Saturday, April 27, 2024

တောင်ပိုင်းထိုးစစ် ပြဿနာပေါင်းစုံ ပြည့်နှက်နေတဲ့ သျှမ်းပြည်နယ်အတွက် တရုတ်ရဲ့ဩဇာက ဘယ်လို အကျိုး သက်ရောက်မှု ဖြစ်စေမလဲ

Must read

တရုတ်ပြည်နယ်စပ် သျှမ်းတောင်တန်းတွေမှာ ကမ္ဘာ့မဟာအင်အားကြီး နိုင်ငံတွေ ဘယ်လောက်ခြေရှုပ် နေကြသလဲ။

တရုတ် အမေရိကန်
Photo Credit to Owner

မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးဝါးလာတဲ့ အခက်အခဲကို တကမ္ဘာလုံးက အာရုံစိုက်နေချိန်မှာ   စစ်အုပ်စုရဲ့ စစ်တပ်နဲ့ ပြည်သူ တွေကြားက ပဋိပက္ခကို အဓိကအာရုံစိုက်နေခြင်းဖြစ်တယ် သျှမ်းပြည်နယ်ရဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကြားမှာ ကြမ်းတမ်းတဲ့ ရန်လိုမှုတွေဖြစ်နေတာ မယုံနိုင်စရာပါဘဲ။

SSPP / SSA နဲ့ သူ့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ TNLA နဲ့ UWSA တို့ပူးပေါင်းပြီး RCSS / SSA ရဲ့ စခန်းတွေကို တိုက်ခိုက်ဖို့ လုပ်တဲ့အခါ RCSS / SSA က သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်မှာရှိတဲ့ လွိုင်ဟုန်းတောင်ကြော ကနေ ဆုတ်ခွာပေးလိုက်တယ်။ ဒါဟာ လက်နက်စွဲကိုင်တိုက်ခိုက်မှု ပဋိပက္ခကို ချုပ်ငြိမ်းစေသင့်တယ်၊ သို့မဟုတ်- လျော့ပါးစေသင့်ပါတယ်။

ဒါပေမယ့် သည်လိုဖြစ်မလာခဲ့ဘူး။ အဲ့ဒီနောက်ပိုင်းမှာ သျှမ်းပြည်မြောက်ပိုင်းမှာ ထိတွေ့မှုတွေများပြားလာပြီး၊ စက်တင်ဘာလလယ်ကစလို့ SSPP မဟာမိတ်အုပ်စုဟာ တောင်ပိုင်းထိုးစစ် ဆင်နွဲလာတာကို တွေ့ရတယ်။

RCSS ထိန်းချုပ်နယ်မြေဖြစ်တဲ့ – သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ မကြာသေးမီက ပြင်းထန်တဲ့ တိုက်ပွဲ တွေ ဖြစ်ခဲ့ပြီး ဒေသခံလူထု ၃,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်။ ဒါကဘာကို ပြသလဲဆိုတော့   SSPP မဟာ မိတ်အုပ်စုဟာ   ရေရှည်နေဖို့ ရည်ရွယ်တယ်ဆိုတာကို ပြတာပဲ။ နယ်မြေထိန်းချုပ်မှုအတွက် လက်နက်ကိုင်တိုက် ခိုက်တာတွေဟာ အခြေအနေကိုပိုမိုဆိုးဝါးစေမယ်ဆိုတာကို ပြတာပဲ။

အပေါ်ယံကြည့်ရင်တော့ ဒါဟာဒေသတွင်း နယ်မြေလုစစ်ပွဲပဲလို့ ထင်ရတယ်။ ဒါပေမယ့် အခု ဖြစ်ပွားနေတဲ့ ခေတ်သစ်မဟာဗျူဟာစစ်ပွဲအရ ကြည့်ရင်တော့ သျှမ်းပြည်ဟာ အရေးပါတဲ့ အနေအထားမှာရှိတယ်။ ပဋိပက္ခရဲ့ နောက်ကွယ်မှာ အမှန်တကယ် ရှိနေတာက ဘာလဲ။ ဘေဂျင်းနဲ့ ဝါရှင်တန်က ဘယ်လောက်အထိ ပါဝင်ပတ်သက် နေသလဲ။

ကြည့်ကြရအောင်။

ပဋိပက္ခရဲ့အစ

၂၀၁၅ ခု အောက်တိုဘာလမှာ RCSS က   အခြားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့နဲ့အတူ တနိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးစာချုပ် (NCA) ကို လက်မှတ်ထိုးလိုက်တဲ့အခါ   ညီနောင်အချင်းချင်း ဖြစ်ပွားနေတဲ့ရန်ပွဲဟာ   တိုင်းရင်း သားပေါင်းစုံ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရန်ပွဲအဖြစ်ပြောင်းလဲသွားတော့တယ်။ RCSS ကတဘက်၊ SSPP, TNLA နဲ့ UWSA မဟာမိတ်အဖွဲ့က တဘက်ပေါ့။ SSPP, TNLA နဲ့ UWSA က NCA ကို လက်မှတ်မထိုးခဲ့ ကြဘူး။

သည်အဖွဲ့သုံးဖွဲ့ဟာ အခြားတိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့နဲ့ပေါင်းပြီး   ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးမဟာမိတ် အဖွဲ့ FPNCC ကို ဖွဲ့စည်းဖို့ လုပ်ဆောင်ခဲ့ကြတယ်။ အခြားလက်နက်ကိုင်အဖွဲ့က   KIA, MNDAA နဲ့ NDAA တို့ ဖြစ်တယ်။

FPNCC ကို တရားဝင်တော့ နိုင်ငံရေးမဟာမိတ်အဖွဲ့လို့ ပြောတာပဲ။ ဒါပေမဲ့ SSPP, TNLA နဲ့ UWSA တို့က အင်အားတွေ စုပေါင်းပြီး RCSS ကို တိုက်ထုတ်ခဲ့တာကိုကြည့်ရင်   ဒါဟာ စစ်မဟာမိတ်အဖွဲ့  ပဲ ဖြစ်ပါတယ်။ စစ်မဟာမိတ်လို့ မထင်ရအောင် လျော့ပေါ့ပြောနေတာတော့ ရှိတာပေါ့။

FPNCC ရဲ့နိုင်ငံရေး မျှော်မှန်းချက်ဟာ ကွန်ဖက်ဒရေစီဖြစ်တယ်။ ဒါကို သူက NLD  ဦးဆောင်တဲ့ အစိုးရကို စာ တမ်းတခုနဲ့ အလွတ်သဘော (တရားမဝင်) တင်ပြခဲ့တယ်။ ၂၀၁၈ ခု ဇူလိုင်လက ကျင်းပတဲ့ NCA အခြေခံပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တင်ပြခဲ့တာဖြစ်တယ်။ သည်ညီလာခံမှာ FPNCC က အပြည့်အဝ ပါဝင်ခွင့်ရခဲ့ တာ မဟုတ်ပါဘူး။ တရုတ်ကြောင့်   သူ့ကို ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖို့သာ ဖိတ်ကြားခဲ့တာဖြစ်တယ်။ သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာလည်း နေပြည်တော်ကို တရုတ်နယ်နိမိတ်ထဲကနေ လေကြောင်းခရီးနဲ့ တိုက်ရိုက် လာခဲ့တာ ပဲ ဖြစ်တယ်။

