Thursday, April 25, 2024

(၃)နှစ်ပြည့် အမှုမှန်မပေါ်သေးတဲ့ ကျောက်မဲ ကျောင်းယွက်ဆရာတော်

Must read

“သစ်တပင်ကောင်းရင် ငှက်တသောင်းနားခိုနိုင်တယ်” ဆိုတဲ့စကားပုံအရ သစ်ပင်တပင်ပြိုလှဲသွားသလို ခံစားရကြောင်း ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု အသင်း ဥက္ကဌ လုင်းလျန်းဟန် က ပြောပါတယ်။

“ သစ်ပင်တပင်ပြိုလှဲသွားခဲ့ပြီး၊ သစ်ပင်ကို မှီခိုနေတဲ့ သူတွေ အတွက် အခက်အခဲတွေဖြစ်ခဲ့ရတယ်။ ဆရာတော် ဆုံးရှုံးလိုက်ရတာ ဟာ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ” လို့ လုင်းလျန်းဟန် က ဆိုပါတယ်။

လွန်ခဲ့တဲ့ (၃)နှစ် ပြီးခဲ့တဲ့ ၂၀၁၈ အောက်တိုဘာ (၅)ရက် ညနေ (၆)နာရီခွဲ အချိန်မှာ ကျောက်မဲမြို့ပေါ် (၇)ရပ်ကွက်ရှိ ဓမ္မမေဒနီ ရွှေကျင်ကျောင်းတိုက် (ကျောင်းယွက်) မှာ လမ်းလျှောက် တရားမှတ်နေတဲ့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ကလျာဏဝံသ ကို အမည်မသိ လက်နက်ကိုင် (၂)ဦး က သေနတ်နဲ့ လာရောက်ပစ်သတ်ခဲ့ပါတယ်။

အမည်မသိ လက်နက်ကိုင် လက်ချက်ကြောင့် ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဘဒ္ဒန္တကလျာဏဝံသ ကို ကျောက်မဲပြည်သူတွေကတော့ ကျောင်းယွက် ဆရာတော် ဟု ကြည်ညိုစွာဖြင့် တရင်းတနှီးခေါ်ဝေါ်ကြပါတယ်။

ဆရာတော် ပျံလွန်တော်မူချိန်တွင် သက်တော် (၄၇)နှစ်၊ သိက္ခာတော် (၂၇)ဝါ ရှိပြီး သေနတ်ဒဏ်ရာ (၇)ချက်ဖြင့် ပျံလွန်တော်မူခဲ့ရတာ ဖြစ်ပါတယ်။

ရွှေကျင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကလျာဏဝံသ ကို (၁၉၇၁)ခုနှစ် ဧပြီလ (၂၈)ရက် တနင်္လာနေ့တွင် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဝန်ဆွန်းရွာမှာ အဖ ဦးယွတ်ငင်းဆန်စန့်နှင့် အမိ ဒေါ်ခမ်းဆွဲ့ဆွေစိန်တို့မှ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။

မွေးချင်းညီအစ်ကို (၃)ယောက်ရှိပြီး စိုင်းဆန်အိုင်၊ စိုင်းယီပီး၊ စိုင်းဆန့်ခေါင်တို့ ဖြစ်ပါတယ်။ ရွှေကျင် ဆရာတော်က ဒုတိယသား (စိုင်းယီပီး)ဖြစ်ပါတယ်။

(၁၉၈၁)ခုနှစ်တွင် ရှင်သာမဏေအဖြစ် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး (၁၉၉၁)ခုနှစ်တွင် ရဟန်းအဖြစ် တက်ရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ယနေ့ (အောက်တိုဘာ ၅)ရက် ဟာ ဆရာတော် သေနတ်ပစ်သတ်ခံရပြီး ပျံလွန်တော်မူခဲ့တာ (၃)နှစ်ပြည့်တဲ့ရက် ဖြစ်ပေမယ့် ဆရာတော်ကို လာရောက် ပစ်သတ်ခဲ့တဲ့ လက်နက်ကိုင် (၂)ဦးကတော့ ယနေ့ထိတိုင် လွှတ်မြောက်နေဆဲပါ။

