ကျိုင်းတောင်း ကိုဗစ် ပျံ့နှံ့လာမှာကို ဒေသခံလူငယ်များ စိုးရိမ်နေ

0

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့တွင် ပြည်သူများ ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းသည့်အတွက် ကိုဗစ်ရောဂါ ပျံ့နှံ့လာမည်ကို ဒေသခံလူငယ်များ က စိုးရိမ်နေကြကြောင်း သတင်းသိရသည်။

ကျိုင်းတောင်း

ကျိုင်းတောင်းဒေသခံအများစုသည် အပြင်ထွက် သွားလာရာတွင် Mask (နှာခေါင်းစည်း) တပ်ဆင်မှု မရှိခြင်းကြောင့် ကိုဗစ်ရောဂါအပြင် အိုမီခရွမ်ရောဂါကိုပါ စိုးရိမ်မိကြောင်း ဒေသခံလူငယ်များက ပြောသည်။

“ကျနော်တို့ ဆီမှာက ကိုဗစ်စည်းကမ်းလိုက်နာမှု အရမ်းကို အားနည်းသွားတယ်၊ တချို့က Mask လည်း မတပ်ကြဘူး၊ ၉၀ ရာခိုင်နှုန်းလောက်က အပြင်ထွက်ပြီး ပုံမှန်ကို သွားလာနေကြပြီ၊ ရောဂါတွေ ပိုပျံ့လာမှာကို စိတ်ပူမိတာ၊ အိုမီခရွမ်ရောဂါဆိုရင်လည်း ကူးစက်မြန်တယ်ဆိုတော့ ပိုပြီးတော့ စိတ်ပူတယ်” ဟု ကျိုင်းတောင်းဒေသခံ လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် ဒေသခံပြည်သူများ၏ စီးပွားရေးထိခိုက်ခဲ့ရသည့် အပြင် စစ်ကောင်စီမှ နိုင်ငံတော်အာဏာ သိမ်းယူလိုက်သည့်အတွက် စားဝတ်နေရေးအတွက် ပိုမိုခက်ခဲခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

ကျိုင်းတောင်း

ထို့အပြင် ကျိုင်းတောင်းမြို့တွင် စျေးဆိုင်များ၊ အထည်ဆိုင်များနှင့် အခြားဆိုင်များကိုလည်း ပုံမှန် ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

“နဂိုကတည်းက အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေက မကောင်းဘူး၊ ကျန်းမာရေးပိုင်းက တာဝန်ရှိသူတွေကလည်း ကျန်းမာရေးအသိပေးတာ‌တွေ မရှိ၊ နောက်ပြီး ကိုဗစ် ကူးတဲ့သူ ဘယ်လောက်ရှိ၊ သေတာ ဘယ်လောက်၊ အသစ် ကူးစက်တာဘယ်နှယောက် ဆိုတာတွေလည်း မသိရတော့ဘူး၊ အဲ့တော့ ဒေသခံတွေကလည်း ကိုဗစ်ကူးစက်တဲ့သူ မရှိ‌တော့ဘူး ထင်ပြီး ပေါ့ပေါ့ဆဆ နေနေကြတယ်” ဟု အထက်ပါ လူငယ်အမျိုးသားက ဆက်ပြောသည်။

ကျိုင်းတောင်းဒေသခံ ပြည်သူများအနေဖြင့် အပြင်ထွက် သွားလာရာတွင် ကိုဗစ်ကာကွယ်ရေး စည်းကမ်းများဖြစ်သည့် Mask တပ်ဆင်ခြင်း၊ မကြာခဏ လက်ဆေးခြင်းတို့ကို ဆက်လက် လိုက်နာသင့်ကြောင်း ဒေသခံလူငယ်များက တောင်းဆိုထားသည်။

Leave a Comments