NCA လက်မှတ်ထိုးပြီးနောက်   ရာချီတဲ့ RCSS တပ်သားတွေဟာ မြောက်ပိုင်းရွှေ့လာကြတယ်။ ၂၀၁၅ ခု နိုဝင် ဘာလမှာ နမ့်ခမ်းနယ်အတွင်းမှာ TNLA နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ အဲသည်ကတည်းက   သည်အဖွဲ့နှစ်ခုဟာ မသင့်မမြတ်ဖြစ်ပြီး နှစ်ပေါင်းများစွာကြာအောင် တိုက်ပွဲအလီလီဖြစ်ပွားခဲ့တယ်။

၂၀၁၈ ခု ဇူလိုင်လက   သီပေါနယ်အတွင်း   TNLA နဲ့ RCSS တို့ရဲ့ တိုက်ပွဲမှာ SSPP က TNLA နဲ့ ပူးပေါင်း ပြီး  RCSS  ကို မြောက်ပိုင်းသျှမ်းပြည်ကနေ တိုက်ထုတ်ခဲ့တယ်။ အဲသည်မှာ သျှမ်းတပ်နှစ်တပ်ရဲ့ ရန်ငြိုးရန်စ – အမုန်းတရား စတင်တော့တာပဲ။

ဒါပေမဲ့ ၂၀၁၉ ခု ဧပြီလမှာ သျှမ်းသံဃာတော်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေရဲ့ စီစဥ်ပေးမှုကြောင့် – သျှမ်းတပ် နှစ်တပ်ဟာ အပစ်အခတ်ရပ်ဖို့ သဘောတူညီမှု ရခဲ့တယ်။ ဒါပေမဲ့ သည်သဘောတူညီချက်ဟာ တနှစ်ပဲ ခံပါတယ်။ တိုက်ပွဲတွေပြန်ဖြစ်ပြီး – သည်ကနေ့တိုင်အောင် အရှိန်အဟုန်မပျက် ဆက်လက်တိုက်ခိုက် နေကြတော့တယ်။

SSPP မဟာမိတ်အဖွဲ့ရဲ့ ထိုးစစ်ကို မဟန့်တားနိုင်လို့ – RCSS ဟာ လွန်ခဲ့တဲ့လ အနည်းငယ်က – တရုတ်နယ်စပ် အနီး နမ့်ခမ်းဧရိယာကနေ ဆုတ်ခွာလာတယ်။

ဒါပေမယ့် RCSS ကို ဦးတည်တိုက်ခိုက်တဲ့ – မဟာမိတ်အဖွဲ့ရဲ့ ထိုးစစ်တွေဟာ မြောက်ပိုင်းသျှမ်းပြည် ကျောက်မဲ၊ သီပေါနဲ့ နမ္မတူမြို့နယ်တွေမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။ အောင်မြင်မှုတော့ မရပါဘူး။

ဇူလိုင်လမှာ – တလတာကြာမြ င့်တဲ့ တိုက်ပွဲတွေအတွင်း – လွယ်ဟုန်တောင်ကြောကို စိုးမိုးနိုင်ရေး အဓိကတိုက်ပွဲ ကြီးတွေ တိုက်ဖို့ ပြင်ဆင်နေကြတယ်။ SSPP, TNLA နဲ့ UWSA တို့ရဲ့ ဧရာမစုပေါင်းတပ်ဖွဲ့ကြီးဟာ လူပေါင်း ထောင်ချီပါရှိပြီး၊ လက်နက်ကြီးများနဲ့ – RCSS ရဲ့ အစောင့် တပ်တွေကို အဲသည်နေရာကနေ တလကြမ်းတိုက်ထုတ် ဖို့ အသင့်ဖြစ်နေပြီ။ ဒါပေမဲ့ RCSS က သူ့ရဲ့တပ်တွေအားလုံးကို အဲသည်တောင်ကြောကနေ ဇူလိုင်လ ၈ ရက်နေ့မှာ ရုပ်သိမ်းလိုက်ပါတယ်။

သူ့ရဲ့ အချက်လေးချက်ပါဝင်တဲ့ ထုတ်ပြန်ကြေညာချက်မှာ RCSS က – သည်လိုပြောပါတယ်။

 ” SSPP နဲ့ TNLA ပူးပေါင်းတပ်တွေဟာ နမ္မတူ၊ ကျောက်မဲနဲ့ သီပေါမြို့နယ်တွေမှာ RCSS ကို ထိုးစစ်ဆင်နွှဲနေပြီး၊ ဒေသခံတွေကို အ ခက်အခဲ ကြုံတွေ့စေလျက်ရှိတယ်။ နိုင်ငံရေးပြဿနာတွေကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားခြင်းဟာ ဒေ သတွင်းလူထုကို အခက်အခဲတွေ၊ ဝန်ထုပ်ဝန်ပိုးတွေ ပိုမိုကြီးမားစေမှာပဲ ဖြစ်ပါတယ်။

RCSS ဟာ သူ့ရဲ့နေရာကို ကာကွယ်နေခြင်းပဲဖြစ်တယ်။ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက တနိုင်ငံလုံး ဟာ လူမှု – စီးပွား အခက်အခဲတွေ ကျရောက်လျက်ရှိတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်နေရတာကလည်း ရှိ သေးတယ်။ တိုင်းရင်းသားလက်နက်ကိုင်များရဲ့ ပဋိပက္ခဟာ ပြည်သူလူထုရဲ့ ဒုက္ခဆင်းရဲကို ပိုမိုနက်ရှိုင်းစေမယ် ဖြစ်ပါတယ်။ ဒါကြောင့် မြောက်ပိုင်းသျှမ်းပြည်လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေ အားလုံးကို   ပြ ဿနာတွေဖြေရှင်းဖို့ ငြိမ်းချမ်းတဲ့နည်းလမ်းကို ရှာဖွေကြပါလို့ ကျနော်တို့က တိုက်တွန်းလိုပါတယ်။

SSPP မဟာမိတ်အဖွဲ့နဲ့ RCSS ရဲ့ တိုက်ပွဲဟာ အခုမြောက်ပိုင်းသျှမ်းပြည်မှာပဲ ဖြစ်ပွားတော့မယ်လို့ အများကထင် ကြတယ်။ ဒါပေမဲ့ ရုတ်တရက်ပဲ မဟာမိတ်အဖွဲ့ဟာ RCSS ကို တောင်ပိုင်းသျှမ်းပြည် မိုင်းကိုင်မြို့နယ်မှာ စတင် တိုက်ခိုက်လာတယ်။ ဒါဟာ နယ်မြေထိန်းချုပ်ရေးစစ်ပွဲသက်သက်မျှသာ မဟုတ်ဘူး။ တရုတ်ပြည်ရဲ့ ပိုမိုကြီးမား တဲ့ လက်တွေ့အကျိုးစီးပွားကို ထမ်းဆောင်ရန် ဆင်နွှဲတဲ့ ကြားခံကျူးကျော်စစ် ဖြစ်ဖို့ ပိုများတယ်လို့   လေ့လာသူ တွေရော ခွဲခြမ်းစိစစ်သူတွေပါ တွေးထင်မိကြတယ်။

