Thursday, April 25, 2024

ပညာရေးအလင်းတန်းပျောက်နေဆဲ လက်ရှိသျှမ်းပြည်

Must read

ကိုဗစ်ရောဂါ နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်နီးပါးကြာအောင်ပိတ်ထားတဲ့ အစိုးရစာသင်ကျောင်း ဟာ နို၀င်ဘာလ ၁ ရက်နေ့မှာပြန်လည်ဖွင့်လှစ်ပေးလိုက်ပါတယ်။ သျှမ်းပြည် မြို့နယ် ၅၅ မြို့နယ် မှာ ၂၆ မြို့နယ်က ကျောင်းဖွင့်ခွင့်မရသေးပါဘူး။ ဒီအခြေအနေအပေါ် ကျောင်းသားမိဘတွေ၊ ကျောင်းသူ ကျောင်းသားတွေ ဆရာ ဆရာမ တွေ ပညာရေး အကျိုးဆောင်တွေရဲ့ ရင်တွင်းစကားက ဘယ်လိုရှိပါသလဲ။ ရေရှည်မှာ ကျောင်းသူ ကျောင်းသားလေးတွေရဲ့ ဘဝ က ဘာဖြစ်သွားနိုင်မလဲ။  

မိုးအကုန် ဆောင်းအကူး မြူနှင်းတွေဆိုင်းဝေနေတဲ့ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်ထဲက ကျေးလက်ရွာတရွာ ရဲ့ တနင်္လာနေ့ မနက် ၈ နာရီအချိန် ကလေးတသိုက်ဟာ ရွာလမ်းမပေါ်မှာ နေပူစာလှုံရင်း ဆော့ကစားနေတာ ဖြစ်ပါတယ်။

လူကြီးတွေကတော့ လယ်ယာခြံတွေထဲမှာ မြေပဲနှုတ်ဖို့နှမ်းရိတ်ဖို့အတွက် နွားလှည်းတွေနဲ့ အသီးသီးခြံကိုသွား နေကြတာပါ။

စိုင်းအိုက်လိုင် တို့ခြံ၀င်းတ၀င်းထဲမှာ နေအိမ် ၃ လုံးရှိပြီး ကလေး ၈ ယောက်ရှိပါတယ်။

ကျောင်းဖွင့်မယ်လို့ကြားတုန်းက သမီးအရမ်းစိတ်လှုပ်ရှားပြီးအရမ်းပျော်သွားပါတယ်။ ကျောင်းအရမ်းတက် ချင် နေပြီ။ ဒါပေမယ့်လည်း ကိုဗစ်ရောဂါက ကူးနေတုန်းမို့ သမီးတို့မြို့ကကျောင်းမဖွင့်သေးဘူးလို့ သတင်းပြန်ကြားရ တာကြောင့် စိတ်မကောင်းဘူး ဖြစ်သွားတယ်။အဖေအမေတွေ အဖိုးအဖွားတွေလည်းပြောတယ်လေ ရောဂါ ကူးမှာ ကြောက်လို့ မဖွင့်လည်းကောင်းတယ် တဲ့

 စိုင်းအိုက်လိုင်ရဲ့သမီးအကြီးမ  ၈ တန်းတက်ဖို့စောင့်နေတဲ့ကျောင်းသူလေး ယိင်းလုံ က သူ့ရင်ထဲက စကားကို ပြောပြသွားတာဖြစ်ပါတယ်။

ယိင်းလုံက ၂၀၂၀  မတ်လကတည်းက ကျောင်းပိတ်ပြီးနောက် ခုထိ ကျောင်းပြန်မတက်ရသေးပါဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန် ၂ဝ၁၉ ကစပြီး ကျောင်းတွေ ပိတ်ထားခဲ့ရတာပါ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂ဝ၂ဝ ဇွန်လမှာတော့ စစ်ကောင်စီက ကျောင်းတွေ ပြန်ဖွင့်ခဲ့ပေမယ့် အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ကျောင်းတက်သူ နည်းပါးခဲ့ပါတယ်။ အဲ့ဒီနောက် ကိုဗစ်တတိယလှိုင်း စတင်ချိန် ဇူလိုင်လဆန်းပိုင်းကစလို့ ကျောင်းတွေကို ပြန်ပိတ်ထားဖို့ စစ်ကောင်စီက ပြန်လည်ညွှန်ကြားခဲ့ပါတယ်။

