Thursday, April 25, 2024

သျှမ်းတောင် တောင်ကြီးခရိုင်ရောက် စစ်ရှောင်များ အစားအသောက် အရေးပေါ်လိုအပ်

Must read

ကရင်နီပြည်မှ စစ်ရှောင်လာသည့် ပြည်သူများသည် သျှမ်းတောင် တောင်ကြီးခရိုင်အတွင်းသို့ တိမ်းရှောင်ရောက်ရှိလာပြီး အစားအသောက်များ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

TBC ကားကွင်းရောက် စစ်ရှောင်များ

လက်ရှိ စစ်ရှောင်များကို တောင်ကြီးမြို့ပေါ်ရှိ TBC ကားကြီးဝင်းအတွင်း ထားရှိပြီး ညောင်ရွှေမြို့နယ် အင်းလေးဒေသ နမ့်ပန်ကျေးရွာအတွင်းတွင်လည်း စစ်ရှောင် အများအပြား ရောက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။

“ခုလောလောဆယ် စစ်ရှောင် စာရင်းအတိအကျ မသိရသေးဘူး။ အစားသောက်တွေတော့ လိုအပ်တယ်” ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နမ့်ပန်ကျေးရွာအတွင်း ကရင်နီပြည်ဘက်မှ တိမ်းရှောင်လာသည့် စစ်ရှောင် အများအပြားရှိနေကြောင်း စုံစမ်းသိရှိရသည်။

ထို နမ့်ပန် ရပ်ကွက် (၃)မှ အုပ်ချုပ်ရေးမှူးသည် စစ်ရှောင်များ၊ ဧည့်သည်များကို လက်မခံရန် ဇန်နဝါရီ (၉)ရက်က လော်စပီကာဖြင့် လိုက်လံ နှိုးဆော်ခဲ့သော်လည်း ယနေ့ ဇန်နဝါရီ (၁၀)ရက်မှာတော့ စစ်ရှောင်များအား လက်ခံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

“အမျိုးတွေ ပြန်လက်ခံလို့ရပြီ။ နေရာတွေလည်း ချထားပြီးပြီ၊ ဓမ္မာရုံတွေမှာလည်း မီးတွေ လုပ်ထားပေးပြီးပြီ ဆိုတာတွေကို ပြန်လာပြောတာတွေ ရှိတယ်လို့ ကြားတယ်။ အိမ်တွေမှာ လာပြောတယ်လို့ ကြားတယ်။ တခြားရွာတွေ လက်ခံတယ်။ ဒီရွာပဲ နမ့်ပန် ရပ်ကွက် (၃)ပဲ လက်မခံတာ။ ဒီမနက်တော့ ပြန်လက်ခံလို့ရပြီ ဆိုပြီး လာပြောတာရှိတယ်” ဟု နမ့်ပန်ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ထိ အာဏာသိမ်း စစ်ကောင်စီမှ တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်နှင့် တင့်ကားများကို အသုံးပြုပြီး တိုက်ခိုက်မှုများ ပြုလုပ်သဖြင့် ဇန်နဝါရီ (၉)ရက်နေ့က ပြည်သူများ ဘေးလွတ်ရာ သျှမ်းတောင်ဘက်သို့ အများအပြား ရွှေ့ပြောင်းလာကြကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article