မိုင်းကိုင်တောင်ပိုင်းထိုးစစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါနဲ့ နမ္မတူလို စစ်ရေးဧရိယာတွေကို လက်မလွှတ်ရဖို့ RCSS က ကျားကုတ် ကျားခဲ တိုက်နေရတယ်။ SSPP နဲ့ သူ့ရဲ့ မဟာမိတ်တွေရဲ့ ကြီးမားတဲ့ ထိုးစစ်ကြော င့် RCSS ဟာ နမ့်ခမ်းဧရိယာ က ဆုတ်ခွာခဲ့ရပြီးပြီ မဟုတ်လား။ ဒါကြောင့် မိုင်းကိုင်သို့တောင်ပိုင်းထိုးစစ်ဆင်လာခြင်းဟာ အံ့အားသင့်စရာ ဖြစ် ခဲ့တယ်။

စက်တင်ဘာလ ၁၄-ရက်နေ့ကစပြီး SSPP မဟာမိတ်အဖွဲ့အင်အား ၄၀၀ခန့်ဟာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟိုခေးကျေးရွာအုပ်စုထဲ ဝင်လာပြီး ထိုးစစ်ကို စတင်တယ်။ အဲ့ဒီထိုးစစ်ကြောင့်ကနေ့ အထိ လူ ၃,၀၀ – အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီလို့   တိုင်လွတ်မြောက်ရေး သတင်းဌာနကဆိုတယ်။

ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်ပွားပြီး ကျေးရွာ ၁၁-ရွာက ဒေသခံ ၁,၀၀၀ လောက် –  ဟိုခိုင်းကျေးရွာအုပ်စုအတွင်းမှာရှိ တဲ့ နောင်လျှော် – ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံကြရတယ်။

နောက်တရက်မှာ – အလွန်ကြီးမားတဲ့အင်အားနဲ့ SSPP မဟာမိတ်အဖွဲ့က ဟိုခိုင်းကျေးရွာအုပ်စု ဝမ့်မိုင်ရွာအနီးမှာ ရှိတဲ့ RCSS စစ်စခန်းတွေကို တိုက်ခိုက်ပါတော့တယ်။

 အခုစာရေးနေချိန်မှာ – ဟိုခိုင်းကျေးရွာအုပ်စုမှာ တိုက်ပွဲတွေ ပြင်းထန်နေတုန်းပါပဲ။ သျှမ်းပြည်နယ်မြောက်ပိုင်း – အထူးသဖြင့် ကျောက်မဲမြို့နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခက ရပ်စဲမဲ့ အရိပ်အယောင် မပြဘဲ ဆက်လက်ဖြစ်နေဆဲ ပါပဲ။ ဒေသခံလူထု ၄,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီလို့ဆိုတယ်။

မကြာသေးမီ – စက်တင်ဘာလ ၂၅- ရက်နေ့က – TNLA တပ်တွေက RCSS ကို ထိုးစစ်ဆင်ရင်း ကျောက်မဲမြို့ နယ် ဟူးကွက်ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။ ဒါပေမဲ့ RCSS ရဲ့ စခန်းတွေက ရွာရဲ့အရှေ့ဘက်နဲ့ မြောက်ဘက် – နှစ်မိုင်အကွာအဝေးလောက်မှာ တည်ရှိတာပါ။ အမြောက်ဆန်တွေဟာ ဘုန်းကြီးကျောင်း တကျောင်း ကို ထိမှန်ပျက်စီးစေခဲ့ပြီး ရဟန်းနှစ်ပါးနဲ့ ရွာသားနှစ်ဦးကို ဒဏ်ရာရစေခဲ့တယ်။ အိမ်နှစ်လုံးကိုလဲ မီးလောင်ပြာကျ စေခဲ့တယ်လို့ – တိုင်းဖရီးဒမ်း သတင်းဌာနကဆိုတယ်။

ဖေဖော်ဝါရီလ  ၁  ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကတည်းက SSPP နဲ့ TNLA တို့ဟာ မြောက်ပိုင်းသျှမ်းပြည်ရှိ RCSS ရဲ့ အခြေခံစခန်းတွေကို တိုက်ခိုက်နေခဲ့တာဖြစ်တယ် လို့ဆိုကြတယ်။ နမ္မတူနဲ့ သီပေါမြို့နယ်တွေမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ပေါင်းများစွာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်နေတဲ့ကြားကပဲ အိုးအိမ်တွေ ကို မစွန့်ခွာချင်ပဲ စွန့်ခွာထွက်ပြေးကြရတယ်။

မကြာမီကဖြစ်ခဲ့တဲ့ သျှမ်းပြည်နယ်အတွင်းတိုက်ပွဲတွေကြောင့် ဒေသခံလူထု ၈,၀၀၀ ခန့် အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ ကြရတယ်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ၂,၁၀၀ ကျော်၊ သီပေါမြို့နယ်မှာ ၁,၀၀၀ခန့်၊ ကျောက်မဲမြို့ နယ်မှာ ၁,၅၀၀ ကျော်နဲ့ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ၃,၀၀၀ ခန့်ဖြစ်ပြီး၊ လူတွေဟာ အနီးအနားက မြို့ တွေရွာတွေကို ဒုက္ခသည်အဖြစ် ထွက်ပြေခိုလှုံကြတယ် – လို့ – ကမ္ဘောဇတိုင်းသတင်းဌာနရဲ့ မကြာသေးမီသတင်း အရ သိရတယ်။

အပစ်အခတ်ရပ်စဲရေး မေတ္တာရပ်ခံချက်

SNLD နဲ့ SNDP တို့ကလည်း စစ်ဖြစ်နေတဲ့ အဖွဲ့တွေ – အထူးသဖြ င့် – သျှမ်းတပ်နှစ်တပ်ကို အပစ်ရပ်ဖို့ မေတ္တာ ရပ် ခံကြတယ်။ ဒါပေမဲ့ အောင်မြင်မှုမရပါဘူး။

သည်တိုက်ပွဲတွေဟာ သူတို့ရဲ့ နိုင်ငံရေးခံယူချက်နဲ့ ဘာမှမဆိုင်ဘဲ၊ အုပ်စုရှင်သန်ရေးနဲ့ အုပ်စုအကျိုးစီးပွား အတွက် ပဲဖြစ်လို့ – သည်တိုက်ပွဲတွေကို ရပ်စဲဖို့ SNDP က ကြေညာချက်ထုတ်ပြီး တိုက်တွန်းတယ်။ ဒါ့အပြင် – သူတို့က ပြည်သူလူထုကို လယ်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း – လုပ်ဆောင်ဖို့ ခွင့်ပြုသင့်တယ်လို့ – SNDP ကပြောတယ်။

SNLD ကလည်း – စစ်ဖြစ်နေတဲ့ အဖွဲ့များကို ရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းကြဖို့ ထပ်ကာထပ်ကာတိုက်တွန်းနေတာ – လပေါင်းများစွာကြာနေပြီ၊ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး – လို့ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကပြောတယ်။

