Thursday, April 25, 2024

ဖယ်ခုံမြို့ စစ်ကောင်စီဖမ်းဆီးထားသည့် ဒေသခံ (၆)ဦးထဲမှ (၃)ဦး ပျောက်ဆုံးနေ

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ တိုးချဲ့ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံ (၆)ဦးကို စစ်ကောင်စီက နိုဝင်ဘာ (၈) ရက်နေ့တွင် ဖမ်းဆီးသွားပြီးနောက် ထိုထဲမှ ဒေသခံ (၃)ဦး ပျောက်ဆုံးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဒေသခံ (၆)ဦးထဲမှ လက်ရှိ (၃)ဦးသည် ဖယ်ခုံရဲစခန်းတွင် ရှိနေပြီး ကျန်ရှိသည့် (၃)ဦး ပျောက်ဆုံးနေလျက်ရှိကြောင်း သိရသည်။

“၃ ဦးလောက်ကတော့ ဖယ်ခုံရဲစခန်းမှာရှိတယ်လို့ ကျနော်တို့ သတင်းကြားရတယ်။ ဒါပေမဲ့ ကျန်တဲ့ (၃)ဦးက ပျောက်နေတယ်။ သူတို့ရဲ့ သတင်းတွေ ဘာမှ မကြားရသေးဘူး။ ပြန်လည်း မလွတ်လာသေးဘူး” ဟု ထိုဒေသခံ (၆)ဦးနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုဖယ်ခုံရဲစခန်းတွင် ကျန်ရှိနေသည့် ဒေသခံ (၃)ဦးကို ဖုန်းအဆက်သွယ်ရခဲ့သော်လည်း စကားပြောချိန် ၁ မိနစ် သာရခဲ့ကြောင်း သိရသည်။

“ဖယ်ခုံရဲစန်းမှာရှိနေတဲ့သူတွေတော့ ဖုန်းအဆက်အသွယ် ရခဲ့တယ်။ ဒါပေမဲ့ ဖုန်းပြောချိန်လည်း ၁ မိနစ်ဘဲရခဲ့တယ်။ သူတို့စားဝတ်နေရေးတွေကော အဆင်ပြေလား၊ ဘာတွေလိုအပ်လည်း မမေးရဘူး။ သူတို့ ကျန်းမာရေးအခြေနေလည်း မမေးရဘူး။ တစ်မိနစ်ထဲ ဘာမှ မပြောလိုက်ရဘူး” ဟု ၎င်းက ပြောသည်။။

ဖယ်ခုံရဲစခန်းတွင် ကျန်ရှိသူများသည် ဦးမောင်လှည့်၊ မောင်သီဟနှင့် မောင်စောလုမောင်းတို့ဖြစ်ပြီး ပျောက်ဆုံးနေသည့် (၃)ဦးသည် လူငယ်များဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ဒေသခံ (၆)ဦးတို့သည် တောင်ယာလုပ်ကိုင်သည့် သာမန်ပြည်သူများဖြစ်ကြပြီး စစ်ကောင်စီက PDF တပ်ဖွဲ့ဟု စွတ်စွဲကာ နိုဝင်ဘာ ၈ ရက်နေ့က လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article