  ငယ်ငယ်ရွယ်ရွယ်နဲ့ တောတွင်းပုန်းဖြစ်လာရတဲ့  ယိင်းနောင့်နောင့် ရဲ့စစ်အာဏာရှင် တော်လှန်ရေးအကြောင်း နဲ့ သူမရဲ့ခံယူချက်တွေကိုသိရအောင်လို့  သျှမ်းသံတော်ဆင့်ကနေ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။     ။ မိုင်ဆုံခ နောင့်။ နောင့်ကို စစ်တပ်က ၅၀၅ နဲ့အရေးယူထားတယ်လို့ ကြားမိတယ်။ အသက်ငယ်နေသေးတဲ့ သာမာန်သတင်းသမား မိန်းကလေးတယောက်ကို ဘာကြောင့်စစ်တပ်က ၅၀၅ နဲ့အရေးယူကြောင်းကြေငြာတဲ့အထိဖြစ်ရသလဲ ။

ဖြေ။      ။ မိုင်ဆုံခ ပီ။ နောင့်က သတင်းထောက်ဝါသနာပါလို့ သတင်းထောက်အလုပ် လုပ်တာပေါ့နော်။ လူတွေလမ်းပေါ်ထွက်ဆန္ဒပြကြတုန်းကလဲ နောင့်လဲ သူများနဲ့လိုက်သွားပြီး သတင်းသွားယူတယ်။ နေ့တိုင်းသွားပြီး ဓါတ်ပုံ ဗွီဒီယို ရိုက် သတင်းတင်တယ်။ ဖြစ်ချင်တော့ စစ်သားတွေ ရဲတွေကနေ ဆန္ဒပြတဲ့လူငယ်တွေကို ရိုက်နေတာကို နောင့်က သွားပြီး ဓါတ်ပုံ ဗွီဒီယို ရိုက်နိုင်ခဲ့တယ် သတင်းလွှင့်တယ်။ အဲဒီကလစ်က ပေါက်သွားတယ်။ နိုင်ငံခြားသတင်းဌာနတွေကတောင် နောင့်ဆီဖုန်းဆက်လာပြီး အဲဒီကလစ် ယူသုံးခွင့်တောင်းတာတွေရှိခဲ့ပါတယ်။ အဲဒီကနေစပြီး စစ်တပ်တွေက နောင့်ကိုသတိထားမိတာလို့ထင်ပါတယ်။

မေး။     ။ နောင့်ကို ၅၀၅ နဲ့အမှုဖွင့်အရေးယူတယ်ဆိုတဲ့အကြောင့် နောင့်ဘယ်လိုလုပ်သိလဲ ။ တီဝီမှာကြေငြာတာလား။

ဖြေ။      ။ နောင့်တို့မြို့မှာက ဖုန်းလိုင်းလဲသိပ်မမိဘူး မိတခါမမိတခါပေါ့။ အင်တာနက်လဲ အဲ့ချိန်က ဖြတ်ထားတာလေသူတို့က။ တီဝီလဲ နောင့်တို့မကြည့်ဘူး မြ၀တီ မြန်မာ့အသံဆိုပိုဆိုး တခါမှမဖွင့်ကြည့်တာ အဲ့ကြောင့် သူတို့ကြေငြာသွားမှန်းမသိဘူး။ သူငယ်ချင်းဖုန်းဆက်ပြောပြမှ သိရတာ နောင့်အရေးယူခံရတယ်ဆိုတာ။

မေး။     ။ လန့်လား အဲလိုကြားတော့ ။

ဖြေ။      ။ မလန့်ဘူး အဲ့ချိန်က။ တဖက်ကလည်း အဲ့အချိန်က နောင့်သူငယ်ချင်းတွေ နောင့်သိတဲ့လူတွေလည်း ၅၀၅ ကြေငြာခံရတာအများကြီးဘဲလေ။

မေး။     ။ အော် အဲ့ဆို နောင့်အရေးယူခံရတာက ရဲတွေကနေ လူထုကို ရိုက်နေတဲ့ ဓါတ်ပုံကြောင့် ဘဲပေါ့နော်။ လမ်းပေါ်ထွက်ဆန္ဒပြတဲ့အထဲကော နောင့်၀င်ပါသေးလား။

ဖြေ။      ။ ၀င်ပါတယ်ဆိုတာတော့မရှိဘူး။ သူတို့နဲ့လိုက်သွားပြီး သတင်းစောင့်ယူတာပါဘဲ။ နေ့တိုင်းသွားတယ်။ ရဲကလိုက်လို့ သူတို့ပြေးရင်သူတို့နဲ့တူတူလိုက်ပြေးတယ်။ နောင့်တို့က ဆန္ဒပြသူတွေကိုကူညီတဲ့အဖွဲ့ထဲလည်းပါတယ်လေ။ သူတို့ရာဘာကျည်ထိမှန်ရင် မျက်ရည်ယိုဗုံးထိရင် အဖမ်းမခံရအောင်သူတို့ကို ဘေးလွတ်ရာကိုတွဲခေါ်သွားတယ် ပြုစုပေးတယ်။ အဲလိုနေ့တိုင်းလုပ်ပါတယ်။

