အန္တရာယ် နှစ်ထပ်ကွမ်းနဲ့ စစ်ရှောင်စခန်းက မီးနေသည်များ

ကွင်းပြင်ကျယ်ကျယ်ထဲက (၁၀)ပေလောက်ပဲ ကျယ်ဝန်းတဲ့ အခန်းလေး ဟာ ရုတ်တရက်ဆိုလျှင် တောင်ယာထဲက အထီးကျန်တဲ့ တဲအိုလေးပါပဲ။

ဝါးလုံးနဲ့ တိုင်ထောင်၊ တန်းထိုးပြီး သက်ကယ်နဲ့ မိုး၊ သက်ကယ်နဲ့ ကာ၊ နှီးနဲ့သာ ချည်နှောင်ထားတဲ့ အဲဒီတဲလေးက လေပြင်းတစ်ချက် တိုးဝှေ့တိုက်ခတ်လာရင် တစ်စစီ လွင့်ပါသွားတော့မဲ့ အနေအထားပါ။

အဝင်တံခါးနေရာမှာတော့ မိုးကာအစိမ်းရောင်က နေရာယူထားပါတယ်။ တဲရဲ့ ဘေးမှာ တဲခေါင်မိုးထက် မြင့်တဲ့ တိုင်တစ်တိုင်က ထီးထီးကြီးရှိနေပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးခွက်ကို တပ်ဆင်ထားပါတယ်။ နောက်ပြီး အချိန်မမှန်တဲ့ ရေအားလျှပ်စစ်မီးကြိုးကလည်း တဲထဲကို သွယ်တန်းထားပါသေးတယ်။

ယိုင်နဲ့နဲ့ တဲလေးထဲက ဝါးကွပ်ပျစ်ပေါ်မှာ သွေးနုသားနု အမျိုးသမီတစ်ယောက်က မွေးကင်းစ ကလေးကို ညာလက်နဲ့ပွေ့ချီပြီး ထိုင်နေပါတယ်။

“အရင်ကတော့ အိမ်မှာပဲ မွေးတယ်။ ခုကတော့ ဒီတဲလေးထဲမှာ လာမွေးရတာပါ။ စစ်ရှောင်ထွက်ပြေးလာရတာဆိုတော့ ဘာမှ မပါလာရဘူး။ အနှီးတွေ ပိတ်စတွေလည်း နည်းနည်းပဲရှိတယ်။ ဒီမှာရှိတဲ့သူတွေ ရှာပေးတဲ့ဟာ ကူညီပေးထားတာတွေပဲ ရှိတာ။” ဆိုပြီး မွေးဖွားစ မိခင် က ပြောပြပါတယ်။

အဲဒီအမျိုးသမီးအမည်က နန်းစံနွန်းဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၈)ရက်နေ့ ည (၁၁)နာရီဝန်းကျင်က အထက်ပါတဲထဲမှာ မီးဖွားခဲ့ရသူ ဖြစ်ပါတယ်။

“ကိုယ်ဝန်သည်မီးဖွားဖို့အတွက် ပစ္စည်းကိရိယာ ပြည့်စုံဖို့လိုတယ်။ မီးအလင်းရောင်နဲ့ သန့်ရှင်းတဲ့ နေရာဖြစ်ဖို့လည်း အရမ်းအရေးကြီးတယ်” ဆိုပြီး ကျန်းမာရေးဆရာမတစ်ယောက် ကလည်း ပြောပြပါတယ်။

နန်းစံနွန်းကို မွေးဖွားချိန်မှာတော့ ည (၁၁)နာရီ လောက်ဖြစ်တဲ့အတွက် ဆိုလာမီး နဲ့ ရေအားလျှပ်စစ်မီးကို ပါ အမြန်ပြင်ဆင်ထားခဲ့ရတယ်လို့ သူ့ကို မီးဖွားပေးတဲ့ ကျန်းမာရေး ဆရာမက ပြောပါတယ်။

ပုံစာ- စစ်ရှောင်ကိုယ်ဝန်သည်တွေ ကလေးမွေးဖွားတဲ့ သက်ကယ်နဲ့ ကာရံထားတဲ့ တဲငယ်လေး

“မီးပျက်ရင် ဘယ်လို လုပ်မလဲ။ မီးရုတ်တရက်ပျက်တာတွေ ဖြစ်မှာတော့ စိုးရိမ်တယ်။ ဘာမှ စိတ်ချရတာမဟုတ်ဘူး။ ဒါပေမယ့် အရဲစွန့် စိတ်ပူပေမယ့် မွေးဖွားနိုင်ခဲ့ပါတယ်”လို့ ကျန်းမာရေး ဆရာမ ကပြောပါတယ်။

နန်းစံနွန်းဟာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တပ်ပေါင်းစုဖြစ်တဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့ ကျောက်မဲမြို့နယ် ဟိန်းဝိုးကျေးရွာအနီးဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် လွန်ခဲ့တဲ့ (၃)လဝန်းကျင်ကတည်းက ကိုယ်ဝန်အရင့်အမာနဲ့ စစ်ရှောင်ထွက်ပြေးလာခဲ့ရသူ တစ်ဦး ဖြစ်ပါတယ်။

သူ့ရဲ့ စစ်ရှောင်ခရီးမှာလည်း ဟိန်းဝိုးရွာကနေ မိုင်းငေါ့ စစ်ရှောင်စခန်းထိကို (၄)ရီလောက်ကြာအောင် ပင်ပင်ပန်းပန်း လမ်းလျှောက်ခဲ့ရပါတယ်။

“အဲ့နေ့က နေ့လည် ၁၂ နာရီလောက် ရွာကနေ စပြီး ထွက်လာကြတာ၊ နေ အရမ်းပူတဲ့အချိန်၊ အထုပ်အပိုးကတော့ ဘာမှကို မယူနိုင်ဘူး၊ ကလေးငယ်ကိုပဲ တွဲပြီး ခက်ခက်ခဲခဲကို ဆင်းလာခဲ့ရတာ၊ ဗိုက်ထဲက ကလေးကိုလည်း စိုးရိမ်တယ်” ဆိုပြီး စစ်ရှောင်ထွက်ပြေးလာစဉ်က အနေအထားကို နန်းစံနွန်းက ပြန်ပြောပြပါတယ်။

သူမဟာ လက်ရှိ စစ်ရှောင်မှာ မွေးတဲ့ ကလေးနဲ့ဆိုပါက ရင်သွေး (၆)ဦး မွေးဖွားခဲ့တဲ့မိခင်တစ်ဦးဖြစ်ပြီး၊ စစ်ရှောင်စခန်းမှာ ယခုလို ခက်ခက်ခဲခဲမွေးဖွားရမယ်လို့ တကြိမ်တခါမျှ မစဉ်းစားခဲ့မိဘူးလို့လည်း ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ နန်းစံနွန်း လိုပဲ ကလေးမွေးဖို့အတွက် စောင့်ဆိုင်းနေတဲ့ ကိုယ်ဝန်သည် မိခင်လောင်း (၈)ဦးရှိနေပါတယ်။

အဲဒီထဲကမှ မိုင်းငေါ့မြို့နယ်ခွဲ တာလုံကျေးရွာ ဘုန်းကြီးကျောင်းမှာ ရောက်နေတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ကိုလည်း မီးဖွားပေးဖို့ နေရာမရှိတဲ့အတွက် ဘုန်းကြီးကျောင်းထဲမှာပဲ သက်ကယ်တဲထိုးပြီး မွေးဖွားလိုက်ရပါတယ်။

“အခက်ခဲဆုံးကတော့ နေရာပေါ့။ ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ဘုန်းကြီးကျောင်းဝန်းထဲမှာ တဲထိုးပြီး မွေးပေးခဲ့ရတယ်။ ဘာသာရေးအရ မလုပ်သင့်ဘူး ဆိုတာ နားလည်ပေမယ့် စစ်ရှောင်တွေအတွက်က ဘယ်လိုမှ မလုပ်လို့ မဖြစ်တဲ့ အနေအထားမို့ပါ။” ဆိုပြီး ကျန်းမာရေးဆရာမ ဒေါ်ခင်မျိုးဦးက ပြောပြပါတယ်။