ဆရာတော်ဟာ လောကီ၊ လောကုတ်တရာ နှစ်ဖက်စလုံးမှာ ထူးချွန်တဲ့သူဖြစ်ပြီး သာသနာရေး စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့သလို ကလေးငယ်တွေရဲ့ ပညာရေးပိုင်းကိုလည်း အထူးအားပေးမြှင့်တင်ပေးတဲ့ဆရာတော် တစ်ပါးဖြစ်ပါတယ်။

ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဘဒ္ဒန္တကလျာဏဝံသအတွက် ဆုတောင်းပွဲ

ဆရာတော်ဟာ ရွှေကျင်ကျောင်းတိုက် ပဓာန နာယကအဖြစ် တာဝန်ယူခဲ့ပြီးနောက် ခရစ်နှစ် (၂၀၁၁)ခုနှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေး(ဘက)ကျောင်းဖွင့်လှစ်ခဲ့ပြီး ပညာရေးကို အားပေး မြှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

“ဆရာတော်ဟာ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ၊ စားဝတ်နေရေးအဆင်မပြေတဲ့ ကလေးများအတွက် (ဘက)ကျောင်းဖွင့်လှစ်ခဲ့တယ်၊ အဲဒီအချိန်က ရွှေကျင်ကျောင်းတိုက်မှာ သံဃာတော် (၂၀၀)ကျော်ကို ပညာသင်ကြားပေးနေတယ်” ဆိုပြီး စိုင်းအောင်မြင့် က ပြောပြပါတယ်။

ဆရာတော် ဘဒ္ဒန္တ ကလျာဏဝံသ ဟာ ကိုယ်ကျိုးစွန့်ပြီး အများအတွက် ပါဝင်လုပ်ဆောင်နေတဲ့အချိန် ရုတ်တရက် ပျံလွန်တော်မူ ခဲ့ရတဲ့အတွက် ဝမ်းနည်းမဆုံး ဖြစ်ခဲ့ရကြောင်း ရွှေကျင်ကျောင်းမှ ဦးဇင်းတစ်ပါးက မိန့်ပါတယ်။

“သာသနာပိုင်းရော၊ ကလေးတွေရဲ့ ပညာရေးပိုင်းရော ဦးဆောင်ပြီးလုပ်နေတာက သူ့အတွက်မဟုတ်ဘူး၊ အများအတွက်ကို ကြိုးစားပြီးလုပ်ခဲ့တာ၊ ဒီလိုအချိန်မှာ ရုတ်တရက် ပျံလွန်တော်မူသွားရတော့ ဝမ်းနည်းမဆုံး ဖြစ်ခဲ့ရတယ်၊ အရမ်းလည်းနှမျောမိတယ်” ဆိုပြီး အဆိုပါ ဦးဇင်းက မိန့်ပါတယ်။

လက်ရှိအချိန်ထိ ဆရာတော်ကို လာရောက်ပစ်ခတ်တဲ့ လက်နက်ကိုင် အဖွဲ့ကို ဖမ်းဆီးရမိမှု မရှိသေးတဲ့အတွက် ကျောက်မဲဒေသခံတွေကတော့ တရားမျှတမှုကို ယနေ့ထိတိုင် စောင့်ဆိုင်းနေဆဲပါ။

“သံဃာတော်တစ်ပါးဖြစ်နေလျက်နဲ့ လက်နက်ကိုင်ထားတဲ့သူတွေက လာပြီး ပစ်ခတ်သတ်ဖြတ်သွားတယ်ဆိုတော့ အရမ်းကို ထိတ်လန့်ခဲ့ရတယ်၊ လုံးဝကို မထင်ထားခဲ့ဘူး။ အခုထိ တရားခံကလည်း မဖမ်းနိုင်သေး၊ တရားမျှတမှုကိုတော့လိုချင်တယ်” ဆိုပြီး လုင်းလျန်းဟန်က ပြောပြပါတယ်။

ဆရာတော် ပျံလွန်တော်မူခြင်းဟာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ဦးကို ဆုံးရှုံးလိုက်ရသလို ဖြစ်နေတယ် ဆိုပြီး ဒေသခံ သျှမ်းအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

“ဆရာတော် ပျံလွန်တော်မူသွားတာဟာ ဒေသခံတစ်ယောက်အတွက် အရမ်းကို ဝမ်းနည်းရပြီး နှမျောခဲ့ရတယ်။ ခေါင်းဆောင်ကောင်းတစ်ဦးကို ဆုံးရှုံးလိုက်ရသလိုပဲ၊ ဘာကြောင့်လဲဆိုရင် ဆရာတော်လို လုပ်ဆောင်နိုင်တဲ့သူက အများကြီး မရှိဘူး” လို့ ကျောက်မဲဒေသခံ သျှမ်းအမျိုးသား တစ်ဦးက ပြောပြပါတယ်။

ကျောက်မဲမြို့အတွင်းရှိ ဝုန်းမေတ္တာ အဖွဲ့ကိုလည်း ဆရာတော်ကိုယ်တိုင် ဦးဆောင်ပြုလုပ်ခဲ့ကြောင်း၊ ဒါ့အပြင် နမ့်ခုံးရှမ်းများပရဟိတအသင်း(ကျောက်မဲ)ကိုလည်း ဆရာတော်ရဲ့ ဦးဆောင် အားပေးမှုကြောင့် ဖွဲ့စည်းဖြစ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

သျှမ်းပြည်သူများထဲမှ အရည်အချင်းရှိသူများ၊ ဆရာတော်များ၊ လူမှုအသိုင်းအဝိုင်းထဲတွင် ဦးဆောင် ဦးရွက်ပြုနေသူများ၊ ထူးချွန်သူများကိုမှ သေနတ်သမားက လာရောက်ပစ်ခတ် သတ်ဖြတ်သွားတဲ့အတွက် အလွန်ပင် ဝမ်းနည်းခဲ့ရကြောင်း စိုင်းအောင်မြင့်က ပြောပြပါတယ်။

ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဘဒ္ဒန္တကလျာဏဝံသ ကျောင်းထိုင်ခဲ့တဲ့ ရွှေကျင်ကျောင်း

“ဘာကြောင့် သျှမ်းပြည်သူထဲက တော်တဲ့သူ၊ အများအကျိုးအတွက် ပါဝင်လုပ်ဆောင်နေတဲ့သူ၊ အရည်အချင်းရှိတဲ့ သူတွေကိုမှ လာပြီး ပစ်သတ်သွားရတာလဲ၊ တစ်ခြားတိုင်းရင်းသားတွေထဲမှာ ဒီလို ဖြစ်တာ မကြားဖူးဘူး၊ ခုက အရမ်းကို ဝမ်းနည်းဖို့ကောင်းတယ်” ဆိုပြီး ပြောပါတယ်။

ကျောက်မဲမြို့နယ်တွင် ဆရာတော် အပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများလည်း အမည်မသိ လက်နက်ကိုင်သူများ လာရောက် ပစ်ခတ်သတ်ဖြတ်ခြင်းခံရပြီး သေဆုံးခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ထိုချိန်က ဆရာတော် သတ်ခံရခြင်းနဲ့ပတ်သက်ပြီး မြို့နယ် ရဲစခန်းမှ အမှုဖွင့်ထားတယ်လို့ ကြားမိ သော်လည်း ယနေ့အချိန်ထိ တရာခံအား ဖမ်းဆီးအပြစ်ပေး အရေးယူနိုင်ခြင်းမရှိပဲ တိတ်ဆိတ်နေကြောင်း ဒေသခံများက ဆိုပါတယ်။

ဆရာတော် ဘဒ္ဒန္တကလျာဏဝံသ သေနတ်ပစ်ခံရတဲ့နေရာ

ဆရာတော်အား လာရောက်ပစ်ခတ်သွားသူကို ဖမ်းဆီးအရေးယူ အပစ်ပေးနိုင်ခြင်း မရှိတဲ့အပြင် ဒေသခံများအတွက်ပင် လုံခြုံစိတ်ချရမှုမရှိကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။

