“စစ်တပ်က အာဏာစစသိမ်းတုန်းကတော့ ဒီလိုပဲဆန္ဒပြကြရင်းနဲ့ ပြီးသွားမယ်လို့ပဲတွေးခဲ့မိတယ်။ ဒီလိုစစ်ဘေး ရှောင်စခန်းကို ရောက်လာရလိမ့်မယ်ဆိုပြီး မတွေးမိခဲ့ဘူး “ လို့ ဖယ်ခုံမြို့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ရောက်ရှိ နေတဲ့ နော်ထူးမြတ်က တိုးညှင်းသော အသံဖြင့် ပြောလာပါတယ်။
နော်ထူးမြတ် ဟာ ကလေး ၂ ယောက်ရဲ့ မိခင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဩဂုတ်လကတည်းက ကလေး (၂) ယောက်လက်ကို ဆွဲပြီး စစ်ရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်လာခဲ့တာပါ။
စစ်ရေး စတင်ဖြစ်ပွားချိန်မှာတော့ နော်ထူးမြတ်တယောက် ဟာ ကလေး (၂)ယောက် တွဲခေါ်ပြီး အသက်ဘေး က လွတ်မြောက်ဖို့ ဉီးတည်ရာမဲ့ ထွက်ပြေးခဲ့ပါတယ်။
နော်ထူးမြတ်တို့ သားအမိ (၃)ယောက် နေထိုင်တဲ့ ဖယ်ခုံမြို့နယ် ကျေးရွာ အနီး မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)နဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်မှုကြောင့် စစ်ရှောင်နေရတဲ့သူတွေဖြစ်ပါတယ်။
ဖယ်ခုံမြို့နယ်ဟာ နေ့စဉ်နဲ့အမျှ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ကြားနေရတဲ့ ဒေသတခုပါ။
စစ်တပ်အာဏာမသိမ်းခင်အထိ ဖယ်ခုံမြို့နယ်သားတွေဟာ တောင်ယာလုပ်ငန်း ၊ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက အားကိုးအားထားပြီး အေးချမ်းစွာနေထိုင်ခဲ့တဲ့ သျှမ်း-ကယား(ကရင်နီ)နယ်စပ်က မြို့လေးတမြို့ ဖြစ်ပါတယ်။
စစ်ရေးမဖြစ်ပွားခင်က ဖွံ့ဖြိုးမှု အနှေးဆုံးမြို့တမြို့ဆိုပေမယ့်၊ ဒေသခံတွေ ရိုးသားဖြူစင်ကြတယ်၊ သာယာလှပြီး နေချင့်စဖွယ် မြို့လေးတမြို့ဖြစ်ပါတယ်။
အခုမှာတော့ အဲဒီအေးချမ်းတဲ့မြို့လေးဟာ သုဿာန်တစပြင်အလား မီးခိုးငွေ့၊ ယမ်းငွေ့ ကြား ပူဆွေးသောက တွေနဲ့ ဒေသခံ တွေဟာ အသက်ပိုက်ပြီး စစ်ရှောင်စခန်းဆီကို ဉီးတည် ထွက်ပြေးနေကြရပါတယ်။
ထို့အတူ နော်ထူးမြတ်တို့ သားအမိလဲ ရှိတဲ့အဝတ်လေးနဲ့ ဆန်အိပ်ထဲက ကျန်ရှိတဲ့ ဆန်အနည်းငယ်ယူပြီး ခြေဦးတည့်ရာ ထွက်ပြေးနေချိန် တောထဲမှာ ဘဝတူ တခြားရွာက စစ်ရှောင်တွေကို တွေ့ ပြီး စစ်ရှောင်စခန်းကို ရောက်ရှိလာခဲ့ကြပါတယ်။
“ရွာနားပစ်ခတ်သံကြားတာနဲ့ စစ်ဘေးရှောင်ဖို့ ခေါင်းထဲပေါ်လာတယ်၊ ဒါပေမဲ့ ဘယ်နေရာကိုတော့ သွားရမယ် ဆိုတာမသိဘူး။ ကလေးအတွက် အဝတ်နဲ့ ဆန်နည်း နည်း ထည့်ပြီး ခြေဦးတည့်ရာ ပြေးတယ်။ တောထဲ တောင်ထဲ ရောက်မှ တခြားရွာသူတွေနဲ့ တွေ့တယ်။ သူတို့ရွာက ထော်လာဂျီနဲ့ ဒီစစ်ရှောင်စခန်းကို ရောက်လာတာ” လို့ စစ်ရှောင်ပြေးချိန်ကြုံတွေ့ခဲ့ရတဲ့ နော်ထူးမြတ် က ပြန်ပြောပြနေပါတယ်။