မေး။     ။ အဲ့ဒီအချိန်တုန်းက နောင့်အတွက် လန့်စရာ ကြောက်စရာကြုံပြီးပြေးရတာ နောင့်ကိုယ်တိုင်ကြုံရတဲ့ဟာ အထူးအမှတ်ရစရာ ရှိခဲ့လား ။

ဖြေ။      ။ ရှိတယ်ရှင့်။ နောင့် မျက်ရည်ယိုဗုံးထိတယ်။ ထိတော့ စပ်ကုန်တာ မျက်လုံး နှာခေါင်း တွေ။ အသက်ရှူမရ မျက်လုံးဖွင့်မရ မျက်ရည်တောက်တောက်ကျပြီး သူငယ်ချင်းတွေပြုစုပေးတယ် ကူညီတိမ်းရှောင်ပေးတယ်။ သက်သာလာတော့ မျက်နှာကြီးတခုလုံး နီရဲပြီးယောင်နေတာ။ ငါ့မျက်နှာပြန်ကောင်းပါ့မလားဆိုပြီး စိုးရိမ်မိသေးတယ်။ အဲညအိမ်ပြန်အိပ် မနက်နိုးလာတော့ ထပ်ပြီးလိုက်သွားပြန်ရော ဟဟဟ။

မေး။     ။ အိုးး အဲလောက်ထိပြေးရလွှားရ ထိခိုက်ဒဏ်ရာရတာတောင့် လိုက်သွားသေးတယ်ဟုတ်လား။ အချိန်မရွေး အသက်ဘေးကြုံနိုင်တဲ့ စိန်ခေါ်မှုကြီးလို့သိသိကြီးနဲ့ ထပ်လိုက်သွားအောင် ဘယ်အရာက နောင့်ရဲ့စိတ်ကို ခွန်အားဖြစ်စေသလဲ။

ဖြေ။      ။ ဆန္ဒပြတဲ့သူတွေ လူငယ်တွေတောင်မှ အသက်သေမှာမကြောက်ဘဲ တရားမျှတမှုရအောင် လက်နက်ပါတဲ့စစ်တပ်နဲ့ရဲကို ရင်ဆိုင်ရဲသေးတာဘဲ ။ နောင့် သူတို့ လောက်အန္တရာယ်နဲ့ ထိပ်တိုက်တာမဟုတ်ဘူးလေ။ နောက်တခုကလဲ ကိုယ်နေတဲ့မြို့မှာဘဲဖြစ်နေတဲ့အဖြစ်ကို ကိုယ်တိုင်သတင်းသွားမယူရင် ဘာမှမထူးဘူးလေနော်။  အဲ့တာကြောင့် သတင်းသမားတာ၀န်ကျေအောင် လိုက်သွားတာပေါ့။

မေး။     ။ နောင့်လုပ်နေတဲ့သတင်းထောက်လုပ်ငန်းအပေါ် နောင့်ဘယ်လိုယုံကြည်မှုရှိလို့ စိန်ခေါ်မှုကြားက လိုက်သွားရသလဲ။

ဖြေ။      ။ နောင့်တို့ သျှမ်းပြည်သားတွေအားလုံးလည်း စစ်အာဏာရှင်ကို မလိုလားပါဘူးဆိုတာ ကမ္ဘာကိုသိစေချင်လို့ ။ နောင့်ရလာတဲ့သတင်းတွေ မတရားမှုလုပ်ခံနေရတာတွေကို လူတွေမြင်အောင်ပြချင်လို့ပါ။ တကယ်လို့ နောင့်တို့ဆန္ဒပြတဲ့သူတွေမတရားရိုက်နှက်ဖမ်းဆီးခံရ ပစ်သတ်ခံရနေချိန်မှာ သတင်းယူပြီးဖော်ထုတ်ပေးမယ့်သူမရှိရင် ကိုယ့်ပြည်သူပြည်သားတွေဘဲနစ်နာဆုံးရှုံးမှာလေ။ သူတို့အတွက်တရားမျှတမှုရှိအောင်လို့ပါ။

မေး။     ။ ဆန္ဒပြတဲ့သူတွေနဲ့လိုက်ပြီးသတင်းယူနေချိန်မှာ စစ်တပ်နဲ့ရဲတွေက Press အကျီ၀တ်တဲ့သူတွေကိုတော့ ရန်မပြုဘူးထင်တယ်။ အဲ့ချိန်က အခုလောက်မကြမ်းသေးဘူးလို့ပြောလို့ရတယ်လေနော်။

