Thursday, April 25, 2024

စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ မောက်မယ်ဒေသခံများ

Must read

စွတ်ကျယ်အင်္ကျီနဲ့ ဟောင်းနွမ်းနေတဲ့ ပုဆိုးကို ဝတ်ဆင်ပြီး ခန္ဓာကိုယ်မှာလည်း အဖြူမှုန့်တွေ ပေကျံနေသူတစ်ဦးက ဆာလာအိတ်ကို အခင်းလုပ်ထိုင်ကာ ကျောက်တုံးငယ်တစ်တုံးကို အာရုံစိုက်ပြီး ထုဆစ်နေပါတယ်။

အဲဒီလူရဲ့ ဘေးပတ်ပတ်လည်မှာ ဂေါ်ဒန်ကျောက်တုံးတွေ၊ ဘုရားဆင်းတုတော်တွေ၊ နောက်ပြီး ပုံတူ ရုပ်ထုတွေလည်း ရှိနေပါတယ်။

သူကတော့ ပန်းဆယ်မျိုးထဲက တစ်မျိုးဖြစ်တဲ့ ပန်းတမော့ ပညာရှင် ဦးစိုးမောင် ဖြစ်ပါတယ်။

ပန်းတမော့ လုပ်ငန်းဆိုတာ ကျောက်၊ သဲကျောက်၊ စကျင်ကျောက်(ဂေါ်ဒန်ကျောက်)တွေကို အရုပ်သဏ္ဍန်ပေါ်အောင် ထုလုပ်တဲ့ ပညာရပ်ဖြစ်ပါတယ်။

ပန်းတမော့ ခေါ် ကျောက်ဆစ်လုပ်ငန်းကို မန္တလေးမြို့မှာ အများဆုံး ပြုလုပ်တာဖြစ်ပြီး မောက်မယ်မြို့မှာ ထုဆစ်နေတာကိုတော့ သိတဲ့သူ နည်းပါးပါတယ်။

မောက်မယ်မြို့ဟာ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်ထဲမှာ ပါဝင်ပြီး စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြတဲ့ မြို့ ဖြစ်ပေမယ့် ပန်းတမော့လုပ်ငန်းကလည်း ရှားရှားပါးပါး လုပ်ကိုင်နေကြပါတယ်။

ကိုဗစ်နဲ့ စစ်ဒဏ်ကြောင့် ရှားပါးနေတဲ့ ပန်းတမော့လုပ်ငန်းဟာ တစ်စတစ်စနဲ့ ပျောက်ကွယ်လုနီးပါး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

“မှာယူတဲ့သူလည်း နည်းတယ်၊ အရောင်းအဝယ် မဖြစ်တော့ဘူး၊ အဲ့အလုပ်က ဝင်ငွေရတာနည်းတော့ အဆင်မပြေဘူး၊ တခြားအလုပ်ကို အဓိကထားပြီး လုပ်လိုက်ရတယ်” လို့ ပန်းတမော့ လုပ်ငန်းကို ရံဖန်ရံခါသာ လုပ်ကိုင်တော့တဲ့ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

အခက်ခဲမျိုးစုံကြောင့် ပန်းတမော့လုပ်ငန်းကို လုံးဝ ရပ်နားလိုက်တဲ့ အိမ်လည်း ရှိသလို တချို့အိမ်ကလည်း ရံဖန်ရံခါသာ လုပ်ကိုင်ပါတော့တယ်။

ဒါ့အပြင် ယခင်နှစ်တွေထက် နှစ်ဆ ကြိုးစားပြီး လုပ်ကိုင်နေပေမယ့် စားဝတ်နေရေးအတွက် လုံလောက်မှု မရှိသေးကြောင်း ဦးစိုးမောင် ရဲ့ သားဖြစ်သူ စိုင်းလုံက ဆိုပါတယ်။

“ပြီးခဲ့တဲ့ နှစ်တွေမှာ ရတဲ့ ဝင်ငွေက မိသားစု စားဝတ်နေရေးအတွက် လုံလောက်တယ်။ ခု နှစ်ထဲမှာတော့ ၂ ဆကို ပိုပြီး ပင်ပန်းရတယ်။ ပိုပြီး ကြိုးစားတယ်။ ဒါတောင် မလုံလောက်ဘူး” ဆိုပြီး စိုင်းလုံက စိတ်ဓာတ်ကျတဲ့လေသံနဲ့ ပြောပြပါတယ်။

ဖခင် သင်ကြားပေးမှုကြောင့် စိုင်းလုံတစ်ယောက် ပန်းတမော့ပညာကို တတ်မြောက်ခဲ့ပြီး မိခင်ဖြစ်သူကတော့ ထွင်းထုပြီးသား ကျောက်အရုပ်တွေမှာ ဆေးသုတ်တဲ့ အပိုင်းကို တာဝန်ယူထားတာ ဖြစ်ပါတယ်။

