Friday, April 26, 2024

ကျောက်မဲမြို့တွင်း စစ်ကောင်စီမှ သေနတ်ပစ်ခတ်နေ

Must read

သျှမ်းမြောက် ကျောက်မဲမြို့ ယမန်နေ့ (ဇန်နဝါရီ ၁၄) ရက် ညပိုင်းတွင် ဆိုင်ကယ်စီးလာသူကို သေနတ်ဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။

ထိုပစ်ခတ်မှုသည် ည ၈ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ ရပ်ကွက် (၈) ထုံးဖိုရပ်၊ အထက ၁ ကျောင်းနှင့် ကွန်ဖြူးရှပ်ကျောင်းအနီးတို့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အထက ၁ ရှေ့နားလို့ ကြားတယ်၊ ဆိုင်ကယ် ရပ်ခိုင်းတာကို မရပ်လို့ လိုက်ပစ်တာတဲ့၊ ၁၀ ချက် လောက်ရှိမယ်၊ ကွန်ဖြူးရှပ်ကျောင်းနားလေးလို့လည်း ပြောတယ်၊ ဒဏ်ရာရတာတွေတော့ မကြားမိသေးဘူး၊ ညပိုင်းဖြစ်သွားတာဆိုတော့ သေချာ မသိရဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုပစ်ခတ်မှုသည် စစ်ကောင်စီ မှ ဆိုင်ကယ်စီးလာသူအား စစ်ဆေးရန် ဟန့်တားရာ မရပ်ပေးသဖြင့် လိုက်လံပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ည ၈ နာရီကျော်ရင် ပိုဆိုးတယ်၊ စစ်ဆေးတာတွေ ကြားတယ်၊ ပတ်ပတ်လည် အကုန် ကြောက်နေရတာ၊ ညကျမှ ဝင်ဝင်ဆွဲတာရှိလို့ ဘာမှ မလုပ်ရဲကြတော့ဘူး၊ ကိုယ့်အိမ်ရှေ့ တစ်ခုခု ဖြစ်တယ်ဆိုရင်တောင် ထွက်ကြည့်ရဲကြတာ မဟုတ်တော့ဘူး” ဟု ဒေသခံ အသက် ၃၅ အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

ကျောက်မဲမြို့တွင်းတွင် ယခု ရက်ပိုင်း စစ်ကောင်စီ မှ လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးခြင်းနှင့် ရပ်ကွက်တွင်းရှိ နေအိမ်တချို့ကို ဝင်ရောက်စစ်ဆေးခြင်းများ ပိုမို ပြုလုပ်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့ ည၈ နာရီဝန်းကျင်က နမ့်ဟူးတောင်းသွားလမ်းတွင်လည်း စကစ မှ လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article