သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလ အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး သေဆုံးသူ (၅)ဦးထိရှိကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ အဆုံးစီရင်သူများသည် လူငယ်ပိုင်းထဲက အများဆုံးဖြစ်ပြီး မည်သည့် ကိစ္စကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်ကို မသိရှိရသေးကြောင်း လားရှိုးမြို့ ပရဟိတ အဖွဲ့ဝင်များက ပြောသည်။
“ဘာကြောင့် ဒီလို အဆုံးစီရင်ကြတာလဲ မသိဘူး။ သေသွားတဲ့သူ အကုန်လုံးက ကြိုးဆွဲချသေကြတာ။ လူငယ်၊ လူလတ်ပိုင်းတွေထဲကဘဲ အများဆုံး သေနေကြတယ်။ အသက် ၃၀ ကျော်တွေ မရှိဘူး။ ဒီလထဲမှာဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတာ ၅ ယောက်လောက်ရှိနေပြီ” ဟု လားရှိုးမြို့နယ် ပရဟိတ အဖွဲ့ဝင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် ယခုရက်ပိုင်း လားရှိုးမြို့တွင် ယာဉ်တိုက်မှုဖြင့်သေဆုံးသူများနှင့် လမ်းဘေးတွင် ဒဏ်ရာရပြီး သေဆုံးသူများလည်း ရှိနေကြောင်း သိရသည်။
အလားတူ ယနေ့ မနက် (ဇန်နဝါရီ ၁၈) မနက်ပိုင်းအချိန်တွင်လည်း ဟိုပိတ်တိုးဂိတ်အကျော်တွင် အမျိုးသားတစ်ဦး ဒဏ်ရာရရှိထားပြီး သေဆုံးနေကြောင်း သိရသည်။
“အခုတလော လားရှိုးမြို့မှာ ဘာဖြစ်နေလဲတော့ မသိဘူး။ ဒီနေ့ မနက်လည်း ဟိုပိတ်တိုးဂိတ်မှာ အမျိုးသားတစ်ဦးက လမ်းဘေးမှာ ဒဏ်ရာရပြီးသေနေတာ။ ဟိုနေ့ကလည်း ယာဉ်တိုက်မှုကြောင့်သေဆုံးတာ ရှိခဲ့သေးတယ်။ သေဆုံးမှုက ဒီလထဲ များနေတယ်” ဟု အထက်ပါ ပရဟိတ အဖွဲ့ဝင်အမျိုးသား တစ်ဦးက ပြောသည်။
ထိုသို့ လားရှိုးမြို့တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူများ ထက်မရှိလာအောင် လားရှိုးမြို့ ပရဟိတ အဖွဲ့များက ပြသနာများကို စိတ်အေးအေးထားပြီးဖြေရှင်းရန် နှင့် မိုက်မဲမှုမဆန်ကြရန်အတွက် တိုက်တွန်းလိုက်သည်။
“ကျနော်တို့ ပြောချင်တာကတော့ လူငယ်တွေ အရာအားလုံးကို မိုက်မဲမှုမဆန်နဲ့ပေါ့။ ပြသနာတွေ အဆင်မပြေတာတွေကို စိတ်အေးအေးထားပြီး လူကြီးနဲ့ တိုင်ပင်ပြီး ဆွေးနွေးကြပါ။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာက မကောင်းဘူးလေ။ ဒါကြောင့် ကျနော်တို့တော့ ဒီလိုမျိုး အဆုံးစီရင်တာတွေ မလုပ်ကြဖို့ တောင်းဆိုချင်ပါတယ်” ဟု လားရှိုးမြို့ ပရဟိတ အဖွဲ့ဝင်များက တောင်းဆိုလိုက်သည်။











Leave a Comments