ဖြေ။      ။ အဲ့အကြောင်းပြောမယ်ဆိုရင် ရက်စွဲတော့သေချာမမှတ်မိတော့ဘူး။ ညနေ ၄ နာရီအချိန်လောက်ဖြစ်မယ်။ နောင့်တို့ ဆိုင်ကယ်သပိတ်စစ်ကြောင်းရှိတယ်ဆိုပြီးလိုက်သွားပြီးသတင်းယူတာ။ ဆိုင်ကယ်အစီးပေါင်း ၁၀၀ လောက်ရှိမယ်။ မြို့ထဲပတ်နေစဉ်မှာဘဲ ရဲနဲ့စစ်သားတွေက ကားနဲ့လိုက်လာပြီးတော့ နောက်ကနေတည့်တည့်၀င်တိုက်တာ။ ၀င်တိုက်ထည့်လိုက်တာ ဆိုင်ကယ်တွေလူတွေ လွှင့်စင်သွားတယ်။ နောင့်မျက်စိရှေ့တည့်တည့်ဖြစ်သွားတဲ့အဲဒီအဖြစ်အပျက် ကြက်သီးထ စရာကောင်းတယ်။ လဲသွားတဲ့ လူတွေဆိုင်ကယ်တွေကို ရဲတွေက ရာဘာကျည်တွေနဲ့ထပ်ပစ်တယ်။ ဒဏ်ရာတွေရကြတယ်။ အဲ့အချိန်မှာ ကူနိုင်တဲ့သူတွေကို နောင့်တို့အမြန်ဆုံးသွားထူ ပြီးအသီးသီး မောင်းပြေးကြတာပေါ့။ မကူနိုင်ခဲ့တဲ့သူကိုတော့ သူတို့က ဝိုင်းရိုက်တယ်။ ခြေထောက်နဲ့ကန်တယ်။ အကြမ်းပတမ်းဆွဲပြီး သူတို့ကားပေါ် တွန်းတင်တယ်။ လူတွေက ဒဏ်ရာရနေတာ လှုပ်တောင်မလှုပ်နိုင်ကြတော့ဘူး။  နောင့်လဲ အဲတာကိုဓါတ်ပုံရိုက်နိုင်ခဲ့တယ်။ နောင့်က ဆိုင်ကယ်နောက်ကနေစီးလိုက်စီးတဲ့သူလေ။ Press အကျီ၀တ်ထားတယ်။ နောင့်တို့ဆိုင်ကယ်ပြန်စီးပြီးထွက်လာချိန်မှာ နောင့်နောက်ကို သေနတ်နဲ့လိုက်ပစ်တယ်။ တော်သေးတယ်အကျီထူလို့။  

မေး။     ။ အဲ့ဆို နောင့်ကိုကျည်ထိမိလား။

ဖြေ။      ။ ထိတာပေါ့။ ဒီညာဘက် ၀မ်းဗိုက်နားမှာရှပ်ထိတာ ။ တော်သေးတယ်ဗိုက်ထဲမ၀င်လို့ ။ စပ်စပ်နဲ့ဆိုကိုင်ကြည့်တော့ သွေးတွေ ထွက်နေတာ။ ကိုယ့်ဟာကိုယ်ဘဲဆေးသွားထည့်လိုက်တယ်။

မေး။     ။ နောင့်တို့ခံယူချက်နဲ့ တရားမျှတမှုအတွက်လုပ်နေတဲ့ချိန်မှာ နောင့်ဘယ်လိုခံစားရလဲ။

ဖြေ။      ။အရမ်းဒေါသထွက်တယ်။ အကျီမှာ Press စာလုံးအဲလောက်ထင်းနေတာ မမြင်ဘူးလား ပေါ့နော်။ သတင်းသမားတောင်မချန်ဘူး သေနတ်နဲ့ပစ်တယ်ပေါ့။ ပြောမယ်ဆိုရင် ဖြစ်တဲ့အချိန် အဖြစ်အပျက်က အရမ်းမြန်တယ်ရှင့်။ ခုဘဲ သူငယ်ချင်းအရိုက်ခံရတဲ့အချိန် ဓါတ်ပုံလှည့်ရိုက်နေတယ်။ ဓါတ်ပုံလည်း ရိုက်ပြီးရော ကိုယ့်ကို ကျည်လာထိတယ်။ အရမ်းမြန်တယ်။ လုံး၀လည်းမတွေးမိဘူး ကိုယ့်မှာသေနတ်ပစ်ခံရမယ်ဆိုတာ။ ကျည်ထိပြီဆိုတာ သိပြီးနောက် ဆိုင်ကယ်မောင်းတဲ့သူငယ်ချင်းကိုပြောပြတော့သူလဲ ဆိုင်ကယ်ကိုအမြန်ဆုံးစပစ်နဲ့ မောင်းထည့်လိုက်တာ ဘ၀မှ အဲလောက် စပစ်နဲ့ဆိုင်ကယ် အဲတာပထမဆုံးအကြိမ်စီးဖူးခြင်းဘဲ။ လမ်းကြိုလမ်းကြားထဲ၀င်သွားပြီးမျက်စ ဖျောက်နိုင်လို့ ဘေးလွှတ်သွားတယ်ပေါ့။ တကယ့် တကယ်မမေ့နိုင်တဲ့ ဟာတခုပေါ့။