ဇွန်လ တုန်းကလည်း သမီး ကျောင်းမတက်လိုက်ရဘူး။ သမီးက အထက်တန်းတက်ရတော့မှာမို့ မြို့ထဲက ကျောင်းသွားရမှာလေ။ အဖေက ပေးမသွားဘူး။ အခြေအနေမကောင်းလို့ဆိုပြီး ကျောင်းပေးမသွားဘူး။

ယိင်းလုံက ညှိုးငယ်စွာနဲ့ဆက်ပြီးရင်ဖွင့်ပါတယ်။

ယိင်းလုံတို့ရွာမှာ မူလတန်းအဆင့်ဘဲရှိတာမို့ အလယ်တန်းကို မြို့ဆင်ခြေဖုံးက ရပ်ကွက်တခုရဲ့ကျောင်းမှာ တက်ခဲ့ရပြီး အထက်တန်းတက်ဖို့အတွက်တော့မြို့ကျောင်းကိုသွားတက်ကြရမှာဖြစ်ပါတယ်။

သူက အဲ့တုန်းကလဲ ကျောင်းမတက်လိုက်ရဘူး။ ကျနော်က ပေးမသွားဘူးလေ။ ပညာရေးက အမတို့ဘဲ စဉ်းစားကြည့်လေ။ နှစ်တိုင်းပေးအောင်မယ်ပြောလိုပြော။ တနှစ် ၂ တန်းစနစ်လို့လည်းပြောလိုပြောနဲ့ ။ ကလေးတွေ ဘယ်လိုလုပ်ပြီး ပညာတတ်မလဲ။ အလကားအချိန်ကုန်၊ ပိုက်ဆံကုန်ဘဲပေါ့။

ယိင်းလုံ ရဲ့ဖခင်ဖြစ်သူ စိုင်းအိုက်လိုင် က အိမ်မှာနေ ကလေးတွေကိုစောင့်ထိန်းရင်း ပြောပါတယ်။ သူတို့ခြံ၀င်းထဲ မှာ ရှိနေတဲ့ကလေး ၈ ယောက်မှာ ၈ တန်းတက်မယ့်ကလေး ၁ ယောက် ၅ တန်းတက်မယ့်ကလေး ၃ ယောက်  ၄ တန်း ၁ ယောက် ၃ တန်း ၁ ယောက်နဲ့ ကျောင်းဖွင့်ရင် ပထမတန်းတက်မယ့် အသက် ၆ နှစ်အရွယ်ကလေး ၁ ယောက် နဲ့ ခုမှ ၃ နှစ်အရွယ် ကလေး ၁ ယောက် ရှိပါတယ်။

ယိင်းလုံနဲ့ သူ့ရဲ့၀မ်းကွဲမောင်နှမ တသိုက် ကျောင်းပိတ်ထားတဲ့ကာလ ကိုဗစ်ကူးစက်မှု မဆိုးရွားခင်က ရွာဘုန်းကြီး ကျောင်းမှာ ရွာထဲက ကလေးတွေနဲ့အတူ သင်္ချာ အင်္ဂလိပ်စာနဲ့တခြား ဗဟုသုတ တွေကို သွားရောက်သင်ယူ လေ့ လာ ခဲ့ပါတယ်။ ကျောင်းထိုင်ဆရာတော်နဲ့ မြို့ကခေါ်လာတဲ့ သူ့ရဲ့တပည့်ဒကာက ရွာကကလေးတွေကို ပညာဒါန ပြု ပေးခဲ့တာပါ။  ခုတော့ ရွာမှာ ကိုဗစ်ကူးစက်မှုက စိုးရိမ်စရာရှိလာပြီမို့ ဘုန်းကြီးကျောင်းက သင်ကြားပေး မှုကို ခေတ္တပိတ်ထားလိုက်ပါပြီ။

လူနေအိမ်ခြေ ၈၀ လောက်ရှိတဲ့ သူတို့ရွာမှာ ကျောင်းနေအရွယ်ကလေး ၁၀၀ ထက်မနည်းရှိပါတယ်။ ခုထိ ကလေး တွေဟာ ပညာမသင်ခဲ့ရဘဲ မိဘနဲ့အတူ လယ်ယာလုပ်ငန်းခွင်၀င်သူ၀င်၊ အိမ်မှုကိစ္စကူညီသူက ကူညီ နေကြရ ပါတယ်။

