Friday, April 19, 2024

ဖယ်ခုံမြို့နယ် စစ်ကောင်စီနှင့် PDF တိုက်ပွဲ ဆက်ဖြစ် စစ်ကောင်စီ သေဆုံးမှုရှိ

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု စက်တော်ကျေးရွာတဝိုက် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့ (နိုဝင်ဘာ ၅ ရက်) မနက် ၈ နာရီမှ စပြီး တိုက်ပွဲ ဖြစ်ပွားမှု ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိကြောင်း စုံစမ်းသိရှိရသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၅)ဦးခန့် ထိခိုက် သေဆုံးမှုရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ဘက်လည်း ဒဏ်ရာရတာရှိတယ်။ ဒါပေမဲ့ ဒဏ်ရာကြီးကြီးရတာတော့မဟုတ်ဘူး။ ထိရှတာတွေလောက်ပါပဲဗျ။ အရမ်းကြီး ဒဏ်ရာရတာ မရှိပါဘူး။ စစ်ကောင်စီဘက်ကတော့ သေဆုံးတာတွေလည်းရှိပါတယ်” ဟု ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က သေဆုံးမှုစာရင်း တိတိကျကျ မသိရှိရသေးသော်လည်း ခန့်မှန်းခြေအရ (၁၅)ဦးခန့်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရသူလည်း များကြောင်း PDF အဖွဲ့ဝင်က ပြောသည်။

“စစ်ကောင်စီဘက်တော့ ၁၅ ယောက်ထက်မနည်း ဒဏ်ရာ ရရှိကြမှာပါ။ အတိကျတော့ ကျနော်တို့လည်း မသိရသေးဘူး။ သွားကြည့်တာတော့ သွေးတွေကျနေတာတွေ့ရတယ်။ အကုန်မသွားကြည့်ရသေးဘူး” ဟု အထက်ပါ PDF က ဆိုသည်။

ဖယ်ခုံမြို့နယ်အတွင်း ဖြစ်ပွားသည့် ယနေ့ တိုက်ပွဲသည် မနက် ၈ နာရီမှ စတင်ခဲ့ပြီး နေ့လည် ၂ နာရီခွဲဝန်းကျင်ထိ ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

“အခုတော့ ငြိမ်သွားပြီ၊ မနက် ၈ နာရီကတည်းကနေ ဖြစ်လာတာ။ တောက်လျှောက်ဘဲ။ ၂ နာရီခွဲလောက်မှပြီးတယ်။ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေ အများကြီးပစ်ခတ်ခဲ့တယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာ ၄ ရက်တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၂၀)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့တိုက်ပွဲတွင် လွိုင်ကော် PDF၊ ဖယ်ခုံ PDF/ KA၊ ဒီမော့ဆို PDF၊ မိုးဗြဲ PDF၊ အလယ်ပိုင်းတိုင်း PDF/ KGZ/KNDF တို့က အတူ ပူးပေါင်းပါဝင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article