တစ်မိသားစုလုံးက ဒီလက်မှုလုပ်ငန်းကို အတူတူ လုပ်ပြီး ဘဝရပ်တည်နေကြတာလို့ ဆိုပါတယ်။

မိဘအမွေဖြစ်တဲ့ ဒီလက်မှုလုပ်ငန်း မပျောက်ကွယ်သွားစေဖို့ စိုင်းလုံတစ်ယောက် ကြိုးစားနေပေမယ့် ရောင်းဝယ်ရေး ခက်ခဲသထက် ပိုခက်ခဲလာတဲ့အပြင် စားဝတ်နေရေးကလည်း ယခင်နှစ်ကထက် ပိုကြပ်တည်းလာတယ်လို့ ဆိုပါတယ်။

“ရောင်းဝယ်ရေးကတော့ ၈၀ ရာခိုင်နှုန်းလောက်ကို လျော့ကျသွားပြီ။ အရမ်းကို လျော့နည်းသွားတယ်။ ပြီးခဲ့တဲ့ နှစ်နဲ့ အခုနှစ် နှိုင်းယှဥ်ကြည့်တာ အဲ့လောက်ထိကို ကွာခြားသွားတယ်။ စားဝတ်နေရေးအတွက်တောင် မလွယ်တော့ဘူး” ဆိုပြီး ပြောပြပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ် ပထမလှိုင်းတုန်းက ရောင်းဝယ်ရေးကို လုပ်ကိုင်လို့ ရခဲ့ပေမယ့် ယခုနှစ် စစ်ကောင်စီက နိုင်ငံတော်အာဏာ သိမ်းယူခဲ့ပြီးတဲ့နောက် နယ်မြေမတည်ငြိမ်ခြင်း၊ သယ်ယူပို့ဆောင်ရေး ပိုမိုခက်ခဲလာခြင်း၊ ကိုဗစ်ကူးစက်မှု မြင့်တက်လာခြင်းတွေကြောင့် ရောင်းဝယ်ရေးကို ပိုမို ခက်ခဲလာပါတယ်။

“ပစ္စည်းက အရင်နှစ်က မှာထားတဲ့ဟာတွေတော့ ရှိတယ်။ လုပ်ပြီးပြီ ပို့ဖို့ ခက်နေတာ။ ကားတွေ မထွက်ကြဘူး။ မြို့အဝင်အထွက် ပိတ်တာတွေ ရှိတယ် ဆိုတော့ ပို့လို့ မရဘူး။ မှာတဲ့ လူတွေ လာယူဖို့ကလည်း မလွယ်ဘူး။ နိုင်ငံရေးလည်း မကောင်းဘူး။ ဒီနှစ်ထဲဆိုရင် ပစ္စည်းမှာတဲ့သူ မရှိသလောက်ကို နည်းသွားပြီ” စိုင်းလုံက လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲကို ရှင်းပြပါတယ်။

မောက်မယ်မြို့ကနေ ထွင်းထုတဲ့ ဆင်းတုတော်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ်၊ နေ့နံရုပ် စတာတွေကို တောင်ကြီး၊ လင်းခေး၊ လဲချား၊ မိုင်းကိုင်၊ လားရှိုး၊ ကျိုင်းတုံမြို့တွေအပြင် အခြားမြို့နယ်တွေကနေလည်း မှာယူကြပါတယ်။

လက်ရှိ နိုင်ငံရေးအခြေနေနဲ့ ကိုဗစ်ကူးစက်မှုဒဏ်ကြောင့် ထွင်းထုပြီးသား ဆင်းတုတော်တွေကို ဝယ်ယူသူတွေက လာ‌ရောက်သယ်ယူ ပင့်ဆောင်နိုင်ခြင်း မရှိသေးပေ။

မောက်မယ်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကိုဗစ်ကူးစက်မှု တဟုန်ထိုး မြင့်တက်ခဲ့မှုကြောင့် ပန်းတမော့ လုပ်ငန်းလုပ်ကိုင်တဲ့ စိုင်းလုံတို့ မိသားစုအပြင် စိုက်ပျိုးရေးလုပ်ကိုင်တဲ့သူတွေ၊ အခြားလုပ်ငန်း လုပ်ကိုင်တဲ့ ဒေသခံတွေ၊ ညနေပိုင်း စျေးရောင်းတဲ့သူတွေလည်း ဝင်ငွေ ထိခိုက်ခဲ့ရပြီး စားဝတ်နေရေးအတွက် အခက်ခဲတွေ ကြုံတွေ့ခဲ့ကြပါတယ်။

မောက်မယ်မြို့နယ်မှာ တောင်ယာစိုက်ပျိုးရေးကို လုပ်ကိုင်တဲ့သူ အများစုဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် သယ်ယူပို့ဆောင်ရေးတွေ အခက်ခဲရှိလာတဲ့အပြင် မျိုးစေ့နှင့် မြေသြဇာစျေးနှုန်းမြင့်တက်ခြင်း၊ အလုပ်သမားငှားရမ်းခ မြင့်မားခြင်းတွေအပြင် လုပ်သားရှားပါးမှုပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ဒီကာလက တော့ ဘာလုပ်လုပ် အဆင်မပြေဘူး။ စိုက်ပျိုးရေးလုပ်တော့လည်း ဓာတ်မြေဩဇာ စျေးက တက်။ ထွက်လာတဲ့ သီးနှံကလည်း စျေးမရ။ အခြေအနေကတော့ ဆိုးသထက်ဆိုးနေတယ်” လို့ တောင်ယာလုပ်ကိုင်နေတဲ့ စိုင်းအောင် က ဆိုပါတယ်။