နိုင်ငံတဝှမ်း မြို့နယ် ၄၆ မြို့နယ်က ကျောင်းတွေက လွှဲလို့ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေက ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ အပါအဝင် အခြေခံပညာကျောင်းတွေကို   နိုဝင်ဘာ ၁ ရက်နေ့က စပြီး ပြန်လည်ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီရဲ့ ကိုဗစ်ထိန်းချုပ် ကုသရေး ဗဟိုကော်မတီက အောက်တိုဘာ ၂၈ ရက်နေ့က ကြေညာလိုက်ပါတယ်။

ကျောင်းတွေ ယာယီဆက်ပိတ်ထားမယ့် တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့နယ် ၄၆ မြို့နယ်ကတော့… သျှမ်းပြည်နယ်က ၂၆ မြို့နယ်၊ ကချင်ပြည်နယ်က ၆ မြို့နယ်၊ မကွေးတိုင်းက ၄ မြို့နယ်၊ ကယားပြည်နယ်က ၃ မြို့နယ်၊ ကရင်ပြည်နယ်ထဲက ဖာပွန်နဲ့ သံတောင်ကြီးမြို့နယ်၊ ချင်းပြည်နယ်ထဲက ဖလမ်းနဲ့ ဟားခါး၊ စစ်ကိုင်းတိုင်းက လေရှီးမြို့နယ်၊ မန္တလေးတိုင်းက မိတ္ထီလာမြို့နယ်၊ ရခိုင်ပြည်နယ်ထဲက ဂွမြို့နယ်တို့ ပါဝင်ပါတယ်။

ကျောင်းတွေဆက်ပိတ်ထားတဲ့ သျှမ်းပြည်နယ်က ၂၆ မြို့နယ်ကတော့ သျှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မဘိမ်း၊ ကွမ်းလုံ၊ လားရှိုး၊ သိန္နီ၊  သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံနဲ့ သျှမ်းပြည်တောင်ပိုင်းက ဆီဆိုင်၊ ပင်းတယ၊ ပင်လောင်း၊ ရပ်စောက်၊ ဟိုပုံး၊ မိုးနဲ၊ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ ကွန်ဟိန်း၊ နမ့်စန်၊ မိုင်းရှူး၊ လဲချားမြို့နယ်နဲ့  လွိုင်လင်မြို့နယ်တို့ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုကြောင့် ကျောင်းပြန်မဖွင့်နိုင်သေးတာလို့ စစ်ကောင်စီက ကြေငြာချက်ထုတ်ပေမယ့် တော် တော် များများကတော့ နိုင်ငံရေး စစ်ရေးမတည်ငြိမ်တဲ့မြို့တွေဖြစ်နေတာ လို့ သျှမ်းပြည်တွင်း နိုင်ငံရေးပါတီ၀င် ပုဂ္ဂိုလ် တဉီးကပြောပါတယ်။

ဒါဟာ သျှမ်းပြည်သားတွေကို တမင်သက်သက် ပညာရေးအပိုင်းမှာပိတ်ပင်လိုက်တာလို့လည်း လွိုင်လင်မြို့ နယ်ထဲက အထက်တန်း CDM ဆရာမ တဉီးက အခုလိုပြောပါတယ်။

“ဒါကျမတို့ကို ဖိနှိပ်ချုပ်ခြယ်တာဘဲ။ ပညာသင်ခွင့်မပေးဘူး။  အနိုင်ကျင့် ဖိနှိပ်တာလို့ဘဲမြင်ပါတယ်။”

အခုလို ကျောင်းပြန်မဖွင့်နိုင်တဲ့မြို့နယ်တွေအနက် သျှမ်းပြည်ထဲက တဝက်ကျော် ပါနေတာနဲ့ပတ်သက်လို့ စစ်တပ် အာဏာသိမ်းမှုကို လက်မခံနိုင်လို့ CDM လုပ်နေတဲ့ သျှမ်းပြည်တောင်ပိုင်းက တက္ကသိုလ် ဆရာမ တဉီးက အခုလိုပြောပါတယ်။

