Friday, April 19, 2024

သေရာပါ မိုင်းဒဏ်ရာနဲ့ ဆက်ရုန်းနေရဆဲ

Must read

“ ကျနော်နေပူထဲမှာ ကြာကြာနေရင် ခေါင်းက တဆစ်ဆစ်နာကျင်နေတယ်” လို့ စကားသံဝဲဝဲလေးနဲ့ အိုက်အေး က ညင်းထွားနေပါတယ်။

ပုံစာ- တိုင်းရင်းသားလက်နက်ကိုင်တွေ မကြာခဏတိုက်ပွဲဖြစ်တဲ့ သီပေါ- နမ္မတူ လမ်းပေါ်က ပန်လုံကျေးရွာ

အိုက်အေးဟာ လွန်ခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာ တောင်ယာသို့ ဆိုင်ကယ်နဲ့ ကလေးအပါအဝင် မိသားစု(၃)ဦး ခြံထဲသွားချိန်မှာ လက်နက်ကိုင်တပ်ဖွဲ့ ထောင်ထားတဲ့ မိုင်းကို နင်းမိခဲ့ပါတယ်။

ထိုမိုင်းနင်းမိတဲ့အတွက် အိုက်အေးရဲ့ ဦးခေါင်းကို မိုင်းစထိမှန်ခဲ့ပြီး၊ အိုက်အေးရဲ့အမျိုးသမီး က ဝမ်းဗိုက်နဲ့ ဦးခေါင်းထိမှန်ခဲ့ရကာ အသက် (၇)သမီးလေးကတော့ ခန္ဓာကိုယ်နဲ့ လက်တွေမှာ မိုင်းစ အနည်းငယ်ထိမှန် ခဲ့ရပါတယ်။

“ သမီးလေးကတော့ မိုင်းထိထိချင်းမှာ နာလို့ အော်ငိုခဲ့တယ်။ အဲ့ချိန်က အသံနဲ့ဆိုတော့လန့်သွားတယ်။ ကျနော်ရဲ့ခေါင်းကတော့ အခုချိန်ထိ နေပူထဲကြာကြာနေရင် နာနေတုန်းပဲ။ မိန်းမလည်းအဲ့လိုပဲ နားနေတုန်းပဲ” လို့ အိုက်အေး တယောက် လက်ရှိမိုင်းထိမှန်ခဲ့တဲ့ဒဏ်ရာ အခြေအနေ ကို ပြန်ပြောပြနေပါတယ်။

အိုက်အေးတို့ မိသားစုဟာ နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုထဲက မန်းကျည်းရွာမှာ နေထိုင်ကြပါတယ်။

ထိုကျေးရွာမှာ ၂၀၁၆ ခုနစ် ဒီဇင်ဘာ ကစပြီး တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းစစ်ရေးတင်းမာခဲ့ကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဖြစ်ပါတယ်။

ထိုနေရာဒေသမှာတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုဖြစ်သော သျှမ်းပြည်တိုးတက်ရေးပါတီ၊သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) တို့လှုပ်ရှားရာနေရာဖြစ်ပြီး ယနေ့ထိတိုင်း နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပါတယ်။

နမ္မတူမြို့နယ် တကြောမှာ ၂၀၁၀နောက်ပိုင်းမြေမြုပ်မိုင်းဒဏ်ကို ဒေသခံပြည်သူလူထုတွေ အလူးအလိမ့်ခံစား လာခဲ့ကြပြီး၊ ပြည်သူတွေရဲ့ ခံစားချက်၊ စိုးရိမ်မှုကို ဘယ်လက်နက်ကိုင် တပ်ဖွဲ့မှ မထောက်ထား မငဲ့ညှာခဲ့ပါ။

မိုင်းနင်းမိခဲ့ရတဲ့ အိုက်အေး မိသားစုကိုလည်း ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်ကြည့်ရှု့မှုမရှိသလို အိုက်အေးတို့ မိသားစု(၃)ဦးဟာ မိုင်းနင်းမိပေမယ့် မိမိအစီအစဉ်ဖြင့်သာ ကျေးရွာမှာနေပြီး ကိုယ့်နည်း ကိုယ့်ဟန် ဆေးကုသခဲ့ရပါတယ်။

“ မိုင်းစပဲထိတော့ ဆေးရုံမတက်ဘူး။ အိမ်မှာပဲကုတာ။ ဆေးဝယ်သောက်တယ်” လို့ အိုက်အေး က ဆိုပါတယ်။

ပုံစာ- တိုင်းရင်းသားလက်နက်ကိုင်တွေ မကြာခဏတိုက်ပွဲဖြစ်တဲ့ သီပေါ- နမ္မတူ လမ်းပေါ်က ပန်လုံကျေးရွာ