အဲဒီ စစ်ရှောင်စခန်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ (၁၂)ယောက်ရှိခဲ့ပြီး၊ အဲဒီအထဲမှာ နန်းစံနွန်းတို့ ကိုယ်ဝန်ဆောင်သည် နှစ်ယောက်လည်း ပါဝင်ပါတယ်။

ဒါကြောင့် သူတို့ကို မီးဖွားစဉ်မှာ ကျန်းမာရေးဆရာမတွေက တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ဝတ်စုံ (PPE) တွေဝတ်ဆင်ပြီး မွေးဖွားပေးခဲ့ရတာဖြစ်ပါတယ်။

ကိုဗစ်ကူးစက်ခံထားရတဲ့အတွက် ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေး ဆရာမအနေနဲ့ သတိရှိရှိဖြင့် မွေးဖွားခဲ့ရပြီး အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ ကျန်းမာရေးဆရာမ ဖြစ်သူ ဒေါ်ခင်မျိုးဦး က ဆိုပါတယ်။

“နန်းစံနွန်းကို သွားပြီးမွေးပေးတုန်းက အရမ်းကို သတိထားခဲ့ရတယ်။ သူက ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့မှာ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိထားတဲ့ ကိုယ်ဝန်သည်။ သတိနဲ့တော့ မွေးပေးရတာပေါ့။ အစစအရာရာတော့ အဆင်ပြေခဲ့တယ်။”လို့ ဒေါ်ခင်မျိုးဦးက ဆိုပါတယ်။

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကစပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့တာကြောင့် ဒေသခံ ထောင်ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက မိုင်းငေါ့မြို့နယ်ခွဲမှာ စစ်ရှောင် (၁၀၀၀)ဝန်းကျင် ထိရှိခဲ့ပြီး၊ လက်ရှိမှာတော့ စစ်ရှောင် (၃၀၀)ကျော် ကျန်နေပါသေးတယ်။

အဲဒီစစ်ရှောင်တွေထဲမှာ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေအပြင် ကိုယ်ဝန်သည်တွေလည်း ပါဝင်ပါတယ်။

လက်ရှိ အချိန်မှာတော့ စစ်ရှောင်ကိုယ်ဝန်သည်တွေဟာ ဝင်ငွေလည်း မရှိတဲ့အတွက် မီးဖွားဖို့အတွက် ပိုပြီး အခက်ခဲ ကြုံနေတယ်လို့ စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

“ကိုယ်ဝန်သည်တွေ ကျောက်မဲကို သွားမွေးမယ်ဆိုတော့လည်း မလွယ်ဘူးလေ၊ ပိုက်ဆံရှိမှ ရမှာ၊ ခုက စစ်ရှောင်ရောက်နေတဲ့ ကိုယ်ဝန်သည်တွေဆိုတော့ ပိုပြီးခက်ခဲတာပေါ့” လို့ မိုင်းငေါ့ဒေသခံ ဦးထွန်းတင်က ပြောပြပါတယ်။

ယခု အောက်တိုဘာလအတွင်း စစ်ရှောင်ကိုယ်ဝန်သည်များထဲမှ မီးဖွားမယ့်သူ (၂)ဦး ရှိနေပြီး အမွှာပူးကိုယ်ဝန် လွယ်ထားရတဲ့ ကိုယ်ဝန်သည်တစ်ဦးလည်း ပါဝင်ပါတယ်။ အဲဒီ အမွှာ ကိုယ်ဝန်ဆောင်သည်ကိုတော့ ဆေးရုံမှာပဲ မွေးဖွားရမှာ ဖြစ်ပါတယ်။

“သူက အမွှာပူး ကိုယ်ဝန်လွယ်ထားရတာ။ ဒီမိုင်းငေါ့မှာက သာမန် ကိုယ်ဝန်သည်တွေအတွက်တောင် ခက်ခဲနေတာ။ အမွှာပူးကိုယ်ဝန်သည်ဆိုရင် ခွဲမွေးမှ ရမှာ။ ကျောက်မဲ ဆေးရုံမှာလည်း ခွဲလို့မရဘူး။ လားရှိုးကို ပို့ရမယ်” ဆိုပြီး အဲဒီ ကိုယ်ဝန်သည်ကို စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဆရာမက ဆိုပါတယ်။