ကျမတို့သျှမ်းပြည်ဟာဆိုရင် ပညာရေးက အရမ်းအရမ်းကိုနောက်ကျနေပါပြီ။ ပထမ တနှစ်ကျတော့ကိုဗစ် ကြောင့် ပိတ်တယ်။ ခုဒီနှစ်လည်းဘဲ စစ်တပ်ကအာဏာသိမ်းမှုကြောင့်ကျောင်းတွေထပ်ပိတ်တယ်။ ကလေးတွေ ပညာရေး ၂ နှစ် ဆုံးရှုံးခဲ့ရပြီ။ တကယ်လို့ နိုင်ငံပြန်ကောင်းလာလို့ ကိုဗစ်လည်းမရှိတော့တဲ့ချိန်ကျရင်တော့ ကျမတို့ ပညာ တတ် လူငယ်တွေ ပရဟိတအသင်းအဖွဲ့တွေကနေ ကျမတို့ကလေးတွေပညာရေးအတွက် အင်တိုက်အား တိုက်လုပ်ကြရမှာ

အသက် ၄၀ အရွယ်၀န်းကျင်ရှိ တက္ကသိုလ်က ဆရာမ ဟာစစ်တပ်အာဏာသိမ်းကတည်းက CDM လုပ်ရင်း အခုဆိုရင်  သူမရဲ့ဇာတိမြို့မှာဘဲ မိဘ လက်ငုတ်လက်ရင်း ခြံအလုပ်ကိုဘဲ ပြန်လုပ်နေရပါတယ်။

စစ်တပ်ထိန်းချုပ်မှုအောက်ကပညာရေးမှာတသက်လုံးမျက်မြင်ကြုံတွေ့လာရသူအနေနဲ့ ကလေးတွေ လွတ်လပ် စွာ စဉ်းစားတွေးခေါ် တီထွင်ကြံဆမှု မလုပ်နိုင်သလို ဆရာ ဆရာမ တွေအနေနဲ့လည်း စစ်တပ်က ချပေးတဲ့ ပေါ်လစီ အတိုင်းသာ သင်ကြားသွားရမှာမို့လို့ နိုင်ငံတကာအဆင့် မမှီနိုင်တဲ့ပညာရေးဖြစ်ကြောင်းဆရာမ ကပြောပါတယ်။

တဖက်ကလည်းအခုလို ကိုဗစ်လည်းမပျောက် ကာကွယ်ဆေးလည်းမလုံလောက် တဲ့အနေအထားမှာ ကလေးရော လူကြီးပါ အချိန်မရွေးကိုဗစ်ကူးစက်နိုင်ကြောင်း၊ တဖက်ကလည်း တောရော မြို့မှာပါ ဗုံးပေါက်ကွဲမှု ပစ်ခတ် တိုက်ခိုက်မှုတွေရှိနိုင်ပြီး လူထုရပ်ရွာနေအိမ်မရှောင် စစ်တပ်က ပစ်ခတ်နေတာတွေရှိတာကြောင့် မိမိကလေး လုံခြုံဘေးကင်းရေးအတွက် မိဘအပေါ်မှာသာ မူတည်ကြောင်းဆရာမ ကပြောပါတယ်။

“ကျမတို့ကလေးတွေကို ကျောင်းပို့မယ်ဆိုရင် လုံခြုံမှုဘယ်လောက်ရှိနိုင်မလဲ ။ဒါလဲ မေးစရာမေးခွန်း တခုဖြစ်ရ ပါတယ်။  အဲတာကြောင့်မို့လို့ ကလေးတွေကို ကျောင်းမပို့သင့်သေးဘူးလို့ကျမ မြင်မိပါတယ်။ အခုဆိုရင် လူထုက လက်ခံတဲ့ NUG အစိုးရက ကလေးတွေအတွက် Home School Program  ဆိုတာရှိတယ်။ အွန်လိုင်း ကနေ ဘဲ သင်တယ်။ အဲတာ မြို့ကြီးတွေ အင်တာနက်လိုင်းကောင်းတဲ့နေရာမှာဆိုရင်ကလေးတွေ အတွက်အခွင့် ကောင်းဘဲ။ မြို့ငယ်နဲ့တော ရွာတွေမှာနေတဲ့ကလေးတွေအတွက်တော့ စာတွေမမေ့အောင် စာများများဖတ် များများလေ့လာ ထားရမှာပေါ့နော်။ ”

