Wednesday, April 24, 2024

ဖယ်ခုံမြို့ စစ်ရှောင်ကူညီသူ ကိုညီခင် ရုပ်အလောင်း ပြန်မရရှိသေး

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်းများကို စားဝတ်နေရေးအတွက် ကူညီပေးနေသည့် ကိုညီခင်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်း ပြန်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ကိုညီခင် ကို စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာ (၁၅)ရက် ည ၉ နာရီအချိန်တွင် နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီး စစ်ကြောရေးစခန်းမှာ ၃ ရက်အကြာ နိုဝင်ဘာ ၁၈ ရက်နေ့တွင် သေဆုံးသွားကြောင်း သိရသည်။

“ ၁၈ ရက်နေ့က သေဆုံးသွားတယ်။ သေတာတော့ သေချာတယ်။ အလောင်းတော့ ပြန်မရသေးဘူး။ အလောင်းပြန်ရရင်တော့ ကျနော်တို့ကလည်း သိရပြီ။ အလောင်းသွားထုတ်ကြတယ်။ ဒါပေမဲ့ အလောင်းပြန်မရခဲ့ဘူး” ဟု ဖယ်ခုံမြို့ မှ အမည် မဖော်ပြလိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ကိုညီခင် သေဆုံးမှုသည် စစ်ကောင်စီ၏ စစ်ကြောရေးစခန်းတွင် ညှဥ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့သော်လည်း စစ်ကောင်စီ တပ်ဖွဲ့မှ ကိုညီခင်သည် အမောဖောက်သေဆုံးသွားကြောင်း ထုတ်ပြန်ထားသည်။

ကိုညီခင်သည် ကျန်းမာရေးအခြေနေ ကောင်းမွန်သူတစ်ဦးဖြစ်ကြောင်း ကိုညီခင်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ သူတို့ကတော့ အမောဖောက်ပြီးသေသွားတယ်လို့ထုတ်ပြန်တာပေါ့။ တကယ်တော့ ကိုညီခင်က ကျန်းမာရေးကောင်းမွန်သူဖြစ်တယ်။ စစ်ကြောရေးစခန်းမှာ ၃ ရက်နေပြီးသေတယ်ဆိုတော့ သူတို့ နှိပ်စက်တာပဲ ဖြစ်နိုင်တယ်” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

ကိုညီခင်သည် ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင်များကို စားဝတ်နေရေးအတွက် အဓိက ကူညီထောက်ပံ့ပေးနေသည့်သူတစ်ဦး ဖြစ်သည်။

ကိုညီခင်နှင့်အတူ ဆက်စပ်သူ (၇)ဦးကိုလည်း စစ်ကောင်စီ တပ်ဖွဲ့တို့က ဖမ်းဆီးသွားပြီး ယနေ့ အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article