အခုလို အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးခက်ခဲနေချိန် လူငယ်လူရွယ်တွေဟာ နယ်စပ် ထိုင်းနိုင်ငံဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်ပြီး ဝင်ငွေရှာဖွေနေရပါတယ်။

“အလုပ်အကိုင်ရှားပါးတော့ တချို့က ပြည်ပကို ထွက်သွားကြတယ်၊ ကျနော်တော့ မထွက်ဘူး၊ ဒီလို အခက်ခဲတွေကြားမှာ အကျိုးအမြတ်တစ်ခုလို့ ပြောလို့ရနိုင်တာက မိသားစုထမင်းဝိုင်း လူစုံတာပေါ့၊ နေ့တိုင်း မိသားစုမျက်နာမြင်ရတယ်၊ အဲ့တာနဲ့ အားမွေးပြီး ရှိအတူ မရှိအတူ နေသွားမှာပါ” လို့ စိုင်းအောင်က ဆိုပါတယ်။

ကိုဗစ်နဲ့ စစ်ကောင်စီ အာဏာသိမ်းတဲ့ ဒဏ်ကြောင့် လမ်းဆုံးမြို့ ခေါ် မောက်မယ်မြို့ ဒေသခံတွေဖြစ်တဲ့ ပန်းတမော့ လက်မှုလုပ်ငန်းလုပ်ကိုင်သူ အပါအဝင် အခြားစိုက်ပျိုးရေးလုပ်ကိုင်သူများပါ စားဝတ်နေရေးအတွက် ရုန်းကန်နေရပါတယ်။

“ဒီမှာက ဘာအလုပ်မှ အဆင်မပြေတော့ ပြည်ပကိုပဲ အားကိုးပြီး ထွက်သွားကြတယ်။ လူငယ်တွေ နေရပ်ကို စွန့်ခွာသွားတာက ကျနော်တို့ သျှမ်းလူမျိုးအနာဂတ်အတွက် အရမ်းကို စိုးရိမ်မိတယ်” လို့ စိုင်းအောင်က စိတ်မကောင်းစွာပြောပါတယ်။

အဘက်ဘက်မှာ ဆိုးရွားနေတဲ့ အခြေအနေတွေကြောင့် အလုပ်တွေရှိနေပေမယ့် ထွက်လာတဲ့ ထွက်ကုန် ရောင်းဖို့ စျေးကွက်မရှိတဲ့အတွက် မောက်မယ်ဒေသခံတွေဟာ လက်ရှိမှာတော့ ဝင်ငွေအတွက် ခေါင်းခဲနေရပါတယ်။

ဝင်ငွေမရှိတဲ့ကြား ကုန်စျေးနှုန်းတက်ပြီး မြန်မာ ငွေစျေးနှုန်းတွေ ကျဆင်းမှုကြောင့် လုပ်ငန်းခွင်ကို ဆက်ရုန်းဖို့ အင်အားမရှိတော့တဲ့ အခြေအနေ ရောက်နေကြောင်းလည်း မောက်မယ် ဒေသခံတွေက ပြောဆိုလိုက်ပါတယ်။

“လုပ်ရင်လည်း ရှုံးမယ်။ မလုပ်ရင်လည်း ဝင်ငွေမရှိဘူး။ မြန်မာငွေစျေးကလည်း အကျဘက်ပဲရှိတယ်။ ဘာဆက်လုပ်ရမှန်းမသိတဲ့အခြေအနေပဲ” လို့ မောက်မယ် ဒေသခံ အသက် ၃၅ ကျော် နန်းဆိုင် က ပြောပါတယ်။

မြေသြဇာစျေးနှုန်း မြင့်တက်မှု၊ အငှားလိုက်တဲ့ အလုပ်သမားခ မြင့်မားမှုနဲ့ ဝင်‌ငွေချက်ချင်းမပေါ်တဲ့အတွက် မိသားစု စားဝတ်နေရေး အခက်ခဲကိုတော့ မဖြေရှင်းနိုင်သေးပါ။

“ဒီအလုပ် မဖြစ်လို့ စိုက်ပျိုးရေး တွဲလုပ်တယ်။ ခု ပဲတီစိမ်း စိုက်တာပေါ့။ အဲ့တာလည်း ငွေချက်ချင်းမရဘူးလေ။ အနည်းဆုံး ၃ လဝန်းကျင်လောက် စောင့်ရတာ။ မြေသြဇာစျေးကလည်း အရမ်းတက်တယ်၊ စိုက်ပျိုးရေးလည်း မလွယ်ပါဘူး” လို့ စိုင်းလုံရဲ့ မိခင်ဖြစ်သူက သက်ပြင်းချပြီး ပြောပြပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article