Wednesday, May 8, 2024

မူဆယ် Silent Strike လုပ်သည့် စျေးဆိုင် ဆိုင်တစ်လ ပိတ်ခံရမည်ဟု စည်ပင်ခြိမ်းခြောက်

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ယနေ့ ဒီဇင်ဘာ (၁၀)ရက်တွင် ဈေးဆိုင်မဖွင့်သည့် ဈေးသည်များကို ဆိုင်တစ်လ အပိတ်ခံရမည်ဟု မြို့နယ်စည်ပင်က လိုက်လံခြိမ်းခြောက်နေကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဈေးသည်များ ဈေးရောင်းချခြင်းမရှိပါက ဈေးဥပဒေအရ တစ်လ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း လိုက်လံ ဆော်သြ ခြိမ်းခြောက်နေကြောင်း မူဆယ်ဒေသခံက ပြောသည်။

“အကြောင်းတစ်စုံတစ်ရာ မရှိပဲဲန့ ပိတ်ထားရင် ဆိုင်တစ်လ ပိတ်သွားမယ်လို့ လိုက်လံ ဆော်သြနေတယ်။ ဒီလို လုပ်မယ်ဆိုတာ မနေ့ကတည်းက ကြေညာသင့်တယ်။ အခုမှ လာကြေညာတယ်။ ဒီလို ခြိမ်းခြောက်တော့ ပြန်လာဖွင့်တဲ့သူ တစ်ချို့ရှိတယ်” ဟု မူဆယ်ဒေသခံ ဈေးသည် အမျိုးသမီး တစ်ဦးက ပြောသည်။

မြို့နယ်စည်ပင်က လိုက်လံ ခြိမ်းခြောက်ပေမယ့် မူဆယ်မြို့မဈေးအတွင်း ဈေးရောင်းသည့်သူ မရှိခြင်း၊ ဟင်းရွက်ဈေးသည်များ လာရောက် ရောင်းချမှု မရှိခြင်း၊ လမ်းမပေါ် လူသွားလူလာ မရှိခြင်း များဖြင့် စစ်အာဏာရှင် ကို ဆန့်ကျင် ဆန္ဒပြနေကြောင်း အမည်မဖော်လိုသူ မူဆယ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ဒီဇင်ဘာ (၁၀)ရက်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့်အတွက် မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်ကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများ ဈေးဆိုင်ပိတ်ခြင်း၊ လမ်းပေါ် အသွားအလာ မပြုလုပ်ခြင်းများကို မနက် ၁၀ နာရီ မှ ညနေ (၄)နာရီအထိ Silent Strike ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article