ကျောင်းဖွင့်ခွင့်ရတဲ့ မြို့နယ်တွေမှာလည်းဘဲ စစ်တပ်နဲ့ ၀န်ထမ်းအသိုင်းအဝိုင်းကလွဲလို့ သာမာန်လူထုအနေနဲ့ မိမိကလေးတွေကို ကျောင်းပေးမသွားရဲတာ များနေသေးတယ်လို့ ပညာရေးမှာကူညီဆောင်ရွက်ပေးတဲ့ သျှမ်းလူမှုအသင်းအဖွဲ့တွေကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ကျောင်းဖွင့်ဖို့သာဆောင်ရွက်နေပေမယ့်  ကိုဗစ်ရောဂါကူးစက်မှု ကာကွယ် တားဆီးရေးတော့ မစီမံနိုင်ဘူးလို့  Shan Community College, Kaw Tai Organization  က ဆရာမ နန်းဟျိုးဆိုင်က အခုလိုပြောပါတယ်။

ခုလိုကျောင်းဖွင့်ဖို့ စစ်ကောင်စီက ကြေငြာလိုက်တာဟာ ဘာမှ ပြင်ဆင်မှုမရှိသေးဘဲ အပြသဘော လုပ်ပြတာ လို့မြင်တယ် ။ ကျန်းမာရေး၊ လုံခြုံရေးနဲ့ ဆရာ ဆရာမ အင်အား  စတာတွေလည်း အဆင်သင့် ဖြစ်ပုံမပေါ်ဘူး။ ဒီလို လိုအပ်ချက်တွေကြားက စစ်ကောင်စီက အပြသဘော ကျောင်းဖွင့်ပေမယ့် ကလေးတွေအတွက် စာသင်ခန်းကအစ ကျမတို့လိုအပ်တဲ့ ပညာရေးလည်းလုံး၀ ရရှိမှာမဟုတ်ဘူး  ”

အခုလို ကျောင်းတွေဖွင့်ဖို့ စစ်ကောင်စီက ကြေငြာလိုက်ပေမယ့် တန်းတူ တပြေးညီဖွင့်နိုင်အောင် မစီစဉ်ပေးနိုင် ဘဲနဲ တချို့တ၀က်ဖွင့်ပြီး တချို့တ၀က်ပေးမဖွင့်တဲ့အပေါ်လည်း ကျောင်းသူကျောင်းသားတွေရော ကျောင်းသား မိဘတွေ မှာပါ တိကျတဲ့ဆုံးဖြတ်ချက် မှန်ကန်တဲ့ဝေခွဲမှုမပြုနိုင်ဘဲရှိနေပါတယ်။

တချို့မိဘတွေကျတော့ စစ်တပ် အုပ်ချုပ် တဲ့ ပညာရေးကို အလိုမရှိလို့ ဘယ်လိုဖြစ်ဖြစ် ကလေးတွေ ကိုကျောင်း သွား မအပ်ဘူး ဆိုတာရှိသလို တချို့ကျတော့လည်း ကလေးတွေပညာရေး တနှစ်ဆိုလည်းတနှစ် မဆုံးရှုံးရလေ အောင် ဆိုတဲ့အတွေးနဲ့ ကျောင်းပို့တာလည်းရှိနေပါတယ်။ 

ဆန္ဒပြတိုက်ပွဲ၀င်ရင်း ကျောင်းနေခွင့်မရှိတော့တဲ့ ကလေးတွေ၊   ပညာသင်ရမယ့်အရွယ်ခလေးလေးတွေက တောထဲမှာ အနေဆင်းရဲ အစားဆင်းရဲ အိမ်ပြန်မယ့်ရက်မသိဘဲနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင်ဆိုပြီး တိုက်ခိုက်နေတဲ့ခလေးတွေ၊ လယ်ယာခြံထဲ ၊ စျေးထဲရောက်သွားတဲ့ CDM ၀န်ထမ်းတွေ  ကိုအောင့်မေ့ပြီး ဒီမိုကရေစီမရမချင်းမိမိကလေးတွေကိုကျောင်းမပို့ဘူး လို့သံဓိဌာန်ချထားတဲ့မိဘတွေလည်းရှိနေပါတယ်။ ဒါကြောင့် အရင်အစိုးရပြောတဲ့ Education For All ဟာ လက်တွေ့မှာ မကိုက်ညီဘူးလို့ လွိုင်လင်ခရိုင်ထဲက အထက်တန်းပြ CDM ဆရာမ တဉီးကပြောပါတယ်။

