အန္တရာယ် နှစ်ထပ်ကွမ်းနဲ့ စစ်ရှောင်စခန်းက မီးနေသည်များ

0

ကွင်းပြင်ကျယ်ကျယ်ထဲက (၁၀)ပေလောက်ပဲ ကျယ်ဝန်းတဲ့ အခန်းလေး ဟာ ရုတ်တရက်ဆိုလျှင် တောင်ယာထဲက အထီးကျန်တဲ့ တဲအိုလေးပါပဲ။

ဝါးလုံးနဲ့ တိုင်ထောင်၊ တန်းထိုးပြီး သက်ကယ်နဲ့ မိုး၊ သက်ကယ်နဲ့ ကာ၊ နှီးနဲ့သာ ချည်နှောင်ထားတဲ့ အဲဒီတဲလေးက လေပြင်းတစ်ချက် တိုးဝှေ့တိုက်ခတ်လာရင် တစ်စစီ လွင့်ပါသွားတော့မဲ့ အနေအထားပါ။

အဝင်တံခါးနေရာမှာတော့ မိုးကာအစိမ်းရောင်က နေရာယူထားပါတယ်။ တဲရဲ့ ဘေးမှာ တဲခေါင်မိုးထက် မြင့်တဲ့ တိုင်တစ်တိုင်က ထီးထီးကြီးရှိနေပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးခွက်ကို တပ်ဆင်ထားပါတယ်။ နောက်ပြီး အချိန်မမှန်တဲ့ ရေအားလျှပ်စစ်မီးကြိုးကလည်း တဲထဲကို သွယ်တန်းထားပါသေးတယ်။

ယိုင်နဲ့နဲ့ တဲလေးထဲက ဝါးကွပ်ပျစ်ပေါ်မှာ သွေးနုသားနု အမျိုးသမီတစ်ယောက်က မွေးကင်းစ ကလေးကို ညာလက်နဲ့ပွေ့ချီပြီး ထိုင်နေပါတယ်။

“အရင်ကတော့ အိမ်မှာပဲ မွေးတယ်။ ခုကတော့ ဒီတဲလေးထဲမှာ လာမွေးရတာပါ။ စစ်ရှောင်ထွက်ပြေးလာရတာဆိုတော့ ဘာမှ မပါလာရဘူး။ အနှီးတွေ ပိတ်စတွေလည်း နည်းနည်းပဲရှိတယ်။ ဒီမှာရှိတဲ့သူတွေ ရှာပေးတဲ့ဟာ ကူညီပေးထားတာတွေပဲ ရှိတာ။” ဆိုပြီး မွေးဖွားစ မိခင် က ပြောပြပါတယ်။

အဲဒီအမျိုးသမီးအမည်က နန်းစံနွန်းဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၈)ရက်နေ့ ည (၁၁)နာရီဝန်းကျင်က အထက်ပါတဲထဲမှာ မီးဖွားခဲ့ရသူ ဖြစ်ပါတယ်။

“ကိုယ်ဝန်သည်မီးဖွားဖို့အတွက် ပစ္စည်းကိရိယာ ပြည့်စုံဖို့လိုတယ်။ မီးအလင်းရောင်နဲ့ သန့်ရှင်းတဲ့ နေရာဖြစ်ဖို့လည်း အရမ်းအရေးကြီးတယ်” ဆိုပြီး ကျန်းမာရေးဆရာမတစ်ယောက် ကလည်း ပြောပြပါတယ်။

နန်းစံနွန်းကို မွေးဖွားချိန်မှာတော့ ည (၁၁)နာရီ လောက်ဖြစ်တဲ့အတွက် ဆိုလာမီး နဲ့ ရေအားလျှပ်စစ်မီးကို ပါ အမြန်ပြင်ဆင်ထားခဲ့ရတယ်လို့ သူ့ကို မီးဖွားပေးတဲ့ ကျန်းမာရေး ဆရာမက ပြောပါတယ်။