ကောက်ရိတ်သိမ်းမဲ့ ကာလအတွင်း၊ ဒုက္ခတွေအမျိုးမျိုး၊ ကိုဗစ်-၁၉ ကပ်ရောဂါကလည်း ဖြစ်ပွားနေ၊ နိုင်ငံရေးပြ ဿနာတွေကလည်း ရှုပ်ထွေးပွေလီနေတော့ – သျှမ်းအချင်းချင်းဖြစ်နေတဲ့ ပဋိပက္ခကို ချက်ချင်းရပ်စဲသင့်တယ် – လို့ ကျနော်မှတ်ချက်ပြု – တောင်းဆိုချင်တယ်” လို့ စိုင်းလိတ်ကဆိုတယ်။

စက်တင်ဘာလ – ၂၂ – ရက်နေ့မှာ မိုင်းကိုင်မြို့နယ်၊ ဗုဒ္ဓပရဟိတအသင်းက – RCSS နဲ့ SSPP ကြားမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခကို လျှော့ချဖို့ ကြေညာချက်ထုတ်တယ်။

စက်တင်ဘာလ – ၂၄ – ရက်နေ့မှာ   မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာမှာ – အိုးမဲ့အိမ်မဲ့တွေဟာ – “စစ်ကိုရပ်” “ငါတို့အိမ်ပြန်ပြီးကောက်ရိတ်ချင်တယ်” စတဲ့ လက်ကိုင် ပိုစတာတွေကိုင်ပြီး ဆန္ဒပြခဲ့ကြတယ်။

RCSS စိုးရိမ်ပြီ

မြောက်ပိုင်းသျှမ်းပြည်မှာ RCSS ဟာ ခံစစ်ဆင်နွှဲနေရပြီး၊ အခု SSPP  မဟာမိတ်အဖွဲ့ရဲ့ ထိုးစစ်တွေကြောင့် – သူ ကျက်စားရာ တောင်ပိုင်းနယ်မြေကိုပါ ခုခံကာကွယ်နေရပြီ။ ပိုဆိုးတာက – မဟာမိတ်တပ်သားတွေနဲ့ စစ်လက်နက် သယ်ဆောင်မှုတွေကို ဗမာစစ်အုပ်စုက – ကားလမ်းမတွေကို အနှောင့်အယှက်မရှိ အသုံးပြုခွင့် ပေးခြင်းအားဖြင့် – ကူညီနေလို့ပါပဲ။ တနည်းဆိုရရင်တော့ ဗမာစစ်အုပ်စုက RCSS အထိနာအောင် SSPP မဟာမိတ်အဖွဲ့ကို တိတ်တ ဆိတ် ကူညီနေတာပါပဲ။ ပထမဦးစွာ RCSS ကို သျှမ်းပြည်မြောက်ပိုင်းက နှင်ထုတ်ရာမှာ ကူညီတယ်။ ဒုတိယ – မြောက်ပိုင်းက RCSS တပ်တွေကို အင်အားဖြည့်လို့မရအောင် ပိတ်ဆို့တယ်။

RCSS ဟာ ဇူလိုင်လတုန်းက လွယ်ဟုန်းတောင်ကြောစခန်းတွေကို စွန့်လွှတ်ခဲ့တယ်။ အခု အဲသည် တောင်ကြောမှာ UWSA တွေ နေရာယူထားတယ်လို့ ကောလာဟာလ သတင်းတွေကဆိုတယ်။ တောင်ဘက်ထိုးစစ်ဟာ RCSS ကို လုံးဝချေမှုန်းဖို့ မရည်ရွယ်ရင်တောင်မှ RCSS ရဲ့ စစ်ရေးစွမ်းရည်ကို ထိခိုက်လျော့ပါးအောင်လုပ်ဖို့ရည်ရွယ် တယ်။

စက်တင်ဘာလ ပထမပတ်အတွင်းမှာ – ထိုင်းနဲ့ မြန်မာနိုင်ငံမှာနေတဲ့ RCSS ရဲ့ အမေရိကန်မိတ်ဆွေတွေနဲ့ သျှမ်းလှုပ်ရှားတက်ကြွသူတွေ ပေါင်းပြီး သက်ဆိုင်ရာ အမေရိကန်အာဏာပိုင်များထံကို သွေးတိုးစမ်းတဲ့ စာတ စောင် ပို့လိုက်တယ်။ အဲသည်စာထဲမှာ လက်ရှိအ‌ခြေအနေကို ” ကိုယ်စားပြုစစ်ပွဲ Proxy War” ဖြစ်တယ်လို့ ဖော်ပြခဲ့တယ်။

ခင်ဗျားတို့ ကူညီချင်တယ်၊ ကူညီနိုင်တယ်ထင်လို့၊ အရေးအကြီးဆုံးကတော့ ကျနော်တို့ အကူအညီလိုလို့   ခင် ဗျားတို့ဆီ စာရေးလိုက်တာပဲ ” – လို့ စာက နိဒါန်းချီတယ်။

ခင်ဗျားတို့နိုင်ငံလို – ဖက်ဒရယ်ဒီမိုကရက်တစ်စနစ်တည်ဆောက်ဖို့ တိုက်ပွဲဝင် ရုန်းကန်နေတဲ့ – မြန်မာနိုင်ငံလို နိုင်ငံငယ်လေးတွေ – အထူးသဖြင့် ကျနော်တို့ ရှမ်ပြည်နယ်လို – အဲသည်နိုင်ငံငယ်လေးတွေထဲမှာရှိတဲ့ ပြည်နယ် ကလေးတွေက အမေရိကန်နိုင်ငံကို စံပြအဖြစ်သဘောထားရုံသာမက – တကမ္ဘာလုံးမှာရှိတဲ့ ဒီမိုကရက်တစ် စနစ်ကို ထောက်ပံ့ကူညီသူ၊ ကာကွယ်စောင့်ရှောက်သူအဖြစ်လည်း အားကိုးတယ် ” လို့စာကဆိုတယ်။

သျှမ်းပြည်နယ်က လိုလားတဲ့ ပုံစံအမျိုးမျိုးကို စာထဲမှာ ဆက်လက်ဖော်ပြထားတယ်။ သူဟာ ပထဝီအနေ အထားအရ ကြီးမားပြီး အင်အားကောင်းတဲ့၊ ဒေသတွင်းဩဇာအာဏာလွှမ်းမိုးရေး ရည်မှန်းချက်ရှိတဲ့ နိုင်ငံကြီးတနိုင်ငံနဲ့ ကပ် လျက်တည်ရှိနေတယ်ဆိုတဲ့ အရေးပါမှုကိုလည်း အလေးအနက်ပြုဖော်ပြတယ်။