လက်ရှိမှာတော့ နော်ထူးမြတ်တို့ ဟာ ဖယ်ခုံမြို့နယ်စွန်း တောစပ်နားက စစ်ရှောင်စခန်းမှာ တဲထိုးပြီး ဖြစ်သလို နေထိုင်နေရပါတယ်။
“ ကျမတို့ တောထဲမှာ တဲထိုးပြီးနေနေရတာ။ ဘာမှ မရှိဘူး။ သူများလာလှူတာတွေ ပဲစားသောက်နေရတယ်။ ဆန်ကုန်သွားရင် ငတ်ဖို့ပဲရှိတယ်။ အလှူရှင်တွေ ကို မျှော်နေရတယ်” – လို့နော်ထူးမြတ် က ဆိုပါတယ်။
နော်ထူးမြတ်တို့ မိသားစုဟာ ယခင်က ခြံအလုပ်ကိုသာ လုပ်ကိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ ခြံကို စွန့်ပစ်ပြီး အိမ်ပြန်မကြည့်နိုင်ခဲ့တာ (၃)လ နီးပါးရှိလာပါပြီ။ အိမ်ထောင်ကွဲ နေတဲ့အတွက် အသက် (၃၀) ကျော်ကျော်ရှိ နော်ထူးမြတ်ဟာ ကလေးတွေအတွက် အဖ လဲ သူ အမိ လဲ သူပဲပေါ့။
“ကျမ က ခြံလုပ်ပြီး အသက်မွေးတဲ့သူပါ။ အခု အိမ်ကိုလည်းမပြန်နိုင် ခြံကိုလည်း စွန့်ပစ်လာရတယ်။ ဘယ်လို အခြေအနေဖြစ်နေမှန်းကိုမသိတော့ဘူး” – လို့ နော်ထူးမြတ် က စိတ်မကောင်းစွာဖြင့် ပြောလာပါတယ်။
စစ်အာဏာရှင်ရဲ့ ရက်စက်မှုကြောင့် ဖယ်ခုံမြို့နယ် အတွင်းရှိ မိသားစုဝင်တွေ ဟာ တကွဲတပြားဖြင့် စစ်ပြေး ရှောင် နေရတာတွေလည်း ရှိပါတယ်။
“ စစ်ကောင်စီကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်သေ ဆုံးကြရ သလို တချို့ကလည်း အိုးပစ်အိမ်ပြစ်ကာ စစ်ဘေးဒုက္ခသည်တွေဖြစ်ကြတယ်။ တချို့လည်း မိသားစုတွေ တကွဲတပြားတွေဖြစ်ကုန်တယ်” လို့ ဖယ်ခုံမြို့ အတွင်း စစ်ဘေးရှောင်လာတဲ့ မမိ က ပြောပါတယ်။
မမိတို့ မိသားစုလည်း တကွဲတပြားဖြစ်နေတာ အခုဆို (၃) လနီးပါးရှိနေပါပြီ၊ မမိတယောက်လဲ ကလေး တယောက်နဲ့ ဖယ်ခုံမြို့နယ် ခေါင်မိုင်းကျေးရွာ ကနေ ထွက်ပြေးလာတဲ့ သူတစ်ဦးဖြစ်ပါတယ်။
စစ်တပ်မှ အာဏာမသိမ်းခင်ထိ မမိ တယောက် ခေါင်မိုင်းကျေးရွာအတွင်း စျေးထဲမှာ အကြော်ရောင်း အေးချမ်းစွာ ရှာဖွေစားသောက်နေရတဲ့သူဖြစ်ပါတယ်။
“ကိုယ့်အိမ်ထဲမှာနေပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေတာတောင်မှ စကစ တွေ ရမ်းပစ်တဲ့ လက်နက်ကြီးတွေ ထိပြီးသေတဲ့သူကသေ၊ နာတဲ့သူကနာနဲ့ တချို့ကလည်း ဖမ်းဆီးချုပ် နှောင်ခံရတယ်။ အခုဆိုရင် ကျမတို့ တကွဲတပြားနဲ့ ထွက်ပြေးနေရတယ်” လို့ မမိ က ပြောပြပါတယ်။