ပုံစာ- စစ်ရှောင်ကိုယ်ဝန်သည်တွေ ကလေးမွေးဖွားတဲ့ သက်ကယ်နဲ့ ကာရံထားတဲ့ တဲငယ်လေး

“မီးပျက်ရင် ဘယ်လို လုပ်မလဲ။ မီးရုတ်တရက်ပျက်တာတွေ ဖြစ်မှာတော့ စိုးရိမ်တယ်။ ဘာမှ စိတ်ချရတာမဟုတ်ဘူး။ ဒါပေမယ့် အရဲစွန့် စိတ်ပူပေမယ့် မွေးဖွားနိုင်ခဲ့ပါတယ်”လို့ ကျန်းမာရေး ဆရာမ ကပြောပါတယ်။

နန်းစံနွန်းဟာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တပ်ပေါင်းစုဖြစ်တဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့ ကျောက်မဲမြို့နယ် ဟိန်းဝိုးကျေးရွာအနီးဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် လွန်ခဲ့တဲ့ (၃)လဝန်းကျင်ကတည်းက ကိုယ်ဝန်အရင့်အမာနဲ့ စစ်ရှောင်ထွက်ပြေးလာခဲ့ရသူ တစ်ဦး ဖြစ်ပါတယ်။

သူ့ရဲ့ စစ်ရှောင်ခရီးမှာလည်း ဟိန်းဝိုးရွာကနေ မိုင်းငေါ့ စစ်ရှောင်စခန်းထိကို (၄)ရီလောက်ကြာအောင် ပင်ပင်ပန်းပန်း လမ်းလျှောက်ခဲ့ရပါတယ်။

“အဲ့နေ့က နေ့လည် ၁၂ နာရီလောက် ရွာကနေ စပြီး ထွက်လာကြတာ၊ နေ အရမ်းပူတဲ့အချိန်၊ အထုပ်အပိုးကတော့ ဘာမှကို မယူနိုင်ဘူး၊ ကလေးငယ်ကိုပဲ တွဲပြီး ခက်ခက်ခဲခဲကို ဆင်းလာခဲ့ရတာ၊ ဗိုက်ထဲက ကလေးကိုလည်း စိုးရိမ်တယ်” ဆိုပြီး စစ်ရှောင်ထွက်ပြေးလာစဉ်က အနေအထားကို နန်းစံနွန်းက ပြန်ပြောပြပါတယ်။

သူမဟာ လက်ရှိ စစ်ရှောင်မှာ မွေးတဲ့ ကလေးနဲ့ဆိုပါက ရင်သွေး (၆)ဦး မွေးဖွားခဲ့တဲ့မိခင်တစ်ဦးဖြစ်ပြီး၊ စစ်ရှောင်စခန်းမှာ ယခုလို ခက်ခက်ခဲခဲမွေးဖွားရမယ်လို့ တကြိမ်တခါမျှ မစဉ်းစားခဲ့မိဘူးလို့လည်း ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ နန်းစံနွန်း လိုပဲ ကလေးမွေးဖို့အတွက် စောင့်ဆိုင်းနေတဲ့ ကိုယ်ဝန်သည် မိခင်လောင်း (၈)ဦးရှိနေပါတယ်။

အဲဒီထဲကမှ မိုင်းငေါ့မြို့နယ်ခွဲ တာလုံကျေးရွာ ဘုန်းကြီးကျောင်းမှာ ရောက်နေတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ကိုလည်း မီးဖွားပေးဖို့ နေရာမရှိတဲ့အတွက် ဘုန်းကြီးကျောင်းထဲမှာပဲ သက်ကယ်တဲထိုးပြီး မွေးဖွားလိုက်ရပါတယ်။

“အခက်ခဲဆုံးကတော့ နေရာပေါ့။ ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ဘုန်းကြီးကျောင်းဝန်းထဲမှာ တဲထိုးပြီး မွေးပေးခဲ့ရတယ်။ ဘာသာရေးအရ မလုပ်သင့်ဘူး ဆိုတာ နားလည်ပေမယ့် စစ်ရှောင်တွေအတွက်က ဘယ်လိုမှ မလုပ်လို့ မဖြစ်တဲ့ အနေအထားမို့ပါ။” ဆိုပြီး ကျန်းမာရေးဆရာမ ဒေါ်ခင်မျိုးဦးက ပြောပြပါတယ်။