စာထဲမှာကြိုတင်မျှော်မြင်ထားတဲ့ သျှမ်းပြည်အတွက် ပုံစံတွေကတော့  

  • နိုင်ငံကြီးတွေဟာ တနိုင်ငံနဲ့တနိုင်ငံ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးရှိမှ သူတို့ကြားမှာရှိတဲ့ နိုင်ငံငယ် ကလေးတွေဟာ ဟိုဘက်ဒီဘက်က မယုံသင်္ကာမှုကို မခံရဘဲ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မယ်။ သည်လို အလွန်ဖြစ်သင့်သော်လည်း အခုထိတော့ မဖြစ်လာသေးပါ။
  • ဒုတိယအကောင်းဆုံးကတော့ နိုင်ငံကြီးတနိုင်ငံက အခြားနိုင်ငံကြီးကို အနိုင်ယူလိုက်တာပါပဲ။ ဒါဆိုရင် နိုင်ငံငယ်ကလေးဟာ ကြောက်ရွံ့ခြင်းမှ ကင်းဝေးပါလိမ့်မယ်။ ခင်ဗျားတို့လို ဖက်ဒရယ်ဒီမိုကရေစီဖြစ်ဖို့ ကြိုးစားရုန်းကန်နေတဲ့ မြန်မာနိုင်ငံအဖို့တော့ အမေရိကန်ပြည်ထောင်စု ရှုံးနိမ့်ပါစေလို့ တွေးတောင် မတွေးဝံ့ပါဘူး။ ဒါပေမဲ့ ကျနော်တို့အတွက် မကောင်းတဲ့အချက်ကတော့ အိမ်နီးချင်းကြီးနဲ့ ယှဥ်တွဲပြီး နေရဦး မယ်ဆိုတဲ့ အချက်ပါပဲ။
  • တတိယပုံစံကတော့   သည်နိုင်ငံငယ်တွေကို အတိအကျ ကြားနေခိုင်းပြီး၊ နိုင်ငံကြီးနှစ်ခုစလုံးနဲ့ ရင်းနှီး ချစ်ကြည်စေတာပါပဲ။ တကယ်လို့အစုအဖွဲ့တခုဟာ နိုင်ငံတနိုင်ငံက အထောက်အပံ့ရနေရင် – ကျန် အစု အဖွဲ့ကလည်း ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အထောက်အပံ့ရရေး အာမခံချက်ရှိရမယ်။ တချိန်ထဲ မှာ သူတို့ အချင်းချင်း ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးဖို့ တွန်းအားပေးရမယ်ဖြစ်တယ်။ ဒါမှမဟုတ် ဘယ်အစုအ ဖွဲ့မှ နိုင်ငံကြီးတွေထံက ထောက်ပံ့မှုမရအောင် ဆောင်ရွက်ရမယ်။

  အခု သျှမ်းပြည်မှာဖြစ်နေတာဟာ တတိယပုံစံနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ တရုတ်ပြည်ဟာ တိုင်းပြည်ကို အုပ် စိုးနေတဲ့ စစ်အာဏာရှင်ကိုရော၊ သူ့ကို (တရုတ်ကို) ဩဇာခံတဲ့ အချို့ လက်နက်ကိုင် လှုပ်ရှားမှုတွေ ကို ရော နှစ် ခုစလုံးကို ထောက်ပံ့နေတယ်။ ဖက်ဒရယ်ဒီမိုကရေစီ လိုလားသူတွေကတော့ ” နှောင်ကြိုးမဲ့ကမ္ဘာ ” က အထောက်အပံ့ကို စတိသဘောလောက်ပဲ ရရှိနေတာပါ။ သူတို့ဟာ သည်အထောက်အပံ့တွေကို မျှော်လင့်နေ တာပါ။

အကျဥ်းချုံးပြီး‌ပြောရရင်တော့ SSPP နဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ တရုတ်ရဲ့ ညွှန်ကြားချက်အရ တောင်ပိုင်းထိုး စစ်ကို ဆင်နွှဲနေတာပါ။ မြောက်ပိုင်းသျှမ်းပြည်ဧရိယာမှာ RCSS ကင်းရှင်းသွားအောင် သူတို့ကို နှင်ထုတ်ခိုင်း သလိုပဲပေါ့။ အဲဒီမှာ တရုတ်ရဲ့ လုပ်ငန်းတွေရှိပြီး ယုံကြည်စိတ်ချရတဲ့ ကြားခံလက်နက်ကိုင်အုပ်စုတွေ လိုတယ် လေ။ သတင်းတွေအရတော့ RCSS ကို ” အနောက်ယိမ်း ” တယ်လို့ယူဆတယ်။ RCSS ဟာ သူ့ရဲ့တပ်သားတွေ ကို ထိန်းသိမ်းထောက်ပံ့ဖို့ ထိုင်းနိုင်ငံကို မှီခိုအားကိုးရတယ်လို့ ထင်ကြလို့ပဲ။ တကယ်တော့ သည်အချက်ဟာ မမှန်ကန်ပါဘူး။

ကျနော်တို့ရဲ့ မဟာအိမ်နီးချင်းကြီးအတွက် SSPP နဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ ကြားခံစစ်ပွဲတပွဲ တိုက်ပေး နေတယ်ဆိုတာ – တိုးလို့သာ ထင်ရှားလာတယ်။ ၂၀၁၅ NCA ကို အဓိကလက်မှတ်ထိုးသူတဦးဖြစ်တဲ့ တပ်မ တော်ဟာလည်း – NCA လက်မှတ်မထိုးတဲ့ မဟာမိတ်အဖွဲ့ရဲ့ တပ်သားတွေနဲ့ လက်နက်တွေကို စစ်ကားတွေနဲ့ စစ်မြေပြင်သို့ သယ်ပို့နေခြင်းကို စိတ်မသက်မသာနဲ့ ခွ င့်ပြုနေရတယ် ” လို့စာကဆိုပါတယ်။

သူတို့ရဲ့ကိုယ်စားလှယ် SSPP/SSA ညွန့်ပေါင်းကတဆ င့် လုပ်ဆောင်လာတဲ့ တရုတ်ရဲ့ နယ်ပယ်ချဲ့ထွင်မှု ဟာ   RCSS သာ မြောက်ပိုင်းက ဆုတ်ခွာခဲ့ရင်တော့   လုံးဝအထိန်းအကွပ်မဲ့သွားဖို့ အလားအလာရှိတယ် သူတို့ဟာ   သူတို့ကို အားပေးကူညီသူ (တရုတ်) ရဲ့ ထောက်ခံအားပေးမှုနဲ့ တောင်ဘက်တနင်္သာရီကျွန်းဆွယ် အထိ ဆက်လက်ထိုးစစ်ဆင်လာဖို့ အလားအလာရှိတယ်။ အဲသည်အခါကျရင် – ဧရာဝတီမြစ် အနောက်ဘက် နယ်မြေတွေအားလုံး သိမ်းပြီးသည်အထိ – သည်ယန္တရားကြီးကို ရပ်တန့်လို့ ရတော့မယ် မဟုတ်ဘူး။ ရလဒ်က တော့ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ အဓိကမဟာမိတ်ကြီးတွေဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယတို့ အပိုင်အနိုင် အကိုင်ခံလိုက်ရတာပဲ ဖြစ်မယ် ” လို့ စာထဲမှာ သတိပေးထားပါတယ်။

” သည်အဖြစ်ဆိုးကို ဟန့်တားနိုင်တဲ့ တခုတည်းသော အင်အားကတော့ အမေရိကန်ပြည်ထောင်စုပဲ ဖြစ် တယ်” လို့ စာကဆိုပါတယ်။ ပြီးတော့ အောက်ပါအချက်များကို တောင်းဆိုထားပါတယ်။