မေး။     ။ နောင့်အဲဒီအဖြစ်အပျက်ကနေ ဘယ်လိုသခင်္န်းစာရလိုက်သလဲ။

ဖြေ။      ။စစ်တပ်နဲ့ရဲဟာ အဘိုးအဘွား အဖေအမေပြောပြဖူးသလို ပါဘဲလားပေါ့နော်။ သူတို့အာဏာအတွက်ဆိုရင် ကလေး လူကြီးမရွေး စစ်သား လူထုမရွေးဘူး အကုန်လုံးက သူတို့ရဲ့ပစ်မှတ် ဖြစ်သွားတယ်ပေါ့။ အာဏာအတွက်ဆိုရင်သူတို့ ဘာမှမမြင်တော့ဘူး ဝေဖန်ပိုင်းခြားဉာဏ်မရှိတော့ဘူး။ တရားဉပဒေရဲ့အထက်မှာသူတို့ရှိတယ်။သူတို့လုပ်ချင်တာလုပ်တယ်။ နောင့်တို့သူငယ်ချင်း ကျည် ၁၀ ချက်ကျော်ထိတယ် သွေးစက်စက်ကျတယ်။ သေဘေးကြုံနေတဲ့ပြည်သူလူထုကို ကယ်ဖို့ကူဖို့မရှိဘူး ဖမ်းသွားတယ် ။

မေး။     ။ အဲ့ဆို နောင့်သူငယ်ချင်းတွေ အများကြီးအဖမ်းခံရတာပေါ့။

ဖြေ။      ။ ဟုတ်တာပေါ့။ ဆန္ဒပြစဉ်မှာဖမ်းခံရတာတွေ လမ်းမှာတွေ့လို့ဖမ်းသွားတာတွေ အများကြီးဘဲ ။ တချို့လည်းသတင်းကြားရတယ် ထောင်ထဲမှာ။ တချို့လည်း သတင်းအစ အန ကိုမကြားရတော့တာ။ဘယ်ထောင်မှာရှိနေလဲ သေပြီလား ရှင်နေသေးလား ဘာဆိုဘာမှမကြားရတာလည်းအများကြီးရှိတယ်။ လိုက်သွားမေးကြည့်ချင်တယ်။ ဒါပေမယ့် သတင်းထောက်အနေနဲ့သွားတာတောင်မှ အဖမ်းခံရမှာသေချာတယ်။ ကျမ တို့မှာဘာမှ သတင်းလွတ်လပ်ခွင့်ဆိုတာမရှိတော့တာ။

မေး။     ။ ဆိုတော့ အခုတော့ နောင့်က အိမ်မှာ မနေနိုင်တော့လို့ အိမ်ကနေထွက်လာတာလနဲ့ချီရှိနေပြီ။ အိမ်မပြန်နိုင်သေးဘူးခုထိ။ နောင့်ကို ၅၀၅ ကြေငြာပြီးနောက်ပိုင်း စစ်တပ်နဲ့ရဲက အိမ်အထိလာရှာသေးလား

ဖြေ။      ။ လာရှာတယ်။ ဧပြီလ ၂၈ ရက်နေ့က။ အဲ့နေ့က နောင့်အမျိုးအိမ်သွားနေချိန် မနက်စောစောမှာဘဲ အရပ်၀တ်စစ်သားနဲ့ ရဲတွေက အုပ်ချုပ်ရေးမှူးနဲ့အတူတူ နောင့်တို့အိမ်ကိုလာတယ်။ နောင့်ရှိလားလာမေးတယ်။ အိမ်ကလူလည်း နောင့်မရှိဘူး နောင့်အိမ်မပြန်တာကြာပြီလို့ပြောတယ်။ ဘယ်မှာရှိနေလဲလို့သူတို့မေးတယ်။ နောင့်ယောကျားနောက်လိုက်သွားပြီ လို့အိမ်ကဖြေတယ်။ အာ့နဲ့ ရဲတွေက – နောင့်ကိုဆက်သွယ်နိုင်ရင် နောင့်အိမ်ပြန်လာရင် အုပ်ချုပ်ရေးမှူးဆီကိုခန လာပါလို့ပြောပေးပါ – လို့အိမ်ကလူတွေကိုပြောပြီးပြန်ထွက်သွားတယ်။

