တောင်ကြီးခရိုင်ပြတိုက်ငယ်အတွက် တိုင်းရင်းသားဝတ်စုံများပေးအပ်ခြင်းအခမ်းအနားပြုလုပ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် တောင်ကြီးမြို့ရှိ ပြတိုက်ဟောင်းအားပြန်လည်ပြုပြင်မွမ်းမံပြီး ပြတိုက်ငယ်အဖြစ်ထားရှိပြသသွားရန်အတွက် ရည်ရွယ်ကာ သျှမ်းပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ တိုင်းရင်းသားများ စာပေယဉ်ကျေးမှုအဖွဲ့အသီးသီးက မိမိရိုးရာဝတ်စုံများပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို တောင်ကြီးမြို့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။


သြဂုတ်လ ၂ ရက်နေ့က ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန သျှမ်းပြည်နယ်ရုံးတွင် တိုင်းရင်းသား ရိုးရာဝတ်စုံ နှင့်အသုံး အဆောင်ပစ္စည်း များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနား ပြုလုပ်ခဲ့ခြင်းဖြစ်ရာ တက်ရောက်သူဦးရေ ၅၀ ခန့်ရှိပါသည်။

“သျှမ်းပြည်မှာနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ရိုးရာ ယဉ်ကျေးမှုတွေ ၊ ဓလေ့ထုံးတမ်းတွေ အသုံးအဆောင်တွေ ဒီလိုပြတိုက်မှာရှိနေဖို့ လိုပါတယ်။ နောက်ကျရင် လူထုအခြေပြုဌာနတစ်ခု community center ဖြစ်အောင် ခုနှစ်ထပ်လောက် ထပ်ဆောက်ဖို့အစီအစဉ်ရှိပါတယ်။ သျှမ်းပြည်ထဲသာမက မြန်မာနိုင်ငံလုံး၊ ပြည်ပ နိုင်ငံတွေကလူတွေ ကျနော်တို့ သျှမ်းပြည်နယ်နဲ့ဆိုင်တဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ကို လေ့လာနိုင်အောင် ပြသသွားမှာ ဖြစ်တယ် ” ဟု သျှမ်းစာပေနှင့်ယာဉ်ကျေးမှုဥက္ကဌ စိုင်းတင်က ပြော သည်။


ဆောက်လုပ်ရန်စီစဉ်ထားသည့် ခုနှစ်ထပ်တိုက် လူထုအခြေပြု ဌာန အတွင်း စာကြည့်တိုက်၊ ပြတိုက်၊ သင်တန်းခန်းမ၊ အစည်းအဝေးခန်းမ တို့အပြင် ကျန်းမာရေးအတွက် လေ့ကျင့်ခန်း ပြုလုပ်မည့် အခန်းများပါ ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်နယ်ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေး စီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်ရွှေက ” တိုင်းရင်းသားလူငယ်လူရွယ်တွေအားလုံး ကိုယ့်ရိုးရာဝတ်စုံ၊ စာပေ ယာဉ်ကျေးမှု၊ အသုံးအဆောင် ပစ္စည်းတွေကို မြတ်နိုးတန်ဖိုးထားပြီး ထိန်းသိမ်းတတ်တဲ့အလေ့ကျင့်လေးတွေရှိအောင်ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်”ဟု သျှမ်းသံတော်ဆင့်အားပြောကြားသည်။

အဆိုပါ အခန်းအနားသို့ သျှမ်း ၊ ပလောင် ၊ ၀ ၊ မြှောင်ဇီး ၊ ဓနု ၊တောင်ရိုး ၊ လားဟူ ၊ ယင်းကျား ၊ယင်းနက် ၊ ကယန်း အစရှိ တိုင်းရင်းသားအဖွဲ့များ၏ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ကိုယ်စားလှယ်များ တက်ရောက်ကာ မိမိတို့ရိုးရာဝတ်စုံများကို အသီးသီးပေးလှူ ခဲ့ကြောင်းသိရသည်။

သျှမ်းပြည်နယ် အစိုးရအဖွဲ့ဘက်ကမူ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ် ဦးစီးမှူး ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင်ဦးစီးမှူးများ က လက်ခံရယူပေးပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည် ချီးမြှင့် ပေးခဲ့ကြောင်းသိရသည်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ သျှမ်းပြည်နယ်တွင် လူဦးရေစုစုပေါင်း ၅ သန်းကျော်ရှိပြီး တိုင်းရင်းသားပေါင်း ၃၃ မျိုးရှိကြောင်းသိရသည်။

Leave a Comments

LEAVE A REPLY

Please enter your comment!
Please enter your name here