သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဆေးရုံအုပ် ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်သည် ယမန်နေ့ (ဒီဇင်ဘာ ၁၄ )ရက် ည ၇ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ည ၇ နာရီဝန်းကျင် တာမိုးညဲ မုံးစီးဘက် ကာကွယ်ဆေးထိုးပြီး အပြန်လမ်း၌ အမည်မသိ လက်နက်ကိုင်က ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) မနက်တွင် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ကွတ်ခိုင်မြို့နယ် ပရဟိတအဖွဲ့ဝင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနေ့က သူ ပစ်သတ်ခံရတာ။ သေနတ်နဲ့ ပစ်သတ်ခံရတယ်။ ဘယ်နှချက်ထိလဲတော့ ကျနော်တို့ မသိဘူး။ အခုတော့ သူ့ရုပ်အလောင်းကို ဆေးရုံမှာ ယူသွားထားလိုက်ပြီ။ ဘာကြောင့် သူ ပစ်ခတ်ခံရတာလဲတော့ ကျနော်တို့လည်း မသိဘူး” ဟု ကွတ်ခိုင်မြို့နယ် ပရဟိတအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
ကွတ်ခိုင် မြို့နယ်ဆေးရုံအုပ် ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင် ကို ပစ်သတ်ခဲ့သည့်အပေါ် ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
“ဆရာဝန်တောင် ပစ်ခံရတယ်ဆိုတော့ အခြေနေ သိပ်မကောင်းတော့ဘူးပေါ့။ ဘာကြောင့် သူ ပစ်ခံရတာလဲ မသိရသေးဘူး။ ဒီထက်အခြေနေ ဆိုးလာမှာကို ကျနော်တို့တော့ စိုးရိမ်တယ်” ဟု ကွတ်ခိုင်မြို့ ဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိအချိန်ထိ ဆေးရုံအုပ်ကို မည်သူက လာရောက်ပစ်ခတ်သွားသည်ကို မသိရှိရသေးပေ။
သေနတ်ပစ်သတ်ခံရသည့် ဒေါက်တာ ဝင့်ဝင့်မြိုင် သည် အာဏာဖီဆန်ရေး CDM လုပ်ဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများကို ဖိအားပေး ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည့် သူတစ်ဦးဖြစ်ကြောင်း သိရသည်။
ဆေးရုံအုပ် ဒေါက်တာ ဝင့်ဝင့်မြိုင် သည် အသက် (၅၀)ဝန်းကျင်အရွယ် ရှိနေပြီး ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ နှစ် (၂၀) ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။











Leave a Comments