  • ခက်ခဲပြီးသားဖြစ်စဥ်ကို ရှုပ်ထွေးပွေလီသွားစေနိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားဖို့ ဒေသတွင်း ငြိမ်း ချမ်းရေး လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဘေဂျင်းနဲ့ တိုးမြှင့်ဆွေးနွေးရေး အမေရိကန်ပြည်ထောင်စုက ကြိုးစားရန်။
  • အမျိုးသားအကျိုးစီးပွားအတွက် ကျဥ်းမြောင်းတဲ့ အလေးထားမှုတွေကြောင့် မြန်မာနိုင်ငံအတွင်း ငြိမ်း ချမ်းရေးတိုးတက်ဖြစ်ထွန်းမှုကိုဖျက်ဆီး၊ ဟန့်တားမဲ့ ဆောင်ရွက်မှုတွေ၊ မူဝါဒတွေကို ရှောင်ကြဥ်ဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်ပြည်အားတိုက်တွန်းရန်။
  • မြန်မာနိုင်ငံ၏ ပဋိပက္ခဧရိယာများအတွင်း – တာဝန်ရှိသော ရင်းနှီးမြှပ်နှံမှု အခြေခံမူဘောင် ပေါ်ပေါက် ရေးအတွက် အမေရိကန်ပြည်ထောင်စုက တရုတ်ပြည်ကို အားပေးရန်။ ထိုအခြေခံမူဘောင်သည် ဒေသ တွင်း လူ့အဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုကို ထည့်သွင်းစဥ်းစား၍ ပဋိပက္ခကို မီးထိုးပေးမည့် အလား အလာကို‌လျှော့ချရန်။
  • မြန်မာနိုင်ငံအတွင်းရှိ ဖက်ဒရယ်ဒီမိုကရက်တစ်အဖွဲ့အစည်းအဆောက်အအုံများကို အားကောင်းအောင် ပြုလုပ်ပေးခြင်းအားဖြင့် ဒေသအတွင်း အမေရိကန်ပြည်ထောင်စု၏ ရပ်တည်မှုအဆင့်အတန်းကို ပြန် လည်မြှင့်တင် ထိန်းသိမ်းရန်။
  • အမေရိကန်ပြည်ထောင်စုဟာ RCSS/SSA နဲ့ SSPP/SSA လို ဗမာမဟုတ်တဲ့ အုပ်စုများနဲ့ ဆက်ဆံပြီး၊ ၎င်းတို့ရဲ့ အငြင်းပွားမှုများကို ငြိမ်းချမ်းသောဖြေရှင်းမှု ပြုလုပ်ဖို့ တိုက်တွန်းရန်။
  • မြန်မာနိုင်ငံအတွင်း – တန်ပြန်ဒီမိုကရက်တစ်အင်အားစုများ အခြေမချနိုင်အောင် RCSS/SSA ကဲ့သို့ သော အုပ်စုများကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးရန်။

အဲသည်အချိန် – အောက်တိုဘာလ -၁- ရက်နေ့မှာ RCSS က အချက်ခြောက်ချက်ပါ ‌ကြေညာချက်ကို ထုတ် လိုက်တယ်။ အဲဒီကြေညာချက်ထဲမှာ ဗမာ့တပ်မတော်ဟာ သူ့ရဲ့တပ်တွေကိုတိုက်ဖို့ SSPP မဟာမိတ်အဖွဲ့ကို ကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း RCSS က အခိုင်အမာပြုလိုက်တယ်။

ဒုတိယအချက်မှာ ကြေညာချက်က သည်လိုဆိုပါတယ်။ ” အဆိုးဆုံးကတော့ တပ်မတော်ဟာ TNLA နဲ့ SSPP တိုရဲ့ ယာဥ်တွေကို ကားလမ်းမကြီးတွေ အသုံးပြုခွ င့်ပေးပြီး အားပေးနေတာပါပဲ။ TNLA နဲ့ SSPP ဟာ သည်ကားလမ်းမကြီးတွေကနေ သူတို့ရဲ့တပ်တွေကို သယ်ပို့ပြီး RCSS/SSA ကို မရပ်မနား ထိုးစစ်ဆင် နေပါ တယ်။ သူတို့ဟာ ပြဿနာတွေကိုဖြေရှင်းဖို့ ငြိမ်းချမ်းတဲ့ ဆွေးနွေးညှိနှိုင်းမှုအစား ကြမ်းတမ်းတဲ့ စစ်ရေး နည်းလမ်းကို ရွေးချယ်ခဲ့တယ်။ သူတို့ဟာ ရန်သူနဲ့တော့ စကားပြောနိုင်တယ်၊ ဒါပေမဲ့ သျှမ်းပြည် ညီနောင်တိုင်း ရင်းသားလူမျိုးစုအချင်းချင်းကိုတော့ လက်မခံနိုင်ဘူး။ ဒါဟာ အတော်ထူးဆန်းပါတယ် “

ကိုယ်ကျိုးပတ်သက်မှု

ဖြစ်ပျက်နေတာတွေကိုကြည့်ရင် – မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ပဋိပက္ခနှစ်မျိုးနှစ်စား ဖြစ်ပေါ်လျက်ရှိတယ် လို့ ကောက်ချက်ချတာဟာ သင့်လျော်မျှတပါတယ်။ တခုကတော့ တတိုင်းပြည်လုံးနဲ့ ပတ်သက်တဲ့ လူထုအုံကြွ မှုကြီးဖြစ်ပြီး၊ နောက်တခုကတော့ သျှမ်းပြည်မှာ တဖြည်းဖြည်းချင်းနဲ့ သေချာပေါက် ပုံပေါ်လာတဲ့ ကြားခံစစ်ပွဲ ပဲ ဖြစ်တယ်။ ဒါဟာပိုမိုကျယ်ပြန့်ပြီး၊ ပိုမိုကစင့်ကလျား ဖြစ်စေနိုင်တဲ့ စစ်ပွဲအဖြစ် ပြောင်းလဲကောင်းပြောင်းလဲ သွားနိုင်တယ်။

သည်ဆောင်းပါးမှာ ကျနော်တို့ရဲ့ ဇောင်းပေးမှုဟာ ဒုတိယတခုဖြစ်ပါတယ်။ ဒါကြောင့် လူတွေပြောနေကြတဲ့ ကိုယ်စားပြုစစ်ပွဲဆိုတာ – တကယ်လား၊ ဒါမှမဟုတ် – စိတ်ကူးယဥ်လားဆိုတဲ့မေးခွန်း ပေါ်ပေါက်လာပါတယ်။