မိုင်းထိမိတဲ့ဒဏ်ရာကြောင့် အိုက်အေးတို့ မိသားစုဟာ ဆေးကောင်းမွန်စွာ ကုခွင့်မရခဲ့တဲ့အတွက် အိုက်အေးရဲ့ အမျိုးသမီးဟာလည်း မိုင်းစထိတဲ့ဒဏ်ကြောင့် မကြာခဏ ခေါင်းနာကျင်သလို ဝမ်းဗိုက်ဒဏ်ရာလည်း နာနေဆဲပါ။

“ကျမရဲ့ ခေါင်း ခဏခဏ နာတယ်။ ဗိုက်ကိုထိထားတဲ့ဒဏ်ရာကလည်း နာတယ်”လို့ အိုက်အေးရဲ့ အမျိုးသမီးက တအာင်းဘာသာစကားနဲ့ ပြောပြလာပါတယ်။

အိုက်အေးတို့ မိသားစုနည်းတူ ဇူလိုင်လ အတွင်းမှာ မန်းကျည်း ကျေးရွာသာ အိုက်လှအောင် ကလည်း မြေမြုပ်မိုင်း နင်းမိခဲ့ပြီး ဦးခေါင်း ထိမှန်ခဲ့ပါတယ်။

အိုက်လှအောင်ဟာ မိုင်းစ ဦးခေါင်းထိထားတဲ့ ဒဏ်ကြောင့် မကြာခဏ မူးဝေ့မှုတွေ ခေါင်းကိုက်ဒဏ်ကို ခံစားနေရတုန်းပါ။

“ အခု ကျမရဲ့အမျိုးသားက မိုင်းဒဏ်ကြောင့် ခဏခဏ ခေါင်းမူးတယ်။ နောက် ခြံထဲသွားရင်လည်း နွယ်တွေ၊သစ်ငုတ်တိုတွေ နင်းမိရင် သူဘာသာသူလန့်နေတယ်။ ကြောက်နေတယ်” လို့ အိုက်လှအောင်ရဲ့ အမျိုးသမီး လွေးငယ် က စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

အိုက်လှအောင်ဟာ ယာခင်းထဲ လယ်ရေသွင်းတာကို သွားကြည့်ရန် နေအိမ်မှ ဆိုင်ကယ်နဲ့ ထွက်သွားပြီး မိနစ် အနည်းငယ်မှာ “ အုန်း”ဆိုတဲ့ ပေါက်ကွဲသံထွက်လာပါတယ်။

“သူ ခြံသွားပြီး မိုင်းနင်းမိတဲ့နေ့က ကျမတို့ လိုက်သွားမယ်လို့ ပြောတယ်။သူက တစ်ယောက်တည်းပဲ သွားမယ်။ မလိုက်လည်းရပြီ လယ်ရေသွင်းတာ သွားကြည့်တာ။ ကျမတို့ သားအမိ ကို အိမ်မှာ နေခိုင်းတာ။ သူသွားပြီး မကြာဘူး ပေါက်ကွဲသံထွက်လာတာပဲ” လို့ လွေးငယ်က အဲ့နေ့က အဖြစ်အပျက်ကို ပြောပြပါတယ်။

မြေမြုပ်မိုင်းစ ဟာ ဦးခေါင်းကို လာထိတဲ့အတွက် အိုက်လှအောင် ဟာ ဆေးရုံတက် ဆေးကုသ ခံယူခဲ့ရပါတယ်။

ဆေးရုံတက်နေချိန်ကာလ အတွင်းမှာတော့ ICRC မှ ကျပ်၂သိန်းခွဲလာရောက်ကူညီပေးသလို လူမှုကူညီရေး အသင်းကလည်း (၅)သောင်းလာကူညီပေးခဲ့ပါတယ်။

ဒါပေမယ့် အိမ်ရဲ့ အဓိက ဝင်ငွေရှာပေးသူ၊ လယ်ယာကို ဦးစီးလုပ်ကိုင်တဲ့ အိုက်လှအောင် တယောက် မိုင်းနင်းမိချိန်မှာ သူရဲ့ မိသားစုဝင်ကတော့ အခက်အခဲကြုံတွေ့ခဲ့ရပါတယ်။

“သူ အလုပ်မသွားနိုင်တုန်းက ကျမပဲ တောင်ယာသွားရတယ်။ လူနာ တစ်လှည့် ကလေး တစ်လှည့် နဲ့ မိသားစု စားဝတ်နေရေးကော လုပ်ရတယ်။ တော်တော် အခက်ခဲ ဖြစ်ခဲ့တယ်” လို့ လွေးငယ် က ဆိုပါတယ်။

လက်ရှိမှာတော့ အိုက်လှအောင်ဟာ အလုပ်နည်းနည်းဆီ ပြန်လုပ်လာနိုင်ပေမယ့် မိုင်းနင်းမိတဲ့ဒဏ်ရာကြောင့် အရာရာကို ကြောက်စိတ်က လွှမ်းမိုးနေဆဲပါ။