မေး။     ။ အဲ့နဲ့ နောင့် လန့်သွားလား အိမ်အထိလာတယ်ဆိုတော့။

ဖြေ။      ။ ဟုတ်တယ် – ပထမဆုံးအကြိမ်လန့်သွားတယ်လို့၀န်ခံတယ်။ ကိုယ့်ကိုဖမ်းမှာကိုတော့မကြောက်ပါဘူး။ အိမ်ကလူကိုတခုခု လုပ်သွားမှာကိုစိုးရိမ်လို့ပါ။

မေး။     ။  သူတို့ပြန်သွားပြီး နောင့်အိမ်ပြန်လာသေးလား ။ သို့မဟုတ်တခါတည်း ရှောင်လိုက်တာလား။

ဖြေ။      ။  နောင့်တို့ရပ်ကွက်က လူတွေက နောင့်အမျိုးအိမ်မှာရှိမှန်းသိတော့ တိုးတိုးလာပြောကြတယ်။ နင့်ကိုလာရှာတယ်ပေါ့။ အဲ့နေ့ နောင့်လဲအိမ်မပြန်ရဲဘူး။ ညနေမိုးချုပ်ချိန်လောက်မှ အိမ်ပြန် အ၀တ်အစားတွေယူပြီးတခါတည်း အိမ်နေထွက်လာခဲ့တာ ။ အိမ်မှာ အဖိုးအဖွားတွေက ဘယ်စိတ်ကောင်းပါ့မလဲနော်။ နောင့်ကို  ကလေးလို့ဘဲ သူတို့မြင်နေသေးတယ်လေ။ ထွက်သွားရင် ဘေးလွှတ်ပါ့မလား။ အိမ်မှာဘဲနေရင်လည်း ဘေးမလွှတ်ဘူးဆိုတာမျိုးတွေစိတ်ပူတာပေါ့။

မေး။     ။  ကွန်ပြူတာနဲ့ကင်မရာ ကိုင်ပြီး လူမှုအသိုင်းအဝိုင်းကြားမှာချည်းသတင်းယူ လှုပ်ရှားသွားလာဖူးတဲ့နောင့်က ခုလို အိမ်ကနေထွက်လာ တောတွင်းမှာရှောင်တိမ်းနေရတဲ့ဘ၀ က အခက်အခဲတွေတော့ ကြုံရမှာဘဲနော်။

ဖြေ။      ။  အခက်အခဲအများးးကြီးကြုံရတယ်ရှင့် ။ ကိုယ့်အိမ်ကိုယ့်ယာလည်းမဟုတ်။ ဘ၀မှာအဲလိုမျိုးတခါမှ မခက်ခဲခဲ့ဖူးဘူး။ မြို့မှာနေတုန်းကလို ဆာရင်မှာစားလည်းမရ။ ကိုယ်စားဖို့ဟင်းတွေ တောတောင်ထဲမှာသွားရှာရတယ်။ ပိုးတွေကြောက်တယ် ကျွတ်တွေ အရမ်းကြောက်တယ်။ ကျွတ်တွယ်ခံရတော့ အော်လိုက်တာမှ သေတော့မလိုဘဲ။  အဲဒီအဖြစ်အပျက်က တခြားသူတွေအတွက် နေ့စဉ်ကြုံတွေ့နေရပြီမို့ရိုးနေပြီဖြစ်ပေမယ့် နောင့်အတွက်တော့ အရမ်းကို ကြောက်ရွံ့တုန်လှုပ်ဖွယ်ကောင်းတဲ့အဖြစ်အပျက်ဖြစ်ပါတယ်။

မေး။     ။ နောင့်အိမ်ကထွက်လာပြီးနောက်ပိုင်းကော ရဲတွေက နောင့်တို့အိမ် ထပ်လာရှာသေးလား။

ဖြေ။      ။ လာတယ်။ အရပ်၀တ်တွေနဲ့ချည်း ၄ ယောက် လာမေးသေးတယ်ကြားတယ်။

မေး။     ။ အိုး အဲလိုဆိုရင် တကယ်လို့နောင့်အိမ်က မထွက်လာခဲ့ဘူးဆိုရင်  တော့ လွှတ်မယ့်လမ်းတော့မမြင်ဘူး နော့။

ဖြေ။      ။လွှတ်မယ့်လမ်းမရှိဘူး ပီ။ ဘာလို့လဲဆိုတော့ နောင့်သူငယ်ချင်းတွေကို သူတို့ဖမ်းသွားတာ ဆက်တိုက်ကြားနေရတယ်လေအရင်ကလဲ။ ရွာက လူတယောက်လဲ ဆန္ဒပြတဲ့အထဲပါလို့ဆိုပြီးဖမ်းသွားတယ်။ သူတို့လုပ်ရပ်က ပြန်သုံးသပ်ကြည့်ရင်တော့ လူငယ်တွေ ဆန္ဒမပြရဲအောင် သူတို့မဟုတ်တာလုပ်နေတာကို မပြောရဲအောင် ဖမ်းပြ လုပ်ပြတာ ။ ခြိမ်းခြောက်တာလို့ဘဲမြင်ပါတယ်။

