တရုတ်နိုင်ငံသို့ ပို့မရသည့် ဖရဲသီးများ လမ်းဘေးချရောင်းနေ

0

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ကျင်ဆန်ကျော့တွင် ပိတ်မိနေပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်မရသည့် ဖရဲသီးများကို လမ်းဘေးတွင် ဈေးသက်သက်သာသာဖြင့် ရောင်းချနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံတွင်းသို့ ပို့ဆောင်မရသော ဖရဲသီးများကို ဒီဇင်ဘာ ပထမ အပတ်က စပြီး ကျင်ဆန်ကျော့ လမ်းမကြီးဘေးတွင်ရောင်းချနေကြောင်း သိရသည်။

“ဒီတိုင်းရောင်းနေတာတော့ ကြာနေပြီ။ ဒီဇင်ဘာ ပထမ အပတ်ကတည်းက ရောင်းနေကြတာ။ တရုတ်နိုင်ငံထဲကို ပို့လို့မရကြတော့ အဲနားမှာပဲ ဈေးသက်သက်သာသာနဲ့ ရောင်းချနေကြတာပေါ့။ လာဝယ်တဲ့သူတွေလည်းရှိတယ်” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသား တဦးက ပြောသည်။

တရုတ်နိုင်ငံဘက်မှ ဖရဲသီးများကို မဝယ်ယူတော့သည့်အတွက်ကြောင့် လက်ရှိ ဖရဲသီးများကို ရန်ကုန်၊ မန္တလေးမြို့တို့တွင် ပြန်လည်တင်ပို့ပြီးရောင်းချနေရကြောင်း သိရသည်။

အဆိုပါ လမ်းဘေးတွင် ချရောင်းနေသည့် ဖရဲသီးများသည် တရုတ်နိုင်ငံတွင်းသို ပို့ဆောင်မည့် တန်ချိန် ပိုနေသည့် ဖရဲသီးများဖြစ်ကြောင်း သိရသည်။

“တရုတ်ဘက်က မဝယ်တော့လို့ ပွဲစားတွေက ပြန်သွားဝယ်ပြီး ရန်ကုန်၊ မန္တလေးမြို့တွေကို ပြန်ပို့ပြီးရောင်းချပေးနေတာ။ လမ်းဘေးမှာ ရောင်းနေတဲ့ ဖရဲသီးတွေကတော့ တန်ချိန်ပိုလို့ ပြန်ထားခဲ့ရတဲ့ ဖရဲသီးတွေကို လမ်းမှာ ပြန်လာရောင်းတာ” ဟု မူဆယ်မြို့ ဖရဲသီးကုန်သည် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ဖရဲသီးများကို မူဆယ်မှ ရန်ကုန်၊ မန္တလေးမြို့သို့ ပို့ဆောင်ရာတွင်လည်း ကားခ ၄ သိန်းမှ ၁၀ သိန်း အထက်ရှိကြောင်း သိရသည်။
“ကားခလည်း ဈေးအရမ်းကြီးတယ်။ မန္တလေးထိဆိုရင် ကားခက ၄ သိန်းပေးရတယ်။ ရန်ကုန်မြို့ထိဆိုရင်တော့ ၁၂ သိန်းလောက်ပေးရတယ်။ ရန်ကုန်၊ မန္တလေးတို့က ဖရဲသီးကို ဈေးကြီးပေးဝယ်စားရတော့ အဲဘက်ရောင်းမလို့ ကားခက ပိုပြီးဈေးကြီးနေတယ်” ဟု အထက်ပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

နိုင်ငံရေးအခြေနေနှင့် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် တရုတ်နိုင်ငံတွင် လက်ခံမှု အလွန်နည်းသွားသောကြောင့် ဖရဲသီးကုန်သည်များအတွက် ယခုနှစ်တွင် အရှုံးပေါ်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments