Saturday, May 4, 2024

ကွတ်ခိုင်မြို့နယ် အတွင်းရှိ စစ်ရှောင်များ စားဝတ်နေရေး ပိုခက်ခဲ

Must read

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်ယုလေး နှင့် ဟိုခို စစ်ရှောင်စခန်းတွင်ရှိနေသည့် ပြည်သူများ စားဝတ်နေရေး ပိုခက်ခဲလာကြောင်း စုံစမ်းသိရှိရသည်။

ကွတ်ခိုင်မြို့နယ် အတွင်းရှိ စစ်ရှောင်များ စားဝတ်နေရေး ပိုခက်ခဲ

မိုင်းယုလေးစစ်ရှောင်စခန်းတွင် မတ်လ ကုန်ပိုင်းက စပြီး စာဝတ်နေရေးအတွက် ပုံမှန်လာရောက် လှူဒါန်းသည့် အလှူရှင် မရှိတော့ကြောင်း၊ လက်ရှိတွင် ဆေးခန်းများကို ပိတ်ထားသောကြောင့် ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် ခက်ခဲမှု ရှိနေကြောင်း သိရသည်။

“ ခုတလောက စားဝတ်နေရေးအတွက် ခက်ခဲမှုတွေရှိနေတယ်။ အရမ်းကို ခက်ခဲပါတယ်။ မတ်လကတည်းက ခုချိန်ထိ ကျနော်တို့ အတွက် ခါတိုင်းလာရောက်လှူတဲ့ အလှူရှင်တွေက မရှိတော့ဘူး။ ကိုဗစ်ကြောင့် လမ်းလည်း ပိတ်ထားတော့ ဘာအလုပ်မှလည်း လုပ်လို့ မရတော့ဘူး” ဟု စစ်ရှောင်စခန်းတွင် ရှိနေသည့် ပြည်သူတဦးက ပြောသည်။

မိုင်းယုလေး စစ်ရှာင်စခန်းတွင် မတ်လပိုင်းကစပြီး အလှူရှင်များမရှိသော်လည်း မကြာခဏ လူမှုအဖွဲ့စည်းက လာရောက် လှူဒါန်းပေးခဲ့သော်လည်း လုံလောက်မှုမရှိကြောင်းသိရသည်။

“ လူမှုအဖွဲ့စည်းက လာလှူပေးတာတော့ရှိတယ်။ ဆန်တွေ လာလှူပေးတယ်။ ဒါပေ့မဲ့ လုံလောက်မှုမရှိဘူးလေ။ (၁) လစာလောက်ဘဲ ရတယ်။ လူကများတယ်လေ” ဟု အထက်ပါလူက ပြောသည်။

အလားတူ ဟိုခို စစ်ရှောင်စခန်းတွင်ရှိနေသည့် စစ်ရှောင်စခန်းများသည် နေ့စား အလုပ်များ မရှိသောကြောင်း စားဝတ်နေရေးအတွက် ခက်ခဲမှုရှိနေကြောင်း သိရသည်။

“ အခုက စစ်ရှောင်းစခန်းမှာ နေ့စားအလုပ်ခေါ်တဲ့သူတွေက မရှိတော့ဘူး။ စားဝတ်နေရေးအတွက် ခက်ခဲနေကြရတယ်။ ဆေးတွေလည်း သိပ်မရှိဘူး။ ပါလာစီတမောပဲ ရှိတယ်” ဟု ဟိုခိုစစ်ရှောင်စခန်းတွင် ကူညီပေးနေသည့် အမျိုးသမီးက ပြောသည်။


လက်ရှိတွင် စစ်ရှောင်စခန်းတွင် လမ်းများ၊ ဂိတ်များကို ပြန်ဖွင့်ပေးသော်လည်း စစ်ရှောင်များက စခန်းမှ အပြင်သွားလာခွင့် မရသေးကြောင်း၊ ထို့အပြင် စစ်ရှောင်စခန်းတွင် ဆေးခန်းများပိတ်ထားသောကြောင့် ကျန်းမာရေးအတွက်ပါ စိုးရိမ် နေကြရကြောင်း သိရသည်။

“ အခုက လမ်းတွေ ပြန်ဖွင့်ပေးနေပြီ။ ဂိတ်လည်း ဖွင့်နေပြီ။ အပြင်သွားလာလို့ကမရဘူး။ အပြင်က လူတွေလာရင်တော့ လာလို့်ရပြီ။ ကျနော်တို့ ကော်မတီအဖွဲ့ဝင်ကနေပြီးတော့ ပေးမထွက်သေးဘူး။ အခုကကိုဗစ်ကာလလေ။ ဒီမှာက ဆေးခန်းလည်း ပိတ်ထားတယ်။ ဆေးလည်းမရှိဘူး။ ကျန်းမာရေးမကောင်းတဲ့သူတွေလည်းရှိတယ်” ဟု အထက်ပါ စစ်ရှောင်စခန်းက ပြည်သူတဦး ပြောသည်။

မိုင်းယုလေးကျေးရွာ အတွင်းရှိ စစ်ေရှောင်များသည် တအာင်းတပ်မတော် (TNLA)၊ ကချင်တပ် မတော် (KIA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသူများ ဖြစ်ပြီး၊ မိုင်းယုလေး စစ်ရှောင်စခန်းတွင် အိမ်ခြေ (၇၄) အိမ်ရှိပြီး လူဦးရေ ၄၂၀ ကျော်ရှိပြီး ဟိုခို စစ်ရှောင်စခန်းတွင် လူဦးရေ (၁၃၀) ဦးရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article