မေး။     ။ အင်းပေါ့။ သတင်းထောက်ဘ၀ ကနေ တောတွင်းပြန်ဆုတ်နေရတဲ့ဘ၀ ဖြစ်နေပေမယ့်၊ ဘ၀တွေ ကပြောင်းကပြန်ဖြစ်သွားရပေမယ့် သတင်းသမားအလုပ်ကိုတော့ မစွန့်လွှတ်ဘဲ စိတ်ပျက်မသွားဘဲ ဆက်လုပ်နေရတဲ့အကြောင်းရင်းကို ပြောပြပေးပါလား။

ဖြေ။      ။စစ်တပ်အာဏာသိမ်းလိုက်တာဟာ အဘက်ဘက်ကို ထိခိုက်စေတယ်။ နောင့်တို့တိုင်းရင်းသားနယ်မြေထဲမှာလဲကြည့်လိုက် ပြသနာပေါင်းစုံရှိလာတယ်။ ပြည်သူလူထုတရပ်လုံးရဲ့ဘ၀ ကမောက်ကမ တွေဖြစ်ကုန်တယ်။ တောရောမြို့ပါ လူ့အခွင့်အရေးတွေ ဆက်တိုက်ကြုံနေရတယ်။ဒီဟာတွေကို ကျမ တို့ မီဒီယာတွေကနေ မဖော်ပြရင် ဘယ်သူကသိမှာလဲနော်။ နောင့်ဘ၀  ကမောက်ကမ ဖြစ်သွားရပေမယ့် နောင့်ချစ်တဲ့ သတင်းသမားအလုပ်ကိုတော့ မဆုံးရှုံးစေလိုဘူး။ တတ်နိုင်တဲ့လမ်းနဲ့  သတင်းသမားတွေအခွင့်အရေး လူထုအခွင့်အရေးအတွက် အစွမ်းကုန် ဆက်လုပ်သွားဖို့ သံဓိဌာန်ချလိုက်တယ်။ ကလောင်တဖက် ၊ ရတဲ့လက်နက်တဖက်ကိုင်ပြီး စစ်အာဏာရှင်အမြစ် ပြတ်တဲ့အထိ တိုက်ပွဲ၀င်သွားမယ်။

မေး။     ။ ဟုတ်တာပေါ့ နောင့်။ ဒါပေမယ့်အခု ပီတို့ပြန်ကြည့်မယ်ဆိုရင် စစ်အာဏာရှင်ကိုတော်လှန်ရင်း သေကြေကျဆုံးသွားတဲ့သူတွေ အဖမ်းခံရသူတွေ ၊ သေလားရှင်လားမသိတဲ့သူတွေ စတေးခဲ့ရသမျှ မြို့ကြီးနဲ့ပြည်မ ဘက်မှာတော့ အာဏာရှင်စနစ်ဆန့်ကျင်ရေးတတ်နိုင်တဲ့လမ်းက ရတဲ့အခွင့်အရေးနဲ့ လုပ်နေကြပေမယ့် သျှမ်းပြည်မှာတော့ငြိမ်နေတာတွေ့ရတယ်နော်။

ဖြေ။      ။ ဟုတ်တယ်ရှင့် ။ သျှမ်းပြည်က ငြိမ်နေတာထောက်ရင်တော့ ၁- မြို့ကကျဉ်းတော့ စစ်တပ်က လိုက်လံဖမ်းဆီးရလွယ်တယ်။ အဖမ်းခံရတာလဲများနေပြီ။   အဲလိုအဖမ်းခံရရင် လူငယ်တွေနောက်ကနေ မားမားမတ်မတ်ရပ်တည်ပေးမယ့်အဖွဲ့မရှိဘူး။ ၂- က ဝမ်းစာ အတွက်အရမ်း ခက်ခဲနေတဲ့အချိန်ဖြစ်နေတယ်။ ၃- က လူငယ်တချို့က ကောက်ရိုးမီးလိုဖြစ်တယ် ။ဖြစ်စဉ်ခနဘဲ တက်ကြွပြီးကြာရင် ငြိမ်သွားကြတယ်။အဲတာ သူတို့မှာ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်မခိုင်မာလို့ဖြစ်တာလို့ ယူဆမိပါတယ်။ အရေးကြီးဆုံးအချက်ကတော့ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းတိုက်ခိုက်နေတာဟာ လူငယ်တွေလျှောက်မယ့်လမ်းကို ဝေဝါးစေတယ်။ ကိုယ့်မှာ အချင်းချင်းတိုက်တဲ့စစ်ပွဲတချိန်လုံးရှောင်နေရရင် ဒီအာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အခွင့်လုံး၀ မသာတော့ဘူး။ ကိုယ့်သျှမ်းအချင်းအချင်းပြသနာတောင်မှ မဖြေရှင်းနိုင်သေးတော့ တနိုင်ငံလုံးကကြုံရတဲ့ပြသနာမှာ ပါ၀င်ဖြေရှင်းဖို့ဆိုတာက အရမ်းကိုခက်ခဲပါတယ်။