ဒါနဲ့ပတ်သက်လို့ – ရန်ကုန်အခြေစိုက်တရုတ်သံရုံးအရာရှိတယောက်ရဲ့ မေလက ပြောစကားဟာ အလေးထား စရာဖြစ်တယ်။ RCSS ဟာ မူရင်း SURA ကနေ ဆင်းသက်လာတဲ့ ကွန်မျူနစ်ဆန့်ကျင်ရေးအဖွဲ့ဖြစ်လို့ – RCSS ကို မြောက်ပိုင်းသျှမ်းပြည်မှာ သူမမြင်မတွေ့လိုဘူးလို့ – RCSS အရာရှိတယောက်ကို သူကပြောတယ်။ CPB ကလည်း SSPP ကို CPB လိုလားတဲ့ မိတ်ဆွေကောင်းလို့ သဘောထားတယ်လို့လဲ သူကပြောတယ်။ ဒါ့ အပြင် တရုတ်ဘက်တော်သား EAO တွေကလည်း RCSS အပေါ် တိုးမြှင့်တိုက်ခိုက်လာပြီး တောင်ဘက် မိုင်းကိုင်မြို့နယ်ထဲကိုတောင် ဝင်လာနေတယ်။ သည်အချက် တွေအားလုံးက – တိုင်းရင်းသားအချင်းချင်း၊ EAO အချင်းချင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ တရုတ်ပြည်ရဲ့ အကျိုးစီးပွားကို ရည်ရွယ်ချက်ရှိရှိ ထမ်း ဆောင်ပေးဖို့ ဆင်နွှဲနေတဲ့ ကိုယ်စားပြုစစ်ပွဲပဲဖြစ်တယ်ဆိုတဲ့ အချက်ကို ထောက်ခံနေပါတယ်။ တရုတ်သံရုံးအရာရှိ က တွေ့ဆုံမေးမြန်းပွဲမှာ အောက်ပါအတိုင်း ပြောခဲ့တယ်လို့ – ဇွန်လမှာ သျှမ်းသံတော်ဆင့်သတင်းဌာနကဆိုတယ်။

”   SSPP ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ နဲ့ မဟာမိတ် ဆိုတော့ အခုလဲ သူတို့နဲ့ ရင်းနှီးတယ်။ RCSS  က အမေရိကန် ရဲ့ အဆက် မဟုတ်ပါဘူး။ သျှမ်းပြည်မြောက်ပိုင်းအတွင်းလှုပ်ရှားနေတဲ့ RCSS တပ်တွေက တရုတ်ရဲ့အကျိုးစီးပွားကိုလည်း ကာကွယ်ပေးသွားမှာပါဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံနိုင်စရာအကြောင်းမရှိဘူး။ SSPP တိုက်ထုတ်လို့ ခင်ဗျားတို့ မဆုတ်ရင် ခင်ဗျားတို့ တောင်ပိုင်းကို တပ်ဆုတ်ပြန်ဖို့ အတွက် လုပ်ဆောင်မယ့်နည်း ရှိပါတယ်   “ လို့  တရုတ်သံအရာရှိ က  ပြောပါတယ်။

 ဘေဂျင်းဟာသူ့ရဲ့ – ရပ်ဝန်းနဲ့ပိုးလမ်းမအဆိုပြုချက် (BRI) နဲ့ တရုတ်မြန်မာစီးပွားရေးစင်္ကြံ (CMEC) ကို မျက်စိကျနေတယ်။ ဒါတွေဟာ တရုတ်ပြည်အနောက်တောင်ပိုင်းကနေ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး အိန္ဒိယ သမုဒ္ဒရာအထိ ရှည်လျားတဲ့ အခြေခံအဆောက်အအုံကြီးပဲဖြစ်တယ်။ ဓာတ်ငွေ့နဲ့ရေနံပိုက်လိုင်းနှစ်လိုင်းဟာ ကီလိုမီတာ ၈၀၀ နီးပါး ဘေးချင်းယှဥ်လျက်ပြေးနေတယ်။ ဘင်္ဂလားပင်လယ်အော်ပေါ်မှာ တည်ရှိတဲ့ ရခိုင်ပြည်နယ် – ကျောက်ဖြူမြို့ကနေ – မကွေးဒေသ၊ မန္တလေးဒေသနဲ့ မြောက်ပိုင်းသျှမ်းပြည်ကို ဖြတ်သန်းပြီး – တရုတ်ပြည် ကူမင်းမြို့ထဲကို ဝင်ရောက်တယ်။ သည်စီမံကိန်းဟာ တရုတ်ပြည်ကို စိတ်ပူပန်မှုအများဆုံးဖြစ်စေ တဲ့ စီမံကိန်းပဲ။ ဘယ်လောက်အထိ စိတ်ပူသလဲဆိုတော့ – စစ်အစိုးရကို လုံခြုံရေးအစီအမံတွေ ပိုမိုတိုးမြှ င့်ပေး ဖို့ တောင်းဆိုတဲ့အထိပဲ။ EAO တွေနဲ့ NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒါတွေကိုဖျက်ဆီးမှာ ကို သူစိုးရိမ်တယ်လို့ – တာချီလိတ်သတင်းဌာနရဲ့ စက်တင်ဘာ – ၂၂ – ရက် သတင်းပို့ချက်အရ သိရတယ်။

နောက်ထပ် ပူပန်စရာတခုကတော့ သံလွင်မြစ်တလျှေက်မှာ ဆည် (ရေကာတာ) ခုနှစ်ခု တည်ဆောက်နေတဲ့ ကိစ္စပဲ။ သည်ကိစ္စမှာ တရုတ်ပြည်ဟာ ထိုင်းနိုင်ငံနဲ့အတူ အကြီးအကျယ် ပါဝင်ပတ်သက်နေတယ်။ ကွန်းလုံ၊ နောင်ပါနဲ့ မိုင်းတုန်ဆည်တွေဟာ သျှမ်းပြည်ထဲမှာရှိပြီး – တည်ဆောက်နေဆဲဖြစ်တယ်။ ရွာသစ် (ကရင်နီပြည် နယ်)၊ ဝဲကြီး (ကရင်ပြည်နယ်) နဲ့ ဒကွင်း (ကရင်ပြည်နယ်) ဆည်တွေကတော့ တည်ဆောက်ဖို့ စီစဥ်နေပြီ – ဒါမှမဟုတ် – သဘောတူညီချက်ရထားပြီ။ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ထပ်ကြီးဆည်ကတော့ တည်ဆောက်နေ ဆဲဖြစ်တယ်လို့ – ၂၀၂၁ ခု၊ ဇွန်လ-၈-ရက် – တတိယဝင်ရိုးသတင်းဌာနရဲ့ သတင်းပို့ချက်အရ သိရပါတယ်။

ဝါရှင်တန် အာရုံထွေပြားနေပြီလား

အလွန်အရေးကြီးတဲ့ မေးခွန်းတခုရှိပါတယ်။ အဲဒါကတော့ အမေရိကန်ပြည်ထောင်စုနဲ့ အပေါင်းအပါ အ နောက်နိုင်ငံတွေဟာ ကြားခံစစ်ပွဲကို အရေးတယူပြုမှာလား၊ ဝင်ရောက်စွက်ဖက်ပြီး လိုအပ်သလို အရေးယူမှု တွေ ပြုလုပ်ဖို့ နေနေသာသာ ကြားခံစစ်ပွဲရှိနေတယ်ဆိုတာကိုတောင် လက်ခံပါ့မလား – ဆိုတာပဲဖြစ်တယ်။

ဖြစ်ဖို့များတာကတော့ ဝါရှင်တန်ဟာ အ‌ခြေအနေကို စော င့်ကြည့်မှာပါပဲ၊ အာဖဂန်နစ္စတန်က ဆုတ်ခွာလိုက်တဲ့ သူ့ရဲ့အငြင်းပွားဖွယ် ဖြစ်ရပ်နောက်ပိုင်းမှာ၊ တရုတ်ကိုထိန်းချုပ်ရေး မူဝါဒကို ဘယ်လိုချမှတ်မလဲဆိုတာ သူ ပြန်လည် စဥ်းစားဖို့လိုပါတယ်။