“ဆရာတော်ဟာ သူ့ကျောင်းထဲ ရှိနေတဲ့အချိန်မှာ ပစ်ခတ်ခံခဲ့ရတာ၊ ဒါကို ဘယ်သူတွေလာပြီး ပစ်ခတ်သွားတာပါ ဆိုပြီး ဖွင့်ပြောလိုက်ရင် အဲ့ဒီလူအတွက် လုံခြုံမှုက မရှိဘူး၊ ပြောချင်တာက လူ့အခွင့်အရေးကို ဆုံးရှုံးခဲ့ရတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၊ ၆၀) ကတည်းကပဲ ဆိုတော့ နောင်အနာဂတ်အတွက်လည်း ရင်လေးစရာပါပဲ” ဆိုပြီး ဆရာတော်နှင့် နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေပေမယ့်လည်း သတိထားပြီး လုပ်ဆောင်နေရကြောင်း ပရဟိတအဖွဲ့ တစ်ခုတွင် ပါဝင်ဆောင်ရွက်ခဲ့သူ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

“သျှမ်းမြောက်မှာက လက်နက်ကိုင်တပ်တွေ (၄/၅)ဖွဲ့ကို ရှိနေတာဆိုတော့ တကယ်လို့ အဖွဲ့တစ်ခုဖက်ကို ဘက်လိုက်ရင် ကျန်တဲ့ အဖွဲ့တွေက အမြင်မှားသွားမှာပဲ။ နောက်ပြီး သူများတွေထက် ထူးချွန်လာပြီဆိုရင် အညွှန့်ချိုးပစ်ကြတယ်လေ၊ အဲ့တော့ အများအတွက်လုပ်တယ်ဆိုရင်တောင် အရမ်းကို သတိထားပြီး လုပ်ဆောင်နေရတယ်၊ ဆရာတော်ရဲ့ အဖြစ်အပျက်က သာဓကပဲ” ဆိုပြီး အသက်(၅၀)ဝန်းကျင်အရွယ်ရှိ ကျောက်မဲ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် သျှမ်းပြည်သူအားလုံး စည်းလုံးညီညွတ်ကြဖို့၊ သံဃာတော်တွေ၊ ပြည်သူတွေအပြင် လက်နက်ကိုင် တပ်ဖွဲ့တွေလည်း စည်းလုံးကြဖို့၊ ဆွေးနွေးတိုင်ပင် အဖြေရှာကြဖို့လိုကြောင်း ၎င်းက တိုက်တွန်း ထားပါတယ်။

“ကျွန်တော်တို့ သျှမ်းပြည်သူတွေ စည်းစည်းလုံးလုံးရှိဖို့လိုပါတယ်၊ သံဃာတော်တွေ၊ ပြည်သူတွေအပြင် လက်နက်ကိုင်နေတဲ့ အဖွဲ့တွေအားလုံး ပြန်ပြီးစဉ်းစားသင့်တယ်၊ ဆွေးနွေးတိုင်ပင်ပြီး အဖြေရှာ သင့်တယ်လို့ ယူဆတယ်” ဆိုပြီး အထက်ပါ အမျိုးသားက ပြောပါတယ်။

ဘက်စုံထူးချွန်ပြီး သာသနာရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေပြီး၊ ကျောင်းပညာရေး မတက်နိုင်တဲ့ကလေးငယ်တွေ အတွက် ဘုန်တော်ကြီးကျောင်းဖွင့်လှစ်ကာ ဦးဆောင်ခဲ့တဲ့ ဆရာတော် တယောက်ကို ရက်စက်စွာ ပစ်သတ်ခံရခြင်းဟာ အလွန်ပင်ရုပ်ဆိုးအကျဉ်းတန်ပါတယ်။

ဒါအပြင် ၃နှစ်ပြည့်အထိ တရားမျှတမှု၊ အမှန်တရားကို မဖော်ထုတ်နိုင်ခဲ့ခြင်းဟာလည်း သျှမ်းပြည်လူထုကို အချိန်မရွေး အသက်အန္တရာယ် စိုးရိမ်ထိတ်လန့်ကာ ဖြစ်စေပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article