ဖယ်ခုံမြို့နယ်ဟာ မြို့ပေါ် ၇ ရက်ကွက်နဲ့ မိုးဗြဲမြို့ အပါ အဝင် ကျေးရွာအုပ်စု ၁၂ အုပ်စု ရွာပေါင်း ၂၁၁ ရွာ လူဉီးရေ ၁ သိန်းကျော် ရှိပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ် လက်နက်ကြီးကျည်ကြောင့် နေအိမ်အများအပြားပြာကျ၊ မြို့ခံတွေကလဲ သေကြေဒဏ်ရာရ ၊ အသက်ဘေးမှ လွတ်မြောက်ကျန်ရှိသူတွေလဲ ဒဏ်ရာ ဒဏ်ချက် ပေါင်းများစွာ ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်နစ်နာနေကြပါတယ်။
“ အခုတော့ ကျမတို့ ဘဝကတော့ ဘာမှ လုပ်ကိုင်လို့မရ ကိုဗစ်ရောဂါရော စစ်ဒဏ်ရော ခံစားနေရတယ်။ အလှူရှင်တွေရဲ့ ဆန်ကိုပဲ ကျမတို့ မျှော်လင့် စောင့်ဆိုင်းနေရတယ်” လို့ မမိ တယောက် စိတ်ပျက်လက်ပျက်ဖြင့် ပြောပါတယ်။
ဒါ့အပြင် စစ်ပဋိပက္ခဖြစ်ပွားနေတဲ့ သျှမ်း အရှေ့တောင်ပိုင်း ဖယ်ခုံမြို့နယ် အတွင်း အာဏာသိမ်း စစ်တပ်မှ အရပ်သား ၁၀ ဦး ကို ဖမ်းဆီးသွားပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေပါတယ်။
လူသားဒိုင်းဆိုတာကတော့ အရပ်သားတွေကို ဖမ်းဆီးထားချိန် ကြိုးတုပ်ထားပြီး လမ်းပြခိုင်းတာတွေ၊ ရှေ့တန်း ထွက်ရင် စစ်ကြောင်း (ပွိုင့်ထိုးခိုင်းတာတွေ) အရှေ့နေပြီး သွားခိုင်းတာတွေ ကို ဆိုလိုတာဖြစ်ပါတယ်။
“ စကစ တွေက လမ်းကြောင်းမကျွမ်းကျင်တော့ ဒေသခံတွေကို အကြမ်းဖက် ဖမ်းဆီးတယ်။ ပြီးတော့ လမ်းပြအဖြစ်ခေါ်တာတွေ လုပ်တယ်။ အဲ့ထဲမှာ အမျိုးသမီးတွေလဲပါတယ်” လို့ ဖယ်ခုံမြို့နယ် ကုန်းသာကျေးရွာမှ အသက် (၃၀) အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ဂျနီဗာကွန်ဗန်းရှင်း ရဲ့ ပြဌာန်းချက်မှာ ပါတဲ့ – ပဋိပက္ခအတွင်း လက်နက်ကိုင်ထားတဲ့ စစ်သားတွေ က အရပ်သားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာတွေ၊ ညှင်းပန်း နှိပ်စက်တာတွေ မပြုလုပ်ပါဘူး ဆိုတဲ့အချက်ကိုလိုက်နာခြင်းမရှိတာကိုတွေ့ရပါတယ်။
ဘာလို့လဲဆိုတော့ စစ်ကောင်စီ စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်မှာ ကျေးရွာပြည်သူ နေထိုင်တဲ့နေအိမ်ဝင်းထဲ အထိ တစ်အိမ်တက်ဆင်းပြီး ပြည်သူတွေကို ဖမ်းဆီးတာတွေ၊ လူထုပိုင်ပစ္စည်းတွေ ယူဆောင်သွားတာတွေ၊ နေအိမ်တွေ ကို ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတာကိုတွေ့ရနေပါတယ်။
“စစ်တပ်က သူတို့ လုပ်ချင်တာလုပ်နေကြတာ။ ပြည်သူတွေ ကို ကြည့်တာမဟုတ်ဘူး။ ရွာမှာ ပြည်သူတွေ မရှိတာတောင် ပြည်သူတွေနေအိမ်ကို ဝင်ဖျက်ဆီးတယ်။ ပစ္စည်းတွေ ယူတယ်လေ” – ဟု ကုန်းသာရွာသားအဲဒီ အမျိုးသားက ဆိုပါတယ်။
ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် ရဲ့ ထုတ်ပြန်ကြေငြာချက်မှာ – ၂၀၂၁ ခု ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မှ အောက်တိုဘာ ၁၂ နေ့ အထိ အာဏာသိမ်းပိုက်ထားစဉ် ကာလအတွင်း ဖယ်ခုံသူ ဖယ်ခုံသားတွေရဲ့အိမ် ၅၈ အိမ်ကို စစ်ကောင်စီက ဖျက်ဆီးလိုက်တယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် ဖယ်ခုံသူ ဖယ်ခုံသား (၃၁၀,၀၀၀) သုံးသိန်း ကျော် နေရပ်မှ စွန့်ခွါ တိမ်းရှောင်နေရပြီး လွိုင်ကော်၊ ဒီမော့ဆို နဲ့ ဖယ်ခုံ မြို့နယ်အတွင်း သတ်ဖြတ်ခံရတဲ့ပြည်သူလူထု စုစုပေါင်း ၁၂၂ ဉီး၊ ဖမ်းဆီးခံရသူ ၁၉၃ ဉီး ရှိတယ်လို့ ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် က ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် မကြာမီ မိုးကုန်လို့ ပွင့်လင်းရာသီ ရောက်ချိန် စစ်ကောင်စီက နေ အင်အားဖြည့် ထိုးစစ်ဆင် လာရင် စစ်ရေးအသင့် လေ့ကျင့်ပြင်ဆင်ထားတဲ့ လူထုကာကွယ်ရေးတပ် PGF နဲ့ စစ်ပွဲတွေ ပိုမိုပြင်းထန်လာမှာ ကို ဌာနေ တိုင်းရင်းသားတွေ က စိုးရိမ်နေရကြပါတယ်။
“ စစ်ရေးတွေ ပိုပြင်းထန်လာဖို့ပဲရှိတယ်။ စစ်အာဏာရှင် ရှိနေသရွေ့တော့ ကျမတို့ ပြည်သူတွေကလည်း ဆက်ခံနေရအုံးမယ်” လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။
တော်လှန်ရေးခရီးလမ်းဟာ ပန်းခင်းလမ်း မဟုတ်တဲ့အတွက် အရမ်းကြီး မျှော်လင့်ချက်မထားကြောင်း၊ စစ်အာဏာရှင် အာလုံး အမြစ်ဖြုတ်တိုက်မှသာ တိုင်းရင်းသားအားလုံး စစ်ဖိနပ်အောက် မှ လွှတ်မြောက်နိုင်မှာ ဖြစ်ကြောင်း ဖယ်ခုံ PDF မှ အဖွဲ့ဝင် တစ်ဦးက ပြောဆိုလိုက်ပါတယ်။
“ လုပ်ဆောင်ချက်တွေ အားလုံးက စစ်အာဏာရှင် ဖြုတ်ချရေးဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားဒေသကို စစ်ဖိနပ်အောက်ကနေ လွတ်အောင် ကျနော်တို့ ကြိုးစားနေတယ်၊ ဘယ်လိုဖြစ်ဖြစ် စိတ်ဓါတ်မကျနဲ့ ကျနော်တို့ နိုင်ကိုနိုင်ရမယ်” – လို့ ဖယ်ခုံ PDF အဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။
စစ်ရေးတွေ အရှိန်မြင့်တက်နေမယ်ဆိုပါက အမျိုးသမီးနဲ့ ကလေးငယ်တွေ အတွက် စိုးရိမ်ရကြောင်း၊ စစ်ကြောင်းထပ်ထိုးမှုကြောင့် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေ ထပ်မံ ကြုံတွေ့လာမှာကိုလည်း တွေးပူနေရကြောင်း နော်ထူးမြတ်က ပြောပါတယ်။