“အရင်အစိုးရလက်ထက်က ဒီမိုကရေစီအစိုးရလက်ထက်က တနိုင်ငံလုံးကျောင်းဖွင့်ပေးတယ်ပညာ ကောင်း ကောင်းပေး သင်တယ် ဆိုတော့  တန်းတူပညာဆည်းပူးခွင့်ရတာပေါ့နော် ။ ခု အာဏာသိမ်းတဲ့  ၉ လ ၁၀ လ ကာလအတွင်း ကျောင်းဖွင့်တယ်လို့ ပြောတာက  အပြင်ပမ်းပြတာလောက်ဘဲ။  ကျောင်းအုပ်ကြီးတွေတောင် မှပြောတယ်။ စာသင်ဖို့အဓိက မဟုတ်ဘူး စာသိဖို့အဓိက မဟုတ်ဘူး လုံခြုံဖို့အဓိက – တဲ့။ ဆိုတော့   ကလေးတွေ လည်း ကျောင်းလာချင်လာတယ် မလာချင်လည်းမလာဘူး။ ဗုံးကွဲတဲ့သူကြောက်တာနဲ့ ကိုဗစ်ကြောက်ရတာနဲ့  ဆိုတော့ ကျောင်းတက်တဲ့ကျောင်းသားဉီးရေက  ပုံမှန်မရှိဘူး။ ”

ခုလို နိုင်ငံရေး ကျန်းမာရေး ပညာရေးအရှုပ်အထွေးကြားတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်းကြား နယ်မြေစိုးမိုးရေးပဋိပက္ခကြောင့် စစ်ဘေးတိမ်းရှောင်နေသူတွေ များပြားတဲ့ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့မှာ တော့ အစိုးရကျောင်း ဖွင့်လှစ်တဲ့စာရင်းမှာပါ၀င်နေပါတယ်။

ကျောင်းဖွင့်လာတဲ့ ၃ ပတ်တာကာလအတွင်း တခြားမြို့က ကျောင်းနေအရွယ်ခလေးတွေ ကိုဗစ်ရောဂါ ကူးစက် ခံနေရသလို မိုင်းကိုင် မြို့မှာလဲ ကျောင်းသူ ကျောင်းသား တွေ ကိုဗစ်ကူးစက်နေတာ ကိုတွေ့ရပါတယ်။

စိန်ခေါ်မှုအရပ်ရပ်ကြား ကလေးကိုကျောင်းပို့လိုက်တဲ့အသက် ၄၅ နှစ်အရွယ်ဖခင် စျေးဆိုင်ပိုင်ရှင်တဉီးက မိဘ ဝတ္တရား မပျက်လိုကြောင်း အခုလို ရင်ဖွင့်ပါတယ်။

“မြို့ကြီးတွေမှာ စာသင်ကျောင်းတွေမှာ ဗုံးကွဲတာ ၊ ဆရာ ဆရာမတွေလည်းပစ်သတ်ခံရတာ၊ စစ်ကောင်စီနဲ့ နီးစပ် သူတွေပစ်သတ်ခံရတဲ့သတင်းတွေကြားရတော့စိတ်ပူပါတယ်။ ဒါပေမယ့်လဲဘဲ စိုးရိမ်မှုများကြားကျနော့ သားလေး ကိုကျောင်းလွှတ်ရတဲ့အကြောင်းရင်းကတော့ ပထမတချက်က ကလေးက ပညာရေးနဲ့ကင်းကွာနေတာ ၂ နှစ်ရှိ တော့မယ် လေ။ သူများနိုင်ငံကိုမမှီတဲ့ပညာရေးမှာ ခုလိုထပ်ပြီး နောက်ကျရပြန်တော့ကလေးအတွက် မကောင်း ဘူးလေနော်။ နောက်တခုက ကျောင်းပို့ရင် ကျနော့ကလေး ၁၈ နှစ်မပြည့်သေးလဲဘဲ ကာကွယ်ဆေးထိုးရ မယ် လေ။ အပြင်မှာဆိုရင် ၁၈ နှစ်ပြည့်မှ ကာကွယ်ဆေးထိုးရ တာလေဗျာ”