 မေး။    ။  အခု သျှမ်းလူငယ်အနေနဲ့ ရှင်းရှင်းပြောရင် သျှမ်းလက်နက်ကိုင်အချင်းချင်းဖြစ်နေတဲ့ပဋိပက္ခကိုလည်းကြုံရတယ်၊ ပြည်ထောင်စုမှာကြုံနေရတဲ့ စစ်အာဏာသိမ်းမှုကိုလည်းကြုံနေရတဲ့အနေအထားမှာပေါ့နော်  နောင့် မျိုးဆက်သစ်လူငယ်တယောက်အနေနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကိုဘယ်လိုပုံဖော်မြင်မိလဲ မျက်လုံးထဲမှာ။

ဖြေ။      ။ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဆိုတာက အရမ်းကိုဖြစ်ချင်တဲ့အိပ်မက်တခုပါ။ နောင့်လိုဘဲ လူငယ်တိုင်းရဲ့ပါးစပ်ဖျားကမချတဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဒါပေမယ့်ပီဘဲ စဉ်းစားကြည့်ပါ။ ခုလိုအနေအထားမှာ ဝိုင်းဝန်းလက်တွဲအဖြေရှာဖို့အသင့်တော်ဆုံးအချိန်ဖြစ်နေပေမယ့် အချင်းချင်း တိုက်ခိုက်နေကြတော့ နောင့်တို့လူငယ်တွေ ဘယ်လမ်းကနေ လိုက်ရမလဲ ။ ဘယ်လိုနိုင်ငံရေးမှာ လိုက်ပြီးလုပ်ဆောင်ရမလဲ လူငယ်တွေ တွေဝေကုန်ပြီ။ တောင်ပိုင်းတပ်ကိုထောက်ခံတဲ့အဖွဲ့နဲ့ မြောက်ပိုင်းတပ်ကိုထောက်ခံနဲ့အဖွဲ့လည်း အချင်းချင်း ကွဲကုန်ပြီ။ အဲတာကြောင့်လောလောဆယ်တော့ အဲဟာကြီးက စိတ်ပျက်စရာတခုဖြစ်နေတယ်လို့မြင်ပါတယ်။ လူငယ်တော်တော်များများကအဲ့ဒီအမျိုးသားရေးတွေအကြောင်းတောင် မပြောချင်တော့ဘူး။

မေး။     ။ အခုလို သျှမ်းတပ်အချင်းချင်း ဖြစ်နေတဲ့ကိစ္စအပေါ် နောင့်တယောက်အနေနဲ့ဘယ်လိုပြောချင်ပါသလဲ။

ဖြေ။      ။၂ ဘက်အကြီးအကဲတွေက တွေ့ဆုံဆွေးနွေးနေကြပြီလား မတွေ့နိုင်ကြသေးဘူးလား ဆိုတာ နောင့်တို့မသိပေမယ့် တပ် ၂ တပ် ဖြစ်တဲ့ကိစ္စကြောင့် လူထုလည်းကွဲနေပြီ လူငယ်လဲကွဲနေပြီ သံဃာတော်တွေတောင်မှ ကွဲနေကြပြီ။ ပိုဆိုးစေတာတခုက ၂ ဘက်တပ်ထောက်ခံတဲ့ အွန်လိုင်းက လေလိုင်းသမားတွေကြောင့် ဘဲ။ ပုတ်ခတ်ပြောဆိုမှုတွေကြောင့် သူတို့ကိုကြည့်ရှုနားထောင်တဲ့ လူတွေလည်း အမြင်တိမ်းစောင်းစေတယ်။ အဲတာတွေက ကုဖို့ခက်ခဲတဲ့အရာတွေ အမျိုးသားရေးပျက်စီးစေမယ့်အရာတွေဖြစ်ပါတယ်။

မေး။     ။  ကဲ အချိန်ရှိတုန်းလေး  PDF အကြောင်း မေးကြည့်ရအောင် ။ တခြားပြည်နယ်တွေမှာ PDF တွေနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး စစ်ကောင်စီကိုတိုက်ခိုက်ကြတာတွေ့ရတယ်။ သျှမ်းပြည်မှာတော့ သျှမ်းတပ်အချင်းချင်းကလွဲလို့ အဲ့အကြောင်းသိပ်မကြားမိသလိုဘဲ ။ သျှမ်းပြည်မှာ PDF အဖွဲ့ရှိလား။

