သျှမ်းပြည်တောင်ပိုင်းတွင် နေ့စဉ်စားသုံးမှုများသည့် အခြေခံအစားအစားတမျိုးဖြစ်သော ကြက်ဉစျေးနှုန်းသည် တလုံးလျှင် ကျပ်ငွေ ၈၀၀ ထိမြင့်တက်လာကြောင်း သတင်းရရှိသည်။
စစ်ကော်မရှင်သည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့်ကုန်ပစ္စည်းများကို ပိတ်ပင်လိုက်ပြီး ထိုထဲတွင် တိရိစ္ဆာန်မွေးမြူရေးသုံးပစ္စည်းများလည်း အပါအဝင်ဖြစ်သည်။
ထို့ကြောင့် ကြက်မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုသည့် အစာခြောက်များ၊ ကြက်ကာကွယ်ဆေးများ ရှားပါးလာပြီး တင်သွင်းလာသည့် ပစ္စည်းများလည်း စျေးနှုန်းမြင့်တက်လာမှုကြောင့် ကြက်ဉစျေးနှုန်းများလည်း မြင့်တက်လာကြောင်း တောင်ကြီးမြို့ ကြက်မွေးမြူရေး လုပ်ကိုင်သည့် ဒေါ်ခမ်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“သူတို့(စစ်ကော်မရှင်)က ကုန်ပစ္စည်းတွေကို ပိတ်လိုက်တဲ့နောက် ကြက်ကာကွယ်ဆေးတွေ ဈေးတက်တာ၊ ရှားလာတယ်။ ကြက်တွေက ဆေးမထိုးပေးနိုင်ရင် သေကြတယ်။ ကြက်စာခြောက်တွေကုန်ကြမ်းတွေစျေးတက်ရင် ကြက်ဉလည်း စျေးတွေတက်လာတာ” ဟု ဒေါ်ခမ်း ကဆိုသည်။
လက်ရှိ ကြက်မွေးမြူရေးအတွက် အသုံးပြုသည့် ကုန်ပစ္စည်းများပုံမှန်ရောက်ရှိခြင်းမရှိသည့်အပြင် ပစ္စည်းပြတ်လပ်မှုရှိလာနိုင်ကြောင်းလည်း ၎င်းကပြောသည်။
ထို့ကြောင့် ယခင်ကုန်ပစ္စည်း ပုံမှန်ဝင်ရောက်ခဲ့သည့်အချိန်တွင် ကြက်ခြံများမှ ကုမ္ပဏီသို့ ပို့သည့် ကြက်ဥတစ်လုံးလျှင် ၃၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ၄၅၀ နှင့် ၄၇၀ ကျပ်ဝန်းကျင်အထိ မြင့်တက်လာသည်။
ဆက်လက်ပြီး ကုန်စုံဆိုင်နှင့် စျေးထဲတွင် ရောင်းချနေသည့် လက်လီဈေးကွက်တွင် ယခင်က ၅၀၀ ကျပ်ဝန်းကျင်ရှိ ကြက်ဥဈေးနှုန်းသည် လက်ရှိတွင် ၇၀၀ ကျပ် မှ ၈၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်လာကြောင်း တောင်ကြီးမြို့ပေါ်နေ ပြည်သူများက ပြောဆိုလိုက်သည်။
ကြက်ဥဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အခြေခံစားသောက်ကုန်ကို အားထားနေရသည့် အိမ်ထောင်စုများ၏ နေ့စဉ်အသုံးစရိတ်အပေါ် ဖိအားပိုမိုဖြစ်လာကြောင်း တောင်ကြီးမြို့နေ နန်းအေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကြက်ဥတွေက ဈေးတွေတက်နေတာ။ အကြောင်းအမျိုးမျိုးကြောင့် ဈေးတွေတက်တော့ ပြည်သူတွေရဲ့ အသုံးစရိတ် အရင်ထက် နည်းနည်းပိုများလာတယ်။အခြေခံစား သောက်ကုန်ဖြစ်တဲ့ ကြက်ဥတောင် ဈေးတွေ ၇၀၀ ၊ ၈၀၀ လောက်ထိတက်နေတော့ အခြေခံလူတန်းစားတွေ အတွက်ဆိုရင် ဘယ်လိုလုပ်လဲ” ဟု နန်းအေး ကဆိုသည်။
လက်ရှိ တောင်ကြီးမြို့ ဈေးအတွင်း အတွင်းရောင်းချနေသည့် ကြက်ဥ လက်လီဈေးကွက်၌ ကြက်ဥ ၁၀ လုံးလျှင် ကျပ် ၆၀၀၀ ဝန်းကျင်ရှိနေပြီး တစ်ဆင့် ပြန်လည် ရောင်းချသည့် အိမ်ဆိုင်များတွင် ကြက်ဥတစ်လုံးလျှင် ကျပ် ၇၀၀မှ ကျပ် ၈၀၀ အထိ ရှိနေကြောင်း ၎င်းကပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်များအပါအဝင် ကုန်ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး အခြေခံလူတန်းစားများနှင့် အိမ်ထောင်စုများအပေါ် နေ့စဉ်အသုံးစရိတ် ဖိအားများ ပိုမိုမြင့်တက်လာ ဒေသခံများကပြောသည်။
စစ်ကော်မရှင်၏ သွင်းကုန်ပစ္စည်း ကန့်သတ်မှုကြောင့် တိရိစ္ဆာန်မွေးမြူရေး ကုန်ကြမ်းများ ပြတ်လပ်လာနိုင်ပြီး မွေးမြူရေးလုပ်ငန်းများ ပိတ်ဆိုင်းလိုက်ရသည့်အထိ ဖြစ်လာနိုင်ကြောင်းလည်း ကြက်မွေးမြူ သူများက ပြောဆိုလိုက်သည်။







Leave a Comments