ဆီဆိုင် စပါးစိုက်တောင်သူများ အရှုံးပေါ်နေ

0

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း စပါးစိုက်သည့် တောင်သူများ ယခုနှစ် မိုးဆက်တိုက်ရွာသွန်းသဖြင့် တောင်သူများ အရှုံးပေါ်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ရာသီဥတုဖောက်ပြန်မှုကြောင့် ယခုနှစ်အတွင်း မိုးဆက်တိုက်ရွာသွန်းကာ စပါးစိုက် တောင်သူများ အရှုံးပေါ်မှုဖြစ်နေကြပြီး တဖက်မှာလည်း ကိုဗစ်-၁၉ ရောဂါရိုက်ခတ်မှုဒဏ်နှင့် နိုင်ငံရေး ရှုပ်ထွေးမှုကြောင့် မြေသြဇာဈေးနှုန်းများ ဈေးတက်သဖြင့် တောင်သူများ အခက်ခဲ ကြုံတွေ့ခဲ့ရကြောင်း ဆီဆိုင်တောင်သူ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ တောင်သူတွေအတွက် အခက်ခဲအရမ်းဖြစ်တယ်။ ဒီနှစ်က မိုးအရမ်းများတော့ စပါးတွေ ပျက်စီးတာတွေလည်းရှိတယ်။ ပြီးတော့ ကုန်ဈေးနှုန်းတွေ တက်တော့ လယ်ထဲ မြေသြဇာထည့်ရင် အရင်းတောင် ပြန်မရဘူး။ ဒီနှစ်အလုပ်မဖြစ်တော့ နောက်နှစ်အကြွေးတင်တာပေါ့” ဟု ဆီဆိုင် တောင်သူ တစ်ဦး က ပြောသည်။

သစ်တောပြုန်းတီးမှုများလာသောကြောင့် ရာသီဥတုဖောက်ပြန်ခြင်း၊ တောတောင်များကို ဖျက်စီးပြီး ပြောင်းများ စိုက်ပျိုးခြင်းများလည်း ရှိကြောင်း သိရှိရသည်။

“သစ်တော ပြုန်းတီးမှု များတော့ မိုးများလည်း ရေစုပ်ယူမှုအား မရှိတော့ဘူး။ သစ်တောတွေကို တန်ဖိုးမထားပဲ စိုက်ပျိုးရေးလုပ်နေရင် ဒီလို နောက်ဆက်တွဲပြဿနာတွေ နှစ်တိုင်းကြုံနေရမှာပဲ။ တောင်သူတွေ သစ်တောကို တန်ဖိုးထားတတ်ဖု့ိ၊ သစ်တောပြုန်းတီးတာကို လျော့ချကြဖို့ တိုက်တွန်းချင်တယ်” ဟု ဆီဆိုင်ဒေသခံ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက ပြောသည်။

မိုးဆက်တိုက်ရွာသွန်းပြီး စပါးပျက်စီးခြင်းသည် ပြီးခဲ့သည့် (၂)နှစ်က မကြုံခဲ့ရဖူးကြောင်း သိရှိရသည်။

Leave a Comments