ဖြေ။      ။မိမိရဲ့ရည်မှန်းချက်တွေစွန့်ပြီး အားလုံးအတွက် PDF ၀င်သွားတဲ့သူ လူငယ်တွေကိုအရမ်း ဂုဏ်ယူပါတယ်။  သျှမ်းပြည်မှာ PDF အဖွဲ့ဘယ်လောက်ရှိလဲ ဆိုတာတော့ နောင့်လဲအသေအချာမသိဘူး ပီ။ ဒါပေမယ့် စတိတ်မန့်တွေထုတ်တာတော့တွေ့ရတယ်။ပြောမယ်ဆိုရင်  သူတို့စတိတ်မန့်တွေတွေ့ရင်လူထုက နွေးထွေးသလိုခံစားကြရတယ်။ သူတို့လုပ်ဆောင်မှုတွေများများပြဖို့ဘဲလိုပါတယ်။ PDF  ဆိုရင်လူထုထောက်ခံမှုရပြီးသားပါ။

မေး။     ။  အခု ပြည်ထောင်စုတဝှမ်းမှာရော ကမ္ဘာ့အလယ်မှာပါ NUG CRPH တွေကို လက်ခံကြတယ်။ နောင့်တို့သျှမ်းလူငယ်တွေအနေနဲ့ NUG CRPH အပေါ် ဘယ်လို ယုံကြည်မှုတွေရှိလဲ။

ဖြေ။      ။ NUG CRPH သာလျှင် လူထုရဲ့မျှော်လင့်ချက်ပါ။ တကယ်လို့ သူတို့လည်း မြေပြင်အခြေအနေကို အတွင်းကျကျ လေ့လာပြီး လူငယ်တွေရဲ့လိုအပ်ချက်တွေကို လက်တွေ့ကျကျ  လုပ်ပေးမယ်ဆိုရင်ပိုကောင်းပါတယ် ။ခုက PDF ချင်းတူတာတောင် တချို့အဖွဲ့တွေကအခက်အခဲအရမ်းဖြစ်ကြတယ်။

 မေး။    ။ ဟုတ်တာပေါ့။ ဆိုတော့ ဒီအာဏာရှင်တော်လှန်ရေးအတွက် အောင်မြင်မှုရအောင် ဘယ်လိုဆက်လက်လုပ်ဆောင်သွားကြသင့်သလဲ ။ နောင့်ရဲ့အမြင်သဘောထားလေး ပြောပြပေးပါ။

ဖြေ။      ။စစ်အာဏာသိမ်းမှုလို့ပြောရင် အရေးကြီးဆုံးကဏ္ဍနဲ့ မေ့ဖို့လုံး၀မသင့်တာ တခုရှိပါတယ်။ အဲတာကတော့ CDM ၀န်ထမ်းတွေပါ။ သူတို့တွေရဲ့ကျေးဇူးကြောင့် စစ်အာဏာရှင်တော်လှန်ဖို့ တပ်ဖွဲ့တွေ ခွန်အားရှိစေတာဖြစ်ပါတယ်။ ဒါကြောင့် CDM ၀န်ထမ်းတွေကို တတ်နိုင်သလောက် ကူညီပေးကြပါလို့ တိုက်တွန်းချင်တယ်။ နောက်တခုက ဖမ်းဆီးထောင်ချခံရတဲ့လူငယ်တွေ။ သူတို့ကိုလည်း ပြစ်ပယ်မထားကြဖို့ တိုက်တွန်းချင်ပါတယ်။ သူတို့တွေ နေအိမ်ပြန်လာချိန်မှာ နွေးနွေးထွေးထွေးကြိုဆိုပေးကြခြင်းဖြင့် ကျမ တို့ တော်လှန်ရေးသမားတွေကို ကူညီပေးပါ။ ကျမ တို့ အနာဂတ်ရင်သွေးငယ်လေးတွေ မျိုးဆက်သစ်တွေ စစ်အာရှင်တွေရဲ့အဆိပ် မသင့်ရအောင်လို့ အားလုံး အဘက်ဘက်က လက်တွဲပူးပေါင်းမှုပေးရင်တော့ စစ်အာဏာရှင်ကြီးကိုအမြစ်ပြတ်ချေမှုန်းနိုင်လိမ့်မယ်လို့ နောင့်ယုံကြည်ပါတယ်ရှင့် ။

ခုတော့ တောတွင်းဘ၀မှာ နေသားကျသွားပြီဖြစ်တဲ့ သံမဏိနှလုံးသားပိုင်ရှင် မီဒီယာအသိုင်းအဝိုင်းထဲက သူရဲကောင်းမလေးတယောက် အာဏာရှင်အမြစ်ပြတ်ချေမှုန်းနိုင်တဲ့တနေ့မှာဘဲအိမ်ပြန်တော့မယ်လို့ ပြောဆိုသွားပါတယ်ရှင်။

Leave a Comments

- Advertisement -spot_img

Latest article