အဲဒီ စစ်ရှောင်စခန်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ (၁၂)ယောက်ရှိခဲ့ပြီး၊ အဲဒီအထဲမှာ နန်းစံနွန်းတို့ ကိုယ်ဝန်ဆောင်သည် နှစ်ယောက်လည်း ပါဝင်ပါတယ်။

ဒါကြောင့် သူတို့ကို မီးဖွားစဉ်မှာ ကျန်းမာရေးဆရာမတွေက တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ဝတ်စုံ (PPE) တွေဝတ်ဆင်ပြီး မွေးဖွားပေးခဲ့ရတာဖြစ်ပါတယ်။

ကိုဗစ်ကူးစက်ခံထားရတဲ့အတွက် ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေး ဆရာမအနေနဲ့ သတိရှိရှိဖြင့် မွေးဖွားခဲ့ရပြီး အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ ကျန်းမာရေးဆရာမ ဖြစ်သူ ဒေါ်ခင်မျိုးဦး က ဆိုပါတယ်။

“နန်းစံနွန်းကို သွားပြီးမွေးပေးတုန်းက အရမ်းကို သတိထားခဲ့ရတယ်။ သူက ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့မှာ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိထားတဲ့ ကိုယ်ဝန်သည်။ သတိနဲ့တော့ မွေးပေးရတာပေါ့။ အစစအရာရာတော့ အဆင်ပြေခဲ့တယ်။”လို့ ဒေါ်ခင်မျိုးဦးက ဆိုပါတယ်။

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကစပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့တာကြောင့် ဒေသခံ ထောင်ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက မိုင်းငေါ့မြို့နယ်ခွဲမှာ စစ်ရှောင် (၁၀၀၀)ဝန်းကျင် ထိရှိခဲ့ပြီး၊ လက်ရှိမှာတော့ စစ်ရှောင် (၃၀၀)ကျော် ကျန်နေပါသေးတယ်။

အဲဒီစစ်ရှောင်တွေထဲမှာ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေအပြင် ကိုယ်ဝန်သည်တွေလည်း ပါဝင်ပါတယ်။

လက်ရှိ အချိန်မှာတော့ စစ်ရှောင်ကိုယ်ဝန်သည်တွေဟာ ဝင်ငွေလည်း မရှိတဲ့အတွက် မီးဖွားဖို့အတွက် ပိုပြီး အခက်ခဲ ကြုံနေတယ်လို့ စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

“ကိုယ်ဝန်သည်တွေ ကျောက်မဲကို သွားမွေးမယ်ဆိုတော့လည်း မလွယ်ဘူးလေ၊ ပိုက်ဆံရှိမှ ရမှာ၊ ခုက စစ်ရှောင်ရောက်နေတဲ့ ကိုယ်ဝန်သည်တွေဆိုတော့ ပိုပြီးခက်ခဲတာပေါ့” လို့ မိုင်းငေါ့ဒေသခံ ဦးထွန်းတင်က ပြောပြပါတယ်။

ယခု အောက်တိုဘာလအတွင်း စစ်ရှောင်ကိုယ်ဝန်သည်များထဲမှ မီးဖွားမယ့်သူ (၂)ဦး ရှိနေပြီး အမွှာပူးကိုယ်ဝန် လွယ်ထားရတဲ့ ကိုယ်ဝန်သည်တစ်ဦးလည်း ပါဝင်ပါတယ်။ အဲဒီ အမွှာ ကိုယ်ဝန်ဆောင်သည်ကိုတော့ ဆေးရုံမှာပဲ မွေးဖွားရမှာ ဖြစ်ပါတယ်။

“သူက အမွှာပူး ကိုယ်ဝန်လွယ်ထားရတာ။ ဒီမိုင်းငေါ့မှာက သာမန် ကိုယ်ဝန်သည်တွေအတွက်တောင် ခက်ခဲနေတာ။ အမွှာပူးကိုယ်ဝန်သည်ဆိုရင် ခွဲမွေးမှ ရမှာ။ ကျောက်မဲ ဆေးရုံမှာလည်း ခွဲလို့မရဘူး။ လားရှိုးကို ပို့ရမယ်” ဆိုပြီး အဲဒီ ကိုယ်ဝန်သည်ကို စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဆရာမက ဆိုပါတယ်။