သို့ပေမယ့်  ကလေးကျောင်းပို့ရဲတဲ့သူ သိပ်မရှိဘူးလို့ သူကပြောပါတယ်။

ဒါကြောင့်မို့လို့  အခြေအနေအရပ်ရပ်ပြန်ကောင်းလာတဲ့တနေ့ကျရင် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံထူထောင် ဖို့ အတွက်  သျှမ်းပြည်သား ကလေးတွေရဲ့ပညာရေး ပြန်လည်ထူထောင်ရေးအတွက် အင်တိုက်အားတိုက် လုပ်ကြရ မှာလို့ CDM ၀န်ထမ်း တက္ကသိုလ်ဆရာမက ပြောပါတယ်။

“တကယ်လို့နိုင်ငံကောင်းလာရင်တော့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအစစ်အမှန်ဖြစ်အောင် တိုင်းရင်းသား လူမျိုး တွေ အတွက် အစိုးရကျောင်းတွေမှာ သက်ဆိုင်ရာပြည်နယ်ရဲ့မိခင်ဘာသာစာပေသင်ကြားခွင့်ရှိရမယ်။ အိန္ဒိယ နိုင်ငံမှာလုပ်နေတယ်။ ဒီလို စစ်မှန်တဲ့ဖက်ဒရယ်စနစ်ကျင့်သုံးသွားမယ်ဆိုရင် ကျမတို့ပြည်ထောင်စုမှာ လူမျိုးကြီး ဝါဒဆိုတာလည်းရှိတော့မှာမဟုတ်ဘဲ တိုင်းရင်းသားတွေလည်း မိမိဘာသာစာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်တယ်။  ”

သျှမ်းပြည်အတွင်းမှာ ၂၀၁၉ ပညာရေးဌာနထုတ်ပြန်တဲ့စာရင်းအရ အခြေခံပညာကျောင်းသားစုစုပေါင်း ၈ သိန်း ထက်မနည်းရှိနေပါတယ်။ သျှမ်းပြည်တွင်း ၅၅ မြို့နယ်ထဲက ၂၆ မြို့နယ်မှာ ကျောင်းမဖွင့်နိုင်ခဲ့ တော့ ပျှမ်းမျှ ကျောင်းသား ၃ သိန်း ၇ သောင်းခန့်ဟာ ကနေ့ခေတ်မှာ ပညာရေးအခွင့်အရေး ဆုံးရှုံးနေပါတယ်။ 

ဒါ့အပြင်ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ တနိုင်ငံလုံးက ဆရာ ဆရာမဉီးရေ ၄ သိန်းကျော်အနက် ၁ သိန်းကျော်ဟာ   CDM မှာ ပါဝင်တဲ့အတွက် အလုပ်က ထုတ်ပယ်ခံလိုက်ရတယ်လို့ အခြေခံပညာ အထွေထွေသ ပိတ်ကော်မတီ (Basic Education General Strikes Committee – BEGSC) က ပြောပါတယ်။

ကလေးတွေပညာရေးအတွက် ရှုံးနိမ့်နေချိန်ကူညီဆောင်ရွက်ပေးဖို့က အရေးကြီးဆုံးဖြစ်ပြီး တဉီးတယောက်မှ သည် အဖွဲ့အစည်းအားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း Shan Community College က ဆရာမနန်းဟျိုး ဆိုင် က ပြောပါတယ်။

“ခုလို သျှမ်းပြည်သားတွေကြုံတွေ့နေရတဲ့ ပညာရေးလစ်ဟာမှုတွေကို ကျမကိုယ်တိုင်ကအစ ကျမ သိတဲ့ပညာရေး ကူညီမှုပေးနေတဲ့အဖွဲ့အစည်းအားလုံးကိုလည်းကျမ တတ်နိုင်သလောက်ချိတ်ဆက်ထားတယ်။ တတ်နိုင်တဲ့ဘက် က လူငယ်တွေပညာရေးပိုင်းကို အားဖြည့်ပေးဖို့ပေါ့နော်။ ခုလို သျှမ်းပြည်သားတွေပညာရေး ရပိုင်ခွင့်ဆုံးရှုံးနေ ချိန် မှာ တတ်နိုင်တဲ့ဘက်က ဖြည့်ဆည်းပေးဖို့ လူငယ်တိုင်းမှာတာ၀န်ရှိပါတယ်။”  

Leave a Comments

- Advertisement -spot_img

Latest article