ဒါ့အပြင် မီးဖွားပြီးချိန်မှာလည်း မီးနေသည်နဲ့ မွေးကင်းစ ကလေးငယ်အတွက် စစ်ရှောင်စခန်းမှာ အာဟာရ ပြည့်ဝအောင် ကျွေးမွေးနိုင်ဖို့လည်း အခက်အခဲဖြစ်နေပါတယ်။


မွေးဖွားစ မိခင်လောင်းအနေနဲ့ မိခင်အတွက် အဟာရဖြည့် အစားအစာ နဲ့ ကလေးငယ်အတွက် အနှီးတွေ အဟာရမှုန့်တွေ မလောက်မှာကို စိုးရိမ်ရတယ်လို့ နန်းစံနွမ်က ပြောပါတယ်။

“ စစ်ရှောင် မွေးဖွားလူနာတွေ ကိုယ်ဝန်သည်တွေ အတွက်တော့ လာရောက်လှူပေးတာတွေ ရှိပါတယ်။ ဒါပေမယ့် ကိုယ်နေတဲ့အရပ်မှာ မွေးဖွားရတာမဟုတ်တဲ့အတွက် စိုးရိမ်စိတ်တော့ရှိတယ်” လို့ သူက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ရုတ်တရက် ထွက်ပြေးလာရတဲ့အတွက် စစ်ရှောင် အမျိုးသမီးတွေဟာ အဝတ်တစုံ၊ (၂) စုံသာ ပါလာတဲ့အတွက် အမျိုးသမီးအတွက် ဘော်လီ၊ အတွင်းခံနဲ့ တကိုယ်ရေးသုံးပစ္စည်းတွေလည်း လိုအပ်နေပါတယ်။

ဒါ့အပြင် အဲဒါတွေကို ကူညီထောက်ပံ့မယ့်သူတွေလည်း သိပ်မရှိဘူးလို့ စစ်ရှောင်တွေကို လိုက်လံကူညီပေးနေတဲ့ နန်းမွမ်းမွမ်းပေါင်းက ပြောပါတယ်။

“အမျိုးသမီးတွေ ထွက်ပြေးလာတော့ အဝတ်တွေ အပိုမပါဘူး။ ဒါကြောင့် ဘော်လီ၊ အတွင်းခံ စတဲ့ တကိုယ်ရေသုံးပစ္စည်းတွေ လိုအပ်တာများတယ်၊ သွားပြီး ထောက်ပံ့ပေးတဲ့သူတွေလည်း နည်းတယ်” လို့ နန်းမွမ်းမွမ်းပေါင်းက ဆိုပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ သျှမ်းပြည်တခွင် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် အမျိုးသမီးတွေဟာ တစ်ပူပေါ် နှစ်ပူဆင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရပါတယ်။

အမျိုးသမီးတွေ ကို စစ်ပဋိပက္ခနယ်မြေအတွင်း၊ လုံခြုံမှုမရှိတဲ့နေရာတွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အကြမ်းဖက်မှုနည်းလမ်းများအားလုံးမှ အကာအကွယ်ပေးရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ်(၁၃၂၅) တွင် အလေးထားဖော်ပြခဲ့ပါတယ်။

(၁၃၂၅)ကိုတော့ ယနေ့ထိ လက်နက်ကိုင် တပ်ဖွဲ့တိုင်း လိုက်နာရန် ကတိကဝတ်ဖြစ်ပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ အလေးထားလိုက်နာကျင့်သုံးမှု အားနည်းနေဆဲ။

‌”ယောက်ျားဖောင်စီး၊ မိန်းမ မီးနေ” ဆိုတဲ့ စကားပုံအတိုင်း အမျိုးသမီးတွေရဲ့ အသက်အန္တရာယ် အရှိဆုံးဖြစ်တဲ့ မီးဖွားရတဲ့ ကိစ္စကို မလုံခြုံတဲ့ စစ်ရှောင်စခန်းတွေမှာ ဆေးဝါးရိက္ခာ မပြည့်မစုံနဲ့ ရင်ဆိုင်နေရတဲ့ နန်းစံနွန်းတို့လို စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်သည်တွေလည်း အများကြီးရှိနေဆဲ….။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...