“ ဘာပဲလုပ်လုပ်ကြောက်နေတယ်။ တောင်ယာသွားရင်လည်း တောင်ယာခြံထဲမှာပဲနေတယ်။ တောထဲ မသွားရဲဘူး။ အိမ်ပြန်ရင်လည်း လမ်းမကြီးကပဲပြန်တယ်။ အရင်လို တောလမ်းက မပြန်ဘူး။ ခြံနောက် တောထဲတောင် သူမသွားရဲဘူး” လို့အိုက်လှအောင်ရဲ့ အမျိုးမသီး လွေးငယ်က စိတ်မကောင်းစွာဖြင့် ပြောလာပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့တွေ အချင်းချင်းတိုက်ပွဲတွေဖြစ်ပွားပြီးနောက် မြေမြုပ်မိုင်းတွေကို ပြန်လည်ရှင်းလင်း တာတွေ မပြုလုပ်တဲ့အတွက် တောင်ယာသွားတဲ့ ကျေးလက်ပြည်သူတွေ က နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်မှု တွေနဲ့ ဝမ်းစာ ရှာဖွေနေရပါတယ်။

“ တောင်ယာကတော့ မသွားရင်လည်းမရဘူးလေ။ လမ်းသွားရင်လည်း မိုင်းတွေ နင်းမိမှာကြောက်ပေမယ့် ဝမ်းရေးက ရှိနေသေးတယ်။ စားဖို့သောက်ဖို့အတွက် ကြောက်နေလည်း သွားရမှာပဲ” လို့ လွေးငယ် က အားငယ်စွာဖြင့် ပြောပါတယ်။

ပြီးခဲ့သည့် ဇွန်လိုင်လဆန်းပိုင်းတွင်လည်း သျှမ်းမြောက် နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် တိုက်ပွဲ အတွင်း အသုံးပြုခဲ့သော မြေမြုပ်မိုင်းများကို ပြန်လည်ရှင်းလင်းပေးခဲ့ခြင်း မရှိသောကြောင့် ဒေသခံများ တောင်ယာသွားရာမှာ မိုင်းနင်းမိပြီး ဒဏ်ရာ ရသည့်အပြင် စိတ်ဒဏ်ရာပါ ရခဲ့ပါတယ်။

“နွယ်ပင်တွေနည်းနည်း သွားညှိမိရင်လည်း သူလန့်နေတယ်။ မိုင်းဖြစ်မှာကြောက်နေတယ်။ သူ တစ်ယောက်တည်း ခြံသွားခိုင်းရင် သူ မသွားရဲတော့ဘူး။ သူ ထိတ်လန့်နေတယ်” လို့ အိုက် လှအောင်ရဲ့ အမျိုးသမီး လွေးငယ် ကပြောပါတယ်။

လက်နက်ကိုင် လှုပ်ရှားသည့် ကျောက်မဲမြို့နယ် နဲ့ နမ္မတူမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် မကြာခဏ မြေမြုပ်မိုင်း နင်းမကာ သေဆုံးခဲ့ရခြင်း ထိခိုက်ဒဏ်ရာ ရရခဲ့ပါတယ်။

မြေမြုပ်မိုင်း အန္တရာယ်တွေ နဲ့ ပတ်သက်ပြီး ပညာပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့လည်း မိမိနယ်မြေ တပ်စခန်းကို ကာကွယ်ဖို့အတွက် မြေမြုပ်မိုင်းကို ယနေ့ထိ အသုံးပြုနေကြဆဲပါ။

မြေမြုပ်မိုင်းအသုံးပြုမှုကို နိုင်ငံတကာ ပိတ်ပင်တားဆီးထားသော်လည်း မြန်မာနိုင်ငံဟာ မြေမြုပ်မိုင်း အများဆုံး အသုံးပြုတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာတော့ ၂၀၀၇ မှ၂၀၀၉ ထိ သျှမ်းပြည်ဟာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၆.၆ ရာခိုင်နှုမ်းရှိပြီး၊ ကချင်က ၂၆.၅ ရာခိုင်နှုန်း နှင့် ကရင်က ၂၀ ရာခိုင်နှုန်း ကာ သျှမ်းပြည်က အမြင့်ဆုံဖြစ်ကြောင်း မြန်မာနိုင်ငံ မြေမြုပ်မိုင်း သတင်းသုတေသန ပြုလုပ်တဲ့ (MIMU) ၏ စာရင်းတွင် ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်း ရှင်းလင်းရေးကို မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ပူးပေါင်းပြီး ရှင်းလင်းမှုပြုလုပ်မယ်လို့ ပြောဆိုခဲ့ပေမယ့် ယနေ့ထိ အောင်မြင်မှု မရရှိသေးပါ။