ဒါ့အပြင် မီးဖွားပြီးချိန်မှာလည်း မီးနေသည်နဲ့ မွေးကင်းစ ကလေးငယ်အတွက် စစ်ရှောင်စခန်းမှာ အာဟာရ ပြည့်ဝအောင် ကျွေးမွေးနိုင်ဖို့လည်း အခက်အခဲဖြစ်နေပါတယ်။


မွေးဖွားစ မိခင်လောင်းအနေနဲ့ မိခင်အတွက် အဟာရဖြည့် အစားအစာ နဲ့ ကလေးငယ်အတွက် အနှီးတွေ အဟာရမှုန့်တွေ မလောက်မှာကို စိုးရိမ်ရတယ်လို့ နန်းစံနွမ်က ပြောပါတယ်။

“ စစ်ရှောင် မွေးဖွားလူနာတွေ ကိုယ်ဝန်သည်တွေ အတွက်တော့ လာရောက်လှူပေးတာတွေ ရှိပါတယ်။ ဒါပေမယ့် ကိုယ်နေတဲ့အရပ်မှာ မွေးဖွားရတာမဟုတ်တဲ့အတွက် စိုးရိမ်စိတ်တော့ရှိတယ်” လို့ သူက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ရုတ်တရက် ထွက်ပြေးလာရတဲ့အတွက် စစ်ရှောင် အမျိုးသမီးတွေဟာ အဝတ်တစုံ၊ (၂) စုံသာ ပါလာတဲ့အတွက် အမျိုးသမီးအတွက် ဘော်လီ၊ အတွင်းခံနဲ့ တကိုယ်ရေးသုံးပစ္စည်းတွေလည်း လိုအပ်နေပါတယ်။

ဒါ့အပြင် အဲဒါတွေကို ကူညီထောက်ပံ့မယ့်သူတွေလည်း သိပ်မရှိဘူးလို့ စစ်ရှောင်တွေကို လိုက်လံကူညီပေးနေတဲ့ နန်းမွမ်းမွမ်းပေါင်းက ပြောပါတယ်။

“အမျိုးသမီးတွေ ထွက်ပြေးလာတော့ အဝတ်တွေ အပိုမပါဘူး။ ဒါကြောင့် ဘော်လီ၊ အတွင်းခံ စတဲ့ တကိုယ်ရေသုံးပစ္စည်းတွေ လိုအပ်တာများတယ်၊ သွားပြီး ထောက်ပံ့ပေးတဲ့သူတွေလည်း နည်းတယ်” လို့ နန်းမွမ်းမွမ်းပေါင်းက ဆိုပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ သျှမ်းပြည်တခွင် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် အမျိုးသမီးတွေဟာ တစ်ပူပေါ် နှစ်ပူဆင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရပါတယ်။

အမျိုးသမီးတွေ ကို စစ်ပဋိပက္ခနယ်မြေအတွင်း၊ လုံခြုံမှုမရှိတဲ့နေရာတွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အကြမ်းဖက်မှုနည်းလမ်းများအားလုံးမှ အကာအကွယ်ပေးရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ်(၁၃၂၅) တွင် အလေးထားဖော်ပြခဲ့ပါတယ်။

(၁၃၂၅)ကိုတော့ ယနေ့ထိ လက်နက်ကိုင် တပ်ဖွဲ့တိုင်း လိုက်နာရန် ကတိကဝတ်ဖြစ်ပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ အလေးထားလိုက်နာကျင့်သုံးမှု အားနည်းနေဆဲ။

‌”ယောက်ျားဖောင်စီး၊ မိန်းမ မီးနေ” ဆိုတဲ့ စကားပုံအတိုင်း အမျိုးသမီးတွေရဲ့ အသက်အန္တရာယ် အရှိဆုံးဖြစ်တဲ့ မီးဖွားရတဲ့ ကိစ္စကို မလုံခြုံတဲ့ စစ်ရှောင်စခန်းတွေမှာ ဆေးဝါးရိက္ခာ မပြည့်မစုံနဲ့ ရင်ဆိုင်နေရတဲ့ နန်းစံနွန်းတို့လို စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်သည်တွေလည်း အများကြီးရှိနေဆဲ….။

Leave a Comments