“ပြေးရလွှားရတဲ့အခါမှာ အမျိုးသမီးနဲ့ကလေးငယ်တွေက မပြေးနိုင်မလွှားနိုင်တာမျိုးတွေရှိတဲ့အတွက် ပိုပြီးစိုး ရိမ်ရတယ်၊ နောက်တစ်ခုကဒီနေရာမှာ စစ်ကြောင်းတွေထိုးလာမယ်ဆိုရင် အမျိုးသမီးတွေက အကြမ်းဖက်မှုတွေ ကြုံတွေ့ ရမလားဆိုတဲ့ စိုးရိမ်မှုတွေရှိတယ်” – လို့ မနော်ထူးမြတ် က ပြောပါတယ်။
အေးချမ်းတဲ့ ဖယ်ခုံမြို့နယ် ကလူထု၊ ခဲတံ၊ ပေါက်ပြား၊ ပေါက်တူးတွေကိုပဲ ကိုင်တတ်တဲ့သာမာန်ပြည်သူတွေ ဟာ စစ်ဖိနပ်အောက်မှာ နှစ်ပေါင်းများစွာ နှိပ်စက်ညှင်းပန်းခံလာရတာ ယနေ့ထိတိုင်ပါပဲ။
“ ကျမတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးက အလှမ်း ဝေးနေသေးအုံးမယ်လို့ မြင်တယ်။ ကျမတို့ သာမာန် ပြည်သူတွေက စစ်ဖိနပ်အောက်မှာ နှိပ်စက်ညှင်းပန်းမူတွေ နှစ်ပေါင်းများစွာ ကြုံတွေ့ ရင် ဆိုင်ရတယ်။ ဒါကြောင့် စစ်ဖိနပ်ကနေ ရုန်းထွက်ဖို့ လိုအပ်တယ်” စစ်ရှောင် အမျိုးသမီး တစ်ဦးဖြစ်တဲ့ မမိ က ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ တပ်ဟာ လူထု ကို ရက်စက်ကြမ်းကြုတ်တဲ့ အတွက် နိုင်ငံတကာ တရုံးရောက်အောင် နိုင်ငံတကာ လူ့အခွင့်အရေးအတွေက ဝိုင်းဝန်းကြိုးပမ်းနေတယ်လို့ သျှမ်းလူ့အခွင့်အရေး SHRF အဖွဲ့မှ စိုင်းဟော်ရှဲန်က ပြောပါတယ်။
”လူ့အခွင့်အရေး အရ ပြောရမယ်ဆိုရင် ဒီအာဏာသိမ်းစစ်တပ်က အရမ်းကို ရက်စက်ကြမ်းကြုတ်တဲ့နေရာ မှာ အနှိုင်းမဲ့ပဲ။ နိုင်ငံတကာက လဲ သူတို့ဟာ war crimes against humanity လူနဲ့ မတူအောင် လူ့အခွင့်အရေး ကျူးလွန်နေတယ်။ လူထုထုကို အကာကွယ်ပေးမယ့်အစား လူထု့ကို ညှင်းပမ်းနှိပ်စက်နေတယ် ဆိုတော့ နိုင်ငံတကာ လူ့အခွင့်အရေးသိုင်းအဝိုင်းမှာ သူတို့ ကို နိုင်ငံတကာခုံရုံး ရောက်အောင် ဝိုင်းဝန်းကြိုးပမ်းနေတယ်” – စိုင်းဟော်ရှဲန်က ပြောပါတယ်။
ဖယ်ခုံမြို့နယ် ဟာ စစ်ရေး ပဋိပက္ခ မရှိခဲ့ရင် နိုင်ငံ့ အရေး ကိစ္စတွေကို စိတ်ဝင်စားမှု အားနည်းတဲ့ နေရာဒေသတခုလို့ဆိုနိုင်သလို တိတ်ဆိတ်အေးချမ်းတဲ့ အရပ်ဒေသတခု ဖြစ်တယ်လို့ပြောရင်လုံး၀မမှားပါဘူး။
ဒါ့ကြောင့် စစ်ရှောင် သားအမိ (၃) ဦး ဖြစ်တဲ့ နော်ထူးမြတ်တို့ဟာလည်း စစ်အာဏာရှင်ကို အမြစ်ဖြုတ်ဖို့ အတွက် အားပေးနေပေမယ့် စစ်ရှောင်စခန်းမှာ ဘယ်လောက်ကြာကြာ ဆက်နေထိုင်ရမယ်မှန်းမသိ။ မိမိရပ်ရွာ နေအိမ် ပြန်ဖို့ကလဲ နေ့စဉ်နဲ့ အမျှ သတိရလွမ်းဆွတ်နေတာက လွှဲလို့ အမှောင်ထုထဲကနေပြီး အိမ်ပြန်ဖို့လမ်းလေးလည်း ရှာမတွေ့သေးပါဘူး။