မိုင်းနင်းမိသော သူအများဆုံးဟာ မိသားစု စားဝတ်နေရေးအတွက် အဓိက ဝင်ငွေရှာဖွေနေတဲ့ သူဖြစ်ပြီး မိုင်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားကာ မိသားစု စားဝတ်နေရေး၊ ကလေးပညာရေး ထိခိုက်သွားတဲ့ ပြည်သူတွေ များစွာ ရှိနေပါတယ်။

“ များသောအားဖြင့် မိုင်းနင်းမိတဲ့သူတွေ က မိသားစုအတွက် စားဝတ်နေရေး ရှာဖွေနေတဲ့သူတွေပါ။ သူတို့တွေက မိုင်းနင်းမိပြီဆိုရင် မိသားစုတခုလုံး ဒုက္ခရောက်တာပဲ။ ဆေးကုဖို့လည်း ကုန်ရ၊ အလုပ်လည်း မသွားရတော့ စားဖို့က အလိုလို ခက်ခဲတာပဲ” လို့ ကျောက်မဲမြို့နယ် လူ့အခွင့်အရေး နှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည့် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

မြေမြုပ်မိုင်းကို လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲအတွင်းမှာ လက်ရှိအချိန်ထိ အသုံးပြုကြပေမယ့် တိုက်ပွဲပြီးသွားပါက မိမိတပ်ဖွဲ့ ထောင်ထားတဲ့ မိုင်းကို ရှင်းလင်းသွားခြင်းမရှိတဲ့အတွက် ပြည်သူတွေ ခံရကြောင်းလည်း ၎င်းကဆိုပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့တွေကို လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက အကြိမ်ကြိမ် ပြောဆိုခဲ့ပေမယ့် အဖွဲ့အစည်းတွေက လိုက်နာဆောင်ရွက်မှု မရှိခဲ့ကြပါ။

“ မိုင်းကိစ္စကို ကျမတို့ အကြိမ်ကြိမ် တောင်းဆိုတယ်။ ပြည်သူတွေ အထိခိုက်နည်းအောင် ပြုလုပ်ဖို့ အတွက်ဒ ါပေမယ့် ဘယ်အဖွဲ့မှ လိုက်နာတာမရှိဘူး။ တနှစ်ထက် တနှစ် မြေမြုပ်မိုင်း ဒဏ်ကို ပိုခံလာရတယ်” လို့ လူ့အခွင့်အရေး ဆောင်ရွက်နေသည့်အမျိုးသမီးက ပြောသည်။

လက်ရှိကာလသည် နိုင်ငံရေး ရှုပ်ထွေးမှု၊ စစ်ရေး တင်းမာမှု နဲ့ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားမှုတွေကြောင့် မိုင်းထိလူနာတွေကို ကူညီရန်လည်း ခက်ခဲနေတဲ့အချိန်ပါ။

ကျေးလက်ပြည်သူတွေ ကတော့ မြေမြုပ်မိုင်း ဒဏ်ကို နေ့စဉ်နဲ့ အမျှ ခံနေရပေမယ့် ဝမ်းစာကိုတော့ ဆက်လက်ရှာဖွေ စားသောက်နေရမှာဖြစ်တဲ့အတွက် ကြောက်စိတ်နဲ့ လယ်ယာကို သွားနေရပါတယ်။

မိုင်းနင်းမိတဲ့သူတွေ တိုင်း ဟာ နားကျင်နေတဲ့ မိုင်းဒဏ်ရာ ဒဏ်ချက်တွေ မူဝေ့မှုတွေရှိပေမယ့် မိသားစု စားဝတ်နေရေး အတွက် ခြံကို စိုးရိမ်၊ ကြောက်စိတ်နဲ့ ဆက်သွားနေရဆဲပါ။

“ နာကျင်၊ မူးဝေ့နေလဲဆက်သွားရမှာပဲ။ အလုပ်က မလုပ်ရင် ဘာနဲ့ သွားစားမလဲ ကြောက်ပေမယ့် သတိထားပြီး အလုပ်သွားနေရတာပေါ့” လို့ ဦးခေါင်းကို မိုင်းစထိတဲ့ အိုက်အေး က ပြောပါတယ်။

ကျေးလက်ဒေသနေ မိသားစုလိုက် မိုင်းစ ထိခဲ့တဲ့ အိုက်အေး မိသားစုဟာ ယနေ့ထိ ဆိုင်ကယ်လေးနဲ့ မိုင်းဒဏ်နာကျင်ပေမယ့် မိသားစု စားဝတ်နေရေးအတွက် ရှာဖွေရမှာဖြစ်တဲ့အတွက် တောင်ယာခြံကို ပြန်လည်ဝင်ရောက်လုပ်ကိုင်နေရပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article