Friday, April 19, 2024

ကျိုင်းတုံ အမျိုးသမီး ၃ဦး သတ်ခံရ

Must read

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယမန်နေ့ (ဒီဇင်ဘာ ၁၉) ည ၉ နာရီ ဝန်းကျင်တွင် အမျိုးသမီး ၃ ဦးသတ်ခံရကြောင်း သတင်းသိရသည်။

အဆိုပါ လူသတ်မှုသည် ကျိုင်းတုံမြို့ ရပ်ကွက် (၂) ကျိုင်းလန်း၊ တက်နေဝန်းကားဂိတ်အနီး နေအိမ်တစ်ခုတွင် ဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၃)ဦး အသတ်ခံခဲ့ရကြောင်း၊ လက်ရှိအချိန်ထိ မည်သည့် အဖွဲ့လာရောက် သတ်သွားသည်ကို မသိရှိရသေးကြောင်း ကျိုင်းတုံဒေသခံများ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“မနေ့ညကဖြစ်သွားတာ။ အမျိုးသမီး ၃ ယောက် အသတ်ခံရတာ။ အသက်ကြီးနေပြီ။ (၅၀)ဝန်းကျင်လောက်တွေပဲ။ အတိကျတော့ မသိဘူး။ ဘယ်သူ သတ်သွားလည်း မသိဘူး” ဟု ပရဟိတအသင်းဝင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ အသတ်ခံရသည့် အမျိုသမီး (၃)ဦးသည် ကျိုင်းတုံမြို့မ ဈေးတွင် ငွေလှဲသည့် လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြကြောင်း ဒေသခံများကပြောသည်။

နိုင်ငံတော် အားဏာ သိမ်းယူခံရပြီးနောက်ပိုင်း ကျိုင်းတုံမြို့တွင် ခိုးဆိုးလုယက်မှုများ ပိုများလာပြီး လုံခြုံစိတ်ချရမှု မရှိ‌တော့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

“ကျနော်တို့မြို့က လုံခြုံမှု မရှိတော့ဘူး။ သူခိုးတွေ အရမ်းပေါတယ်။ ပစ္စည်းလုတာလည်း ဖြစ်တယ်။ ဆိုင်ကယ်တွေဆို နေ့တိုင်းပျောက်တယ်။ တစ်ရက် ၃၊ ၄ စီး ခိုးခံနေရတာ။ ဒီနှစ်ထဲ ဆိုးဆိုးရွားရွားကို ဖြစ်လာတာပဲ။ အရင်ကဆို ဒီလို မဖြစ်ဖူးဘူး” ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့တွင် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ရပ်ကွက် (၁) အတွင်း ဆိုင်ကယ်လုယက်ခိုးယူသူမှ အမျိုးသမီး တစ်ဦးကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article