Sunday, July 14, 2024

တာချီလိတ်မြို့ ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရ

Must read

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး အထိုးခံ လိုက်ရသည့် ရဲတပ်ကြပ်အဆင့်ရှိသူက ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း စုံစမ်းသိ ရှိရသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီကျော်ဝန်းကျင်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် လုံခြုံရေး အစောင့်တာဝန်ကျသည့် ရဲတပ်ကြပ်တစ်ဦးကို အမည်မသိ အမျိုးသားတစ်ဦးမှ ဓားဖြင့် ဝင်ရောက်ထိုးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ ၁၀ နာရီကျော်မှာဖြစ်သွားတာပါ၊ ရှမ်းရိုးမကုန်တိုက်နားက မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးစောင့်နေတဲ့ ရဲတပ်ကြပ်ကို ဓားနဲ့ဝင်ထိုးတာ၊ အစက သတ်ပုတ်ကြမလို့ ဖြစ်သေးတယ်လည်း ကြားမိတယ်၊ အခု အထိုးခံရတဲ့ သူက ဒဏ်ရာပြင်းတော့ ဆေးရုံမှာ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတယ်လို့လည်း ကြားတယ်” ဟု ရှမ်းရိုးမ ကုန်တိုက်နား နေထိုင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓားဖြင့် ထိုးခံရသူမှာ တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်တင်အောင်မိုး ဆိုသူဖြစ်ပြီး လက်ရှိတွင် ဓားဖြင့် ထိုး ခံရမှုကြောင့် တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း လည်း သိရသည်။

အဆိုပါ ဓားထိုးမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်တပ်နှင့် အရပ်ဝတ်ရဲများသည် မြန်မာ့စီးပွားရေးဘဏ်အနီး တစ်ဝိုက်တွင် လုံခြုံရေးအင်အား ထပ်မံတိုးချဲ့ထားသည့်အပြင် အိမ်စီးကား Honda fit အနက်ရောင်ဖြင့် ဆန်ဆိုင်း(က) ရပ်ကွင်းအတွင်းသို့ လာရောက်လှည့်ပတ်နေကြောင်း ဒေသခံများက ပြောသည်။

တာချီလိတ်မြို့အတွင်းတွင် လူဆိုးသူခိုးဓားပြများပေါများနေသည့် အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့ကလည်း ဟောင်လိတ်နယ်မြေရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရဲဒုတပ်ကြပ် ကျော်ဆန်းလင်း ဆိုသူလည်း ကားတိုက်ခံရပြီး သေဆုံးမှုလည်း ဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article