တရုတ်ပြည်နဲ့ အာရှတိုက်တခုလုံးအပေါ် အနောက်နိုင်ငံတွေရဲ့ ချဥ်းကပ်မှုက ပြောင်းလဲလာပါတယ်။ ဩစတြေးလျား၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်ပြည်ထောင်စုတို့က AUKUS လို့ခေါ်တဲ့ သုံးနိုင်ငံ လုံခြုံရေးအဖွဲ့ကို မကြာသေးမီက တည်ထောင်လိုက်ပါတယ်။ သည်အဖွဲ့ဟာ တရုတ်ပြည်ကို ထိပ်တိုက်ရင်ဆိုင် ဖို့ ရည်ရွယ်တယ်။ ဩစတြေးလျားကို နျူကလီယစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ရေးမှာ ကူညီဖို့ လည်းရည်ရွယ်တယ်။

သည်အချိန်အတွင်းမှာပဲ – ဩစတြေးလျား၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ပါဝင်တဲ့ QUAD ခေါင်ဆောင်တွေက – စက်တင်ဘာလ – ၂၄ – ရက်နေ့မှာ ပူးတွဲကြေညာချက်ထုတ်တယ်။ အဲသည်ပူးတွဲ ကြေ ညာချက်ထဲမှာ  

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေးအကျဥ်းသား အား လုံးကို လွှတ်ပေးဖို့၊ အပြုသဘောဆွေးနွေးပွဲ ပြုလုပ်ကြဖို့နဲ့ ဒီမိုကရေစီကို အမြန်ပြန်လည် ဖော်ဆောင်ကြဖို့ ငါ တို့ဆက်လက်တောင်းဆိုတယ်၊ အာစီယံဘုံသဘောတူညီချက် ငါးချက်ကို အလျင်အမြန် အကောင်အထည်ဖော် ဖို့ ငါတို့ထပ်မံတောင်းဆိုတယ် ” လို့ရေးသားထားပါတယ်။

“တရုတ်ပြည်” ” ဆိုတဲ့ စကားလုံးကို ဘယ်သူမှ ကျယ်ကျယ်လောင်လောင်ထုတ်မပြောချင်ပါဘူး။ ဒါပေမဲ့ တရုတ်ပြည်ကို ထိန်းချုပ်ရေးဟာ QUAD အတွက် အချက်အချာကျပါတယ်။ လွန်ခဲ့တဲ့ – ၇၂ – နှစ် – မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) တည်ထောင်တုန်းက ဆိုဗီယက်ယူနီယံကို ထိန်းချုပ်ဖို့ အချက်အချာကျ သလိုပါပဲ။ ပြီးတော့ ဟိုတုန်းက NATO နိုင်ငံတွေလိုပဲ၊ သည်ကနေ့ QUAD အဖွဲ့ဝင်နိုင်ငံ တွေဟာ သူတို့ရဲ့ ရန်သူနိုင်ငံကို ပတ်လည်ဝန်းရံထားပြီး၊ သူတို့အားလုံး စုပေါင်းလိုက်ရင် – ရန်သူနိုင်ငံထက် လူဦးရေရော လက်နက်ရော သာလွန်ပါတယ် ” လို့ လွတ်လပ်တဲ့ စာနယ်ဇင်းသမား – Gwynne Dyer – က ဘန်ကောက်ပို့စ်ပါ – မကြာမီကဆောင်းပါးတခုမှာ ရေးထားပါတယ်။

ဒါပေမဲ့ သည်နိုင်ငံတကာ ဖြစ်ပေါ်ပြောင်းလဲမှုတွေက သျှမ်းပြည်က ကြားခံစစ်ပွဲနဲ့ – ယေဘုယျအားဖြ င့် မြန်မာ နိုင်ငံကို ဘယ်လိုထိခိုက်မလဲဆိုတာ ကြိုတင်ပြောဖို့တော့ ခက်ပါတယ်။ ဘာကြော င့်လဲဆိုတော့ တောင်တရုတ် ပင်လယ်၊ ထိုင်ဝမ်၊ ဇင်ဂျီယန်၊ တိဗက် ကဲ့သို့ အရေးတကြီးဦးစားပေး ပြဿနာတွေကိုတောင် မကိုင်တွယ် မဖြေရှင်းနိုင်သေးလို့ပဲ။

နောက်ဆုံးအနေနဲ့ ပြောရရင်တော့ – ဗမာလူထုရဲ့ ထကြွတော်လှန်မှုဟာ စစ်အစိုးရကို အမြစ်လှန်သုတ်သင်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ ပန်းတိုင်တွေကို ရရှိဖို့ရည်ရွယ်တယ်။ ဒါပေမဲ့ သျှမ်းပြည်မှာ ဖြစ်ပွားနေတဲ့ ကြားခံစစ်ပွဲကတော့ တရုတ်ရဲ့ အမျိုးသားအကျိုးစီးပွားကို ထမ်းဆောင်ဖို့       သက်သက်ပဲ ဖြစ်တယ်၊ ဒါနဲ့ လိုက်လျောညီထွေဖြစ်ဖို့ တရုတ်ဘက်တော်သား EAO တွေ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေဖို့လိုပါတယ်။ အဲသည် EAO တွေဟာ တရုတ်ရဲ့ လုပ်ငန်းအကျိုးစီးပွား၊ ကူးသန်းရောင်းဝယ်ရေး နဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အအုံအတွက် လုံခြုံရေး ယူပေးရမယ်ဖြစ်တယ်။ ကူးသန်းရောင်းဝယ်ရေး နဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အအုံဟာ တရုတ်ပြည်အနောက်တောင်ပိုင်းနဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက် သွယ်ပေးထားတာဖြစ်တယ်။

SSPP မဟာမိတ်အဖွဲ့ရဲ့ တောင်ပိုင်းထိုးစစ်ဟာ အမှန်တကယ်ပဲ ကြားခံစစ်ပွဲတခုဖြစ်ပါတယ်။ တရုတ်ပြည်က အမျိုးသားအကျိုးစီးပွား တိုးမြှ င့်ဆောင်ရွက်နေတာကို ဘယ်လောက်အထိ သည်းခံနိုင်မလဲ – လို့ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံများကို မသိမသာသွေးတိုးစမ်းကြည့်လိုက်ပုံလည်း ရပါတယ်။

အနောက်နိုင်ငံတွေက နိုးထလာပြီး၊ သတိပြုမိမလား၊ အလားတူပြန်လည် လှုပ်ရှားတုံ့ပြန်မလား ဆိုတာက တော့ အမျိုးမျိုး မှန်းဆကြည့်နိုင်တာပေါ့ဗျာ။

အောက်တိုဘာ – ၃ – ၂၀၂၁ မဇ္ဈိမ သတင်းဌာန  စိုင်း၀မ်းဆိုင်ရေးသားသော အင်္ဂလိပ်ပိုင်းသတင်း အား Luke Khamlu က မြန်မာဘာသာပြန်ထားပါသည်။    

                                                                                                                                              23/10/2021

                                                                                                                                                      1:25

Leave a Comments

